Friday, March 26, 2010

နေ့ချင်းပြန် ရန်ကုန်-နေပြည်တော်လမ်းသစ်ကြောင့် ယာဉ်အဝင်အထွက် အဆင်မပြေမှုပိုများ

Fri 26 Mar 2010, ကွန်းချမ်း
မကြာခင်က ဖွင့်လှစ်ခဲ့သည့် ရန်ကုန်-နေပြည်တော် ၈ လမ်းသွား နေ့ချင်းပြန် အမြန်လမ်းသစ်ကြောင့် ခရီးသည်တင်ယာဉ်များ ယာဉ်ထွက်ချိန် ပြောင်းလဲခဲ့ရခြင်းကြောင်း အဆင်မပြေမှုပိုများနေသည်။

နေပြည်တော်လမ်းဟောင်းနှင့် ယှဉ်လျှင် လမ်းသစ်က ခရီးစဉ်တိုတောင်းသည့်အတွက် ခရီးသည်တင်ယာဉ် ပိုမိုပြေးဆွဲကြသည်။ လမ်းသစ်အတိုင်းပြေးဆွဲမည့်ယာဉ်များအတွက် ယာဉ်အဝင်အထွက် ပြေးဆွဲသည့်အချိန်သည်လည်း ပြောင်းလဲသွားသည့်အတွက် စီးနင်းလိုက်ပါသူခရီးသည်များ အဆင်မပြေဖြစ်နေကြသည်။

လမ်းဟောင်းအတိုင်းသွားမည်ဆိုပါက အနည်းဆုံး ၈ နာရီ ကြာမည်ဖြစ်ပြီး၊ အသစ်ဖွင့်လှစ်လိုက်သည့် လမ်းသစ်သည် ၅ နာရီ မိနစ် ၃၀ ခန့်သာ မောင်းနှင်ရသည့်အတွက် ယာဉ်မောင်များ အဆင်ပြေနေကြသည်။ သို့သော် ယာဉ်အဝင်အထွက် စောလွန်းခြင်း၊ နောက်ကျလွန်းခြင်းတို့ကြောင့် ခရီးသည်များအတွက် အခက်အခဲဖြစ်ကြသည်။

“လမ်းသစ်အတိုင်းသွားမယ်ဆိုရင် ယာဉ်ထွက်ချိန်က ည ၁၀ နာရီနဲ့ ၁၁ နာရီဖြစ်နေတော့ ကားဂိတ်မှာ လာစောင့်နေရတဲ့ ခရီးသည်တွေအတွက် ခရီးမထွက်ခင်ကတည်းက ပင်ပန်းနေပါပြီး၊ အိမ်ကနေလာရင် ညပိုင်းဖြစ်တော့ တက္ကစီခက ပိုပေးရတယ်၊ နေပြည်တော်ရောက်တာက လမ်းဟောင်းတုန်းကလိုပဲ မနက် ၄ နာရီ၊ ၄ နာရီခွဲလောက်မှာ ရောက်ပါတယ်” လို့ ရန်ကုန်မှ နေပြည်တော်သို့ ခရီးသွားခဲ့သူတစ်ဦးက ပြောသည်။

နေပြည်တော်မှ ရန်ကုန်သို့ ပြေးဆွဲသည့်ကားများအတွက် ညနေ ၆ နာရီမှာ စထွက်ပြီး၊ ရန်ကုန်သို့ ညသန်းခေါင်ယံ ၁၂ နာရီမှ ဆိုက်ရောက်သည်။ တခါတလေနောက်ကျမှရောက်သည့်ကားများကြောင့် ခရီးသည် ပိုမိုဒုက္ခရောက်ရသည်။

“ကားရောက်နောက်ကျတော့ တချို့အဆောင်မှာနေတဲ့သူတွေက အဆောင်ထဲဝင်လို့မရတော့ဘူး၊ နယ်ကလာတဲ့သူတွေဆိုရင်လည်း တည်ခိုခန်းခ ထပ်ကုန်ရအုံးမယ်” လို့ အထက်ပါခရီးသည်က ပြောသည်။

ရန်ကုန်မှ နေပြည်တော်သို့ ပြေးဆွဲနေသည့် ကားဂိတ်ကို မေးကြည့်ရာမှာ “လမ်းသစ်မှာ ပြေးဆွဲမယ့်ယာဉ်တွေအတွက် ဒီလိုအချိန်တွေသာ သတ်မှတ်ထားပါတယ်၊ လမ်းသစ်က ခရီးနည်းနည်းတိုတော့ ယာဉ်ဒီလိုထွက်မှပဲ ခရီးသည်အတွက် ပိုအဆင်ပြေမယ်” လို့ ပြောသည်။

ရန်ကုန်-နေပြည်တော်သို့ လမ်းသစ်ဖြင့် နေ့ချင်းပြန်သွားရမည်ဆိုသော်လည်း ရန်ကုန်မှ နံနက်စောထွက်သည့်ကားသည် နေပြည်တော်သို့ နေ့လည်အချိန်မှာရောက်ရှိသည်။ တချို့ရုံးကိစ္စသွားသူများအတွက် အချိန်ပိုယူရသည်။ နေပြည်တော်မှ ရန်ကုန်သို့ လမ်းသစ်ပဲဖြစ်ဖြစ်၊ လမ်းဟောင်းပဲဖြစ်ဖြစ် ညပိုင်းမှ ကားများထွက်ကြသည့်အတွက် လမ်းသစ်မှ အချိန် ၂ နာရီ တိုတောင်သည်ကလွဲပြီး ထူးခြားမှုမရှိသည့်အပြင် ယာဉ်အဝင်အထွက် ပိုနောက်ကျတာ၊ ပိုမိုစောလွန်းတာကြောင့် ခရီးသွားများ စိတ်ကသိကအောင့်ဖြစ်နေကြသည်။

0 comments:

Post a Comment