Wednesday, March 31, 2010

မွန် ၁၅ ဦးကော်မတီလည်း နိုင်ငံရေးပါတီ ဖွဲ့စည်းမည်မဟုတ်

Wed 31 Mar 2010, လွတ်လပ်သောမွန်သတင်းအေဂျင်စီ
နိုင်ငံရေးပါတီ ဖွဲ့စည်းပြီး ရွေးကောက်ပွဲဝင်မည်ဟု ကောလဟာလများ ထွက်ပေါ်ခဲ့သော်လည်း (၁၅) ဦးကော်မတီမှ နိုင်ငံရေးပါတီ ဖွဲ့စည်းမည် မဟုတ်ကြောင်း ယမန်နေ့က နာယက (၅) ဦး အပါအဝင် ကျင်းပခဲ့သည့် အစည်းအဝေးတွင် ပြတ်သားသည့် ဆုံးဖြတ်ချက် ချခဲ့သည်။

“ကျနော်တို့ကော်မတီဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အစကတည်းက လက်မခံခဲ့ဘူး၊ ၂၀၁၀ ရွေးကောက်ပွဲကိုဆီကို ဆက်သွားဖို့ဆိုတာလည်း လုံးဝမဖြစ်နိုင်တော့ဘူး၊ မနေ့က အစည်းအဝေးမှာတော့ နိုင်ငံရေးပါတီ ဖွဲ့စည်းမှာ မဟုတ်ဘူးဆိုတာ ပြတ်ပြတ်သားသားပဲ ဆုံးဖြတ်ခဲ့တယ်” ဟု ၁၅ ဦးကော်မတီမှ ကော်မတီဝင်တစ်ဦးက ပြောသည်။

လက်ရှိ အခြေအနေအရပ်ရပ်ကို သုံးသပ်ပြီး၊ ၁၅ ဦးကော်မတီအနေနှင့် အခြားတိုင်းရင်းသားပါတီကဲ့သို့ နိုင်ငံရေးပါတီ ဖွဲ့မည်မဟုတ်ဟု ဆုံးဖြတ်ခဲ့ကြသည်။

သို့သော် ၁၅ ဦးကော်မတီဝင်အချို့က မွန်အမျိုးသားကိုယ်စားပြု နိုင်ငံရေးပါတီတခု ရှိသင့်ကြောင်းနှင့် ရွေးကောက်ပွဲတွင်လည်း ပါဝင်သင့်ကြောင်း အမြင်ကွဲပြားမှုများ ရှိနေသည်ဟု ၄င်းက ဆက်ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် မွန်အမျိုးသားများကို ကိုယ်စားပြုမည့် နိုင်ငံရေးပါတီ ရှိသင့် မရှိသင့်နှင့် ပတ်သက်၍ ပြည်တွင်းရှိ မွန်ခေါင်းဆောင်တချို့ ၊ မွန်ပြည်သစ်ပါတီဝင်ဟောင်း၊ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ဝင်နှင့် အငြိမ်းစားအစိုးရဝန်ထမ်းများ စုပေါင်းကာ ထို ၁၅ ဦးကော်မတီကို လွန်ခဲ့သည့် ဇွန်လ ၂၉ ရက်နေ့တွင် ကျရောက်သည့် မွန်ပြည်သစ်ပါတီနှင့် မြန်မာစစ်အစိုးရတို့ အပစ်အခတ်ရပ်စဲထားသည့် ၁၄ နှစ်ပြည့်နေ့တွင် ဖွဲ့စည်းထားသည်။

မကြာသေးမီက စစ်အစိုးရမှ ထုတ်ပြန်ခဲ့သည့် ရွေးကောက်ပွဲဥပဒေအပေါ် (၁၅) ဦးကော်မတီတို့က အပြန်အလှန်ဆွေးနွေးပြီ ရွေးကောက်ပွဲဝင်ရေး မဝင်ရေးကို အဆုံးအဖြတ် ပေးနိုင်ရန်အတွက် ပထမအကြိမ်အစည်းအဝေး ကျင်းပခဲ့သော်လည်း ထိုအစည်းအဝေးမှ ဆုံးဖြတ်ချက်တစုံတရာ မထွက်ခဲ့ပေ။

မွန်နိုင်ငံရေးပါတီများ ဖြစ်သော မွန်ပြည်သစ်ပါတီနှင့် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့တို့က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခြင်း မရှိလျှင် ၂၀၁၀ ရွေးကောက်ပွဲကို ဝင်မည်မဟုတ်ကြောင်း ထုတ်ပြန်ကြေငြာထားခဲ့ပြီး ဖြစ်သည်။

မလေးရှားရောက် အလုပ်သမားများ အဖမ်းအဆီးကြမ်းခြင်းနှင့် ရင်ဆိုင်နေရ

Wed 31 Mar 2010, မင်းတော်လဝီ
မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြသည့် ရွေ့ပြောင်းအလုပ်သမားများ ပိုမိုဖမ်းဆီးနေပြီး၊ အထူးသဖြင့် မြန်မာအလုပ်သမားများ နေထိုင်များသည့်နေရာတွေမှာ အဖမ်းအဆီးကြမ်းနေသည်။

“ကွာလာလမ်ပူမြို့ပေါ်ရှိ ကိုတာရာယာ ရပ်ကွက်မှာဆိုရင် မြန်မာနိုင်ငံသား အလုပ်သမားတွေပဲ များတယ်၊ အဲဒီနေရာကိုပဲ အဓိကထား လာဖမ်းနေတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အဲဒီနေရာဟာ ဗမာပြည်ကလာဖွင့်ထားတဲ့ ရွှေဆိုင်တွေ စားသောက်ဆိုင်၊ စတိုးဆိုင်တွေရှိတယ်ဆိုတော့ ဗမာပြည်သားတွေလည်း တော်တော်များတယ်” ဟု ထိုရပ်ကွက်ရှိ စတိုးဆိုင်တဆိုင်မှာ အလုပ်လုပ်နေသည့် မြန်မာအလုပ်သမား ကိုမင်းသူက ပြောသည်။

ယခင်က မလေးရှားနိုင်ငံတွင် အလုပ်လုပ်နေကြသည့် တရားမဝင်ရွေ့ပြောင်းအလုပ်သမားများကိုသာ ဖမ်းဆီးလေ့ရှိသော်လည်း ယခုနောက်ပိုင်း တရားဝင်ဖြင့် အလုပ်လုပ်နေသူများကိုလည်း အော်ပရာစီအဖွဲ့တို့က ဖမ်းဆီးနေကြသည်။

“အဖမ်းအဆီးက အမြဲတမ်းတော့ ရှိတက်ပေမယ့်၊ ဒီမတ်လ ၂၇ ရက်နေ့ စနေနေ့မှာပေါ့ အဖမ်းအဆီးက တော်တော်ကြမ်းတယ်၊ ရွှေဆိုင်လိုမျိုး၊ စတိုးဆိုင်လိုမျိုးတွေကို အတင်းဝင်ပြီး၊ မွှေနှောက်ရှာဖွေဖမ်းတယ်၊ ခါတိုင်းဆို လမ်းသွားလမ်းလာတွေကိုပဲ မေးမြန်းဆွဲခေါ် ဖမ်းတာပဲရှိတယ်၊ စနေနေ့ဆိုတော့ ဈေးဝယ်ထွက်သူတွေ ငွေလဲသူတွေ အပြင်ထွက်သူများနေတော့ အများဆုံးအဖမ်းခံရတယ်၊ အဲဒီတစ်ရက်ထဲကိုပဲ လူ ၄၀၀ လောက်ဖမ်းသွားတယ်၊ ဗမာတွေ အများကြီးပါတာပေါ့” ဟု ကိုတာရာယာရပ်ကွက်တွင် စားသောက်ဆိုင်ဖွင့်ထားသည့် မြန်မာအမျိုးသမီးတစ်ဦးက ပြောသည်။

ထိုသို့အဖမ်းဆီးခံရသူများကို (KIA camp) သို့ခေါ်ဆောင်သွားပြီး၊ ထိုရောက်မှသာ ပတ်စပို့စ်ပြနိုင်သူများကို ပြန်လွှတ်ပေးပြီး၊ တရားဝင်နေထိုင်သူဖြစ်ကြောင်း သက်သေခံတစုံတရာမရှိသူများကို ထိုစခန်းတွင် ဆက်လက်ချုပ်နှောင်ထားသည်။

“ဒီလထဲမှာဖမ်းတာ ဆီးတာ နည်းနည်းတော့ စိပ်လာတယ်၊ ၁၅ ရက် ၁၈ ရက်နေ့တုန်းကလည်း စက်ရုံ အလုပ်ရုံတွေမှာဝင်ဖမ်းတယ်၊ ဖမ်းပြီးတော့ လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ အရေးယူပြီး အချုပ်ခန်းထဲမှာ ထည့်ထားတယ်၊ တချို့နှစ်လလောက်ချုပ်ထားပြီးတော့ ပွဲစားကနေတဆင့် မလေးရှား ရင်းဂစ် ၃၀၀၀ နဲ့ရွေးထုတ်ရတယ်” ဟု မလေးရှားရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်ပေးနေသူတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံသားအပါအဝင် နိုင်ငံခြားသား ရွေ့ပြောင်းအလုပ်သမားများ ဖမ်းဆီးရာမှာ ပတ်စပို့စ်ပဲရှိရှိ ယူအန်ကဒ်ပဲကိုင်ကိုင်အားလုံးဖမ်းတာပဲ၊ တချို့အလုပ်သမားတွေ အလုပ်ရှင်က ပတ်စပို့စ် သိမ်းထားတော့ ခိုင်လုံသည့်အထောက်အထားမပြနိုင်လို့ အဖမ်းခံရပြီး၊ ရဲစခန်းရောက်ပြီးမှ ပြန်လည်လွတ်မြောက်လာသည်ဟု မလေးရှားတွင် တရားဝင် နေထိုင်သူတစ်ဦးက ပြောသည်။

ယခုလို မလေးရှားနိုင်ငံမှာ အဖမ်းအဆီးကြမ်းတမ်းလာနေရခြင်းမှာ မတ်လ ၂၇ ရက်နေ့က ကွာလာလမ်ပူလေဆိပ်မှာ လူမှောင်ခိုကူးခံရသည့် မြန်မာနိုင်ငံသား ၄ ယောက်အပါအဝင် နိုင်ငံခြားသား ၁၆ ယောက်တို့က လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းစခန်းမှာ ထိန်းချုပ်ထားရာမှ ထွက်ပြေးသွားသောကြောင့် ယခုလို အဖမ်းအဆီးပိုမို ကြမ်းတမ်းလာနေကြောင်း မလေးရှားတွင် အလုပ်လုပ်နေကြသည့် ရွေ့ပြောင်းအလုပ်သမားတို့က ပြောသည်။

Tuesday, March 30, 2010

လေပြင်းတိုက်ခြင်းကြောင့် ဘန်တောင်ယန်ဒုက္ခသည်စခန်းတွင် အိမ် ၄၀ ကျော် ပျက်စီးမှုရှိ

Tue 30 Mar 2010, လွတ်လပ်သောမွန်သတင်းအေဂျင်စီ
ထိုင်း-မြန်မာနယ်စပ် စံခလဘူရီခရိုင် နယ်မြေရှိ ဘန်တောင်ယန်ဒုက္ခသည်စခန်းမှာ ယမန်နေ့ နေ့လည် ၂ နာရီခန့်က လေပြင်းတိုက်ခတ်ခြင်းကြောင့် အိမ် ၄၀ ကျော် ၅၀ နီးပါးပျက်စီးသွားသည်။

“မနေ့ ၂ နာရီလောက်မှစဖြစ်တာ အစကတော့ မိုးပဲရွာတယ်၊ သာမာန်မိုးရွာသလိုမျိုးတော့မဟုတ်ဘူး၊ မိုးသီးကြွေသလိုဖြစ်တယ်၊ ကလေးတွေကလည်း အဲဒါကို လိုက်ကောက်ကစားနေတာပေါ့၊ ပြီးမှ လေက တိုက်လာတယ်၊ ပြင်းတော့ ပြင်းတာပဲ” ဟု ဘန်တောင်ယန်ဒုက္ခသည်စခန်းမှ မွန်ဒုက္ခတစ်ဦးက ပြောသည်။

ထိုလေပြင်းတိုက်ခတ်ခြင်းကြောင့် မွန်ဘက်ကမ်းမှ အိမ်တစ်လုံးပြိုသွားပြီး၊ နှစ်လုံးအနည်းငယ်ပျက်စီးသွားသည်။ ကရင်ကျေးရွာဘက်ကမ်းမှာ ပျက်စီးမှုပိုများပြီး စုစုပေါင်း အိမ်ခြေအလုံး ၅၀ နီးပါး ပျက်စီးသွားသည်။ အနီးအနားတဝိုက်ရှိ လူအများစုက အချိန်မီတိမ်းရှောင်နိုင်ခြင်းကြောင့် အနည်းငယ်ထိရှသည်မှလွဲပြီး ထိခိုက်မှုမရှိကြောင်း ၄င်းက ပြောသည်။

ထိုလေပြင်းတိုက်ချိန်သည် ၁၅ မိနစ် ကျော်ကျော်သာရှိပြီး မိုးရော လေပါ တပြိုင်တည်း တိုက်ခတ်သည်။ အိမ်ပျက်စီးမှုများသာမက အနီးအနားတဝိုက်ရှိ သစ်ပင်ကြီးများလည်း ပြိုလဲမှုရှိနေကြောင်း ၄င်းက ပြောသည်။

ဘန်တောင်ယန်ဒုက္ခသည်စခန်းသည် စံခလဘူရီမြို့မှ (၃၁) ကီလိုမီတာ ကွာဝေးပြီး ဒုက္ခသည်ပေါင်း (၄၃,၀၀၀) ကျော်ရှိသည်။

လက်ရှိအခြေအနေအရ အိမ်ဆုံးရှုံးသွားသူများမှာ အိမ်နီးနားချင်းရှိ အိမ်တွေမှာ စုပေါင်းနေထိုင်နေကြရပြီး၊ အသစ်ထပ်ဆောက်ရန်အတွက် ဒုက္ခသည်စခန်းမှ တာဝန်ရှိသူတို့က အထက်ကို တင်ပြပြီးမှသာလျှင် ပြန်လည်စီစဉ်ပေးနိုင်မည်ဖြစ်သည်။

“ကရင်ကျေးရွာဘက်ကမ်းမှာ တော်တော်ပျက်စီးမှုရှိတယ်၊ အိမ်တွေရော နောက်ပြီးတော့ ဆန်တွေ လှောင်ထားတဲ့ ဂိုဒေါင်တွေလည်း ပြိုတယ်၊ မိုးရော လေရောပဲ မနေ့က၊ လူတွေ ထိတာတော့မရှိပါဘူး” ဟု တခြား မွန်ဒုက္ခသည်တစ်ဦးက ပြောသည်။

ထိုင်း-မြန်မာနယ်စပ်တလျှောက်တွင် ဒုက္ခသည်စခန်း ၉ ခုရှိပြီး နယ်စပ်တလျှောက် ကူညီစောင့်ရှောက်ရေးညွန့်ပေါင်းအသင်း (TBBC) ၏ ၂၀၀၇ ခုနှစ် အချက်အလက်အရ ဒုက္ခသည်ပေါင်း တစ်သိန်း ၃ သောင်းကျော်ရှိသည်။

ဘန်တောင်ယန်ဒုက္ခသည်စခန်းအတွင်း နေထိုင်နေကြသည့် ဒုက္ခသည်တို့၏ ကျန်းမာရေးကို အေအာစီ (American Relief Committee) ကျန်းမာရေးဆိုင် အကူအညီပေးအဖွဲ့တို့မှ ကူညီစောင့်ပေးနေသည်။

မွန်ပြည်ပြန်လည်ထူထောင်ရေးပါတီမှ တပ်သားများ တဖွဲဖွဲအနားယူ

Tue 30 Mar 2010, အာကာ
မွန်ပြည်ပြန်လည်ထူထောင်ရေးပါတီ (MRP) မှ တပ်သားများ တပ်တွင်း မကျေလည်မှုများကြောင့် တဖွဲဖွဲ အနားယူနေကြကြောင်း ထိုပါတီနှင့် နီးစပ်သူများက ပြောသည်။

“ကျနော်တို့တပ်မှာ ရာထူးရထားကြတဲ့ သူတွေ တပ်ရေးရာနဲ့ ပတ်သက်တဲ့ သဘောတရားကို နားလည်တာ နည်းတယ်၊ အပြောကတော့ ကောင်းကြတယ် ပြတ်သားကြတယ်၊ ဒါပေမယ့် အလုပ်လုပ်တဲ့ နေရာမှာတော့ မပြတ်သားကြဘူး၊ တပ်သားတွေနဲ့ ပြေပြေပြစ်ပြစ် ဆက်ဆံတာ မရှိကြဘူး၊ ဒါ့ကြောင့် တပ်ထဲကနေ တဖွဲဖွဲ ထွက်နေကြတယ်” ဟု မကြာခင်က ထိုပါတီမှ အနားယူခဲ့သည့် တပ်စိပ်မှူးတစ်ဦးက ပြောသည်။

ယခု ၂၅ ရက်နေ့တွင် တပ်စိပ်မှူးအပါအဝင် တပ်သား ၅ ဦးနှင့် ၂၆ ရက်နေ့တွင် တပ်သား ၂ ဦး ပါတီမှ အနားယူပြီး နယ်စပ်မှတဆင့် ထိုင်းနိုင်ငံ စူရတ်ဌာနီသို့ ရောက်ရှိလာကြကြောင်း ဒေသခံများက ပြောသည်။

“မကြာခင်ကပဲ ကျနော်တို့ ရှေ့တန်း ထွက်ကြတယ်၊ ရှေ့တန်းက ပြန်ရောက်လာတော့ တပ်မှူးတွေက ကျနော်တို့အပေါ် ပြုမူဆက်ဆံတာတွေကို ဌာနချုပ်မှာ ပြန်တင်ပြတယ်၊ ဌာနချုပ်က ကျနော်တို့ တင်ပြတာတွေကို နားမထောင်ဘူး၊ ဒီလိုဆို ကျနော်တို့ ရှေ့ဆက်ပြီး အလုပ်လုပ်လို့ မဖြစ်တော့ဘူးလို့ အချင်းချင်း တိုင်ပင်ပြီး ပါတီက ထွက်လာတာပါ” ဟု စူရာတ်သို့ရောက်ရှိလာသည့် တပ်သားတစ်ဦးက တပ်မှထွက်ခွာခဲ့ရသည့် အကြောင်းကို ပြောသည်။

ယခင်ကတပ်သားအင်အား ၁၅၀ ဝန်းကျင်ရှိရာမှ ယခုတပ်သားအင်အား ၅၀ ခန့်သာ ကျန်ရှိတော့ကြောင်း ပါတီဝင်တစ်ဦးက ပြောသည်။

နိုင်ပန်းညွန့် (ယခင် ဗိုလ်မှူးကြီးဟောင်း မွန်အမျိုးသားလွတ်မြောက်ရေး တပ်မတော်၊ မွန်ပြည်သစ်ပါတီ) ဦးစီးသည့် မွန်ပြည်ပြန်လည်ထူထောင်ရေးပါတီသည် တနင်္သာရီတိုင်း ထိုင်း-မြန်မာနယ်စပ်တွင် အခြေစိုက်ပြီး၊ တပ်သားအင်အား လျှော့နည်းခြင်း၊ ထိုင်းနယ်ခြားစောင့်တပ်၏ ဖိအားပေးခြင်းနှင့် ရင်ဆိုင်နေရသည်။

ယခင်က မွန်ပြည်ပြန်လည်ထူထောင်ရေးပါတီ ဗဟို၏ တည်ရာသည် ထိုင်းနယ်စပ်နှင့် အလွန်နီးကပ်စွာ တည်ရှိပြီး မကြာမီကပင် ထိုင်းနယ်ခြားစောင့်တပ်မှ တပ်တည်ခွင့်ကို နယ်စည်းခြားမျဉ်းနှင့် ၁၀ ကီလိုမီတာအပြင်ဘက်တွင်သာ ထားရှိရန် ဖိအားပေးခဲ့သည်။

မယ်လဒုက္ခသည်စခန်းအတွင်း ပထမဆုံးအကြိမ် မွန်စာပေသင်ကြား

Tue 30 Mar 2010, ခတ္တာနန်း
ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်းအတွင်း မွန်စာနှင့် မွန်ယဉ်ကျေးမှု အကသင်တန်းကို ပထမဆုံးအကြိမ်အဖြစ် မတ်လပထမအပတ်မှ စတင်ဖွင့်လှစ်ခဲ့သည်။

ထိုသင်တန်းမှာ မွန်စာပေ၊ မွန်သမိုင်း၊ မွန်စကားအပြင် မွန်ယဉ်ကျေးမှုအပိုင်းဆိုင်ရာ အဆို၊ အကလည်းပါဝင်ကြောင်း၊ သင်တန်းမှာ ကျောင်းသာဦးရေး ၂၀ ကျော်ရှိပြီး၊ သင်တန်းကာလကို သုံးလတိတိ ဖွင့်လှစ်သွားမည် ဖြစ်သည်။

“သင်ကြားဖို့အတွက် ဆရာသုံးယောက်ရှိတယ်၊ လခတော့မရှိဘူး၊ အာလုံးက စေတနာနဲ့ပဲ သင်ကြားပေးနေတယ်၊ ကျောင်းသားတွေကတော့ သူငယ်တန်းမှာ ၁၀ ယောက်၊ ပထမတန်းမှာ ၇ ယောက်၊ ဒုတိယတန်းမှာ ၅ ယောက် အားလုံး ၂၃ ယောက်ရှိတယ်၊ သင်တန်းစစဖွင့်မှာတော့ ကရင်ကလေးတွေလည်းပါတယ်၊ နောက်ပိုင်းတော့ ထွက်လိုက်ကုန်” ဟု ထိုသင်တန်းဖြစ်မြောက်ရန်အတွက် ဦးဆောင်ခဲ့သူ နိုင်ကောင်းမနိမ့်က ပြောသည်။

ကလေးများသွားလာရေးအဆင်ပြေစေရန်အတွက် သင်တန်းဆရာများက သင်တန်းသားရှိရာနေရာသို့ ကိုယ်တိုင်သွားရောက်သင်ကြာပေးနေရခြင်းကြောင်း သင်ကြားရမည့်နေရာ နှစ်နေရာဖြစ်သွားသည်ဟု ၎င်းက ဆက်ပြောသည်။

“ကိုယ့်စာပေ ပျောက်သွားရင် ကိုယ့်လူမျိုးလည်း ပျောက်သွားနိုင်တယ်၊ မွန်တော်တော်များများက မွန်စာကို မတတ်ကြဘူး၊ မွန်လူမျိုးတယောက်ဟာ မွန်စာမတက်ပဲနဲ့ ဘယ်လိုလုပ် မွန်လူမျိုးလို့ ပြောရမှာလည်း၊ ဒါ့ကြောင့် ကျနော့်ခလေးတွေကို ဘယ်နေရာပဲရောက်ရောက်၊ ဘယ်မှာပဲနေနေ မွန်စာ၊ မွန်သမိုင်းကို မမေ့အောင်တော့ သင်ပေးသွားရမှာပဲ၊ အခုလို မွန်စာသင်ပေးတဲ့ သင်တန်းကျောင်းပေါ်လာတာဟာ အရမ်းကို ဝမ်းသာ ဂုဏ်ယူမိတယ်ဗျာ” ဟု မယ်လဒုက္ခသည်စခန်းရှိ ကျောင်းသားဖခင်တစ်ဦးဖြစ်သူ ဦးခင်မောင်က ပြောသည်။

ယခုခေတ်မွန်လူမျိုးများလည်း မိမိတို့၏ စာပေထက် ဗမာစာပေကိုသာ ပိုမိုစိတ်ဝင်စားကြကြောင်း၊ မွန်စာတတ်မြောက်မှုနည်းပါကြောင်း၊ စစ်အစိုးရသည်လည်း တိုင်းရင်းသားစာပေးများအား ပျောက်ပျက်သွားအောင်နည်းအမျိုးမျိုးဖြင့် ဆောင်ရွက်နေကြောင်း ၎င်းက ဆက်ပြောသည်။

မယ်လဒုက္ခသည်စခန်အတွင်း၌ မွန်မိသားစု ၃၄ စုရှိပြီး၊ စုစုပေါင်းလူဦးရေ ၁၂၂ ဦးရှိကာ ၁၅ နှစ်အောက်ကလေး ၂၅ ယောက်နှင့် ၅ နှစ်အောက်ကလေး ၇ ယောက်ရှိသည်။

ယခုလို နွေရာသီဝင်ရောက်လာချိန်မှာ မွန်ပြည်နယ်အတွင်းရှိ မွန်များသာမက တိုင်းတပါးရောက် မွန်လူမျိုးများမှာလည်း ဒေသအလိုက် မွန်စာပေသင်ကြားရန်အတွက် မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီတို့မှ တိုက်တွန်းနှိုးဆော်ထားသည်။

Monday, March 29, 2010

တော်လှန်ရေးနေ့နှင့် မတ်လ ၂၉ ရက်နေ့ထုတ်ပြန်မည့် အန်အယ်လ်ဒီ ကြေငြာချက်တို့ကြောင့် လုံခြုံရေးတင်းကြပ်ထား

Mon 29 Mar 2010, ကွန်းချမ်း
NLD ရုံးချူပ်တွင် ကျင်းပမည့် တော်လှန်ရေးနေ့အခမ်းအနားအတွက် ရန်ကုန်မြို့တွင်း မြိုပြင် တလျောက် လုံခြုံရေးများ အထူးတင်းကြပ်ထားသည်။

ယခင်နှစ်နှင့်မတူသည်မှာ NLD အနေနှင့် အရေးကြီးသော ဆုံးဖြတ်ချက်တခုခုကို မကြာမီရက်ပိုင်းအတွင်း ဗဟိုအမှုဆောင်အဖွဲ့ဝင်များ နယ်မှအဖွဲ့ဝင်များ စုံစုံလင်းလင်း တက်ရောက်ဆွေးနွေး ဆုံးဖြတ်ချက်ချမှတ်တော့မည်ဖြစ်သည့်အတွက် စစ်အစိုးရက်ဖက်မှ ယခုလို လုံခြုံရေး အထူးတင်းကြပ်ခြင်း ဖြစ်သည်။

လုံခြုံရေးဝန်ထမ်းများအဖြစ် ဝတ်စုံပြည့် ရဲနှင့် ရဲကားများ၊ မီးသတ်ကားများ၊ ပြည်ခိုင်ဖြိုးနှင့် စွမ်းအားရှင်အဖွဲ့ဝင်များကို NLD ရုံးချုပ်အနားတဝိုက်နှင့် လမ်းဆုံလမ်းခွများ၊ မြို့တော်ခန်းမနှင့် လူစည်ကားရာနေရာများမှာ နေရာယူထားကြသည်။

ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်တရားရုံး၌ အမှုစစ်ဆေးစဉ်က စတင်အရေးပါလာသော အမျိုးသမီးစွမ်းအားရှင်များလည်း ပြည်လည်အရေးပါလာပြီး နေရာတချို့တွင် ပါဝင်နေရာယူထားသည်ကိုလည်း တွေ့ရသည်။

မတ်လ ၂၇ ရက်နေ့က ကျင်းပခဲ့သော တော်လှန်ရေးနေ့အခမ်းအနားကြီးကို အန်အယ်လ်ဒီအဖွဲ့ဝင်များ စိတ်အားထက်သန်စွာ တက်ရောက်ခဲ့ကြသည်။ ထိုအခမ်းအနားသို့ တက်ရောက်ခဲ့သူတစ်ဦးက ယခုတက်ရောက်လာသူများတွင် အရးပါသည့် ပုဂ္ဂိုလ်များသာမက နိုင်ငံရေးစိတ်အားထက်သန်သည့် မျိုးဆက်သစ်လူငယ်များပါ တက်ရောက်ကြသည်။

၎င်းက “အဖွဲ့ဝင်တွေကို စည်းစည်းလုံးလုံ အခုလိုပြန်တွေ့တော့ ကျနော့်အနေနဲ့ တကယ့်ကို ဝမ်းသာအားရ ဖြစ်ရပါတယ်။ ဝမ်းနည်းစရာကောင်းတာ တခုကတော့ တကယ်လို့ ကျနော်တို့ပါတီသာ ရွေးကောက်ပွဲအတွက် မှတ်ပုံမတင်ဖြစ်ရင်တော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ နိုင်ငံရေးးပါတီများမှတ်ပုံတင် ဥပဒေအရ ပါတီပျက်ပြယ်သွားမှာဖြစ်တယ်၊ ပါတီအနေနဲ့ ဒီလိုအခမ်းအနားမျိုးလည်း ကျင်းပခွင့်ထပ်ရမှာ မဟုတ်တော့ဘူး” ဟု ပြောသည်။

တက်ရောက်လာသူအများစုက ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ပွဲအတွက် မှတ်ပုံမတင်ရေးသည်သာ အကောင်းဆုံး လက်ခံထားရမည့်ခံယူချက်အဖြစ် ယုံကြည်ထားကြပြီး မှတ်ပုံတင်ချင်သော အဖွဲ့ဝင်တချို့လည်းရှိနေသည်။

ထိုအခမ်းအနားမှာ မကွေးတိုင်း အန်အယ်လ်ဒီအဖွဲ့ဝင်များက မှတ်ပုံမတင်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း အခမ်းအနားတက်ရောက်ခဲ့သူတစ်ဦးက ပြောသည်။

တော်လှန်ရေးနေ့အခမ်းအနားကျင်းပချိန်မှာ် လုံခြုံရေးများ ထူထူထပ်ထပ် ချထားလေ့ရှိပြီး၊ မတ်လ ၂၉ ရက်နေ့တွင် ထုတ်ပြန်မည့် ကြေညာချက်များက မြန်မာစစ်အစိုးရအတွက် ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်နေပါသည်။ ထိုအတွက်ကြောင့် ၄င်းတို့အနေဖြင့် အသင့်ပြင်ထားသော သဘောလည်း ဖြစ်သည်။

မြို့တွင်း၊ မြို့ပြင်များတွင်လည်း မော်တော်ယာဉ်အစီးရေ ၁၀ မှ ၂၀ အထိရှိသော ရဲကားများ စီတန်းလှည့်လည်နေသည်။ ၄င်းအပြင် မယကနှင့် ရယကရုံးများတွင်လည်း သူတို့ဘက်မှ လူများစုရုံးနေပြီး၊ ပြည်သူများကလည်း မတ်လ ၂၉ ရက်နေ့တွင် ထုတ်ပြန်မည့် အန်အယ်လ်ဒီဆုံးဖြတ်ချက်ကိုလည်း စိတ်ဝင်တစား စောင့်မျှော်နေကြသည်။

ကလေးသုံးဦးနှင့် ၄င်းမိခင် အသတ်ခံရ

Mon 29 Mar 2010, ခတ္တာနန်း
မွန်ပြည်သစ်ပါတီလက်အောက် ရေးမြစ်ဖျားဒေသရှိ ဖလမ်းရွားအနီးတွင် အသက် ၂၇ နှစ်အရွယ် ကလေးသုံးယောက်မိခင် မထွေးသည် ၄င်း၏ကလေးသုံးယောက်နှင့်အတူ ဓါးနှင့်ခုတ်ခံရသဖြင့် ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။

မတ်လ ၂၇ ရက်နေ့ နေ့လည်း ၁၁ နာရီအချိန်တွင် ထိုမိသားစုအား သတ်ခဲ့ကြောင်း လူသတ်သမား မင်းသိုက်စွမ်းကိုယ်တိုင် ဝန်ခံလိုက်သည်။

“အဲဒီအချိန်မှာ မထွေးက သူကလေးငယ်ကို နို့တိုက်နေတယ်၊ မင်းသိုက်စွမ်းက နောက်ကနေ ဓာနဲ့ ၆ ချက်ခုတ်လိုက်တာ နို့တိုက်ကလေးပါထိသွားတယ်၊ ကျန်တဲ့ကလေး ၂ ယောက်ကိုလည်း ပြန်ပြောပြမှာကိုစိုးရိမ်လို့ နှစ်ယောက်စလုံးကိုပါ သတ်လိုက်တယ်” ဟု ဖလမ်းရွာခံတစ်ဦးက ပြောသည်။

ထိုသို့ ဓါးဖြင့်ခုတ်ရာတွင် လူကြီးအပြင် ကလေးပါ လည်ပင်ကိုသာ အဓိကခုတ်ထားကြောင်း၊ ထို့နောက် ၄င်း၏ကိုယ်တွင် စွန်းနေသော သွေးများကိုဆေးကြောရန်အတွက် အနီးရှိ ချောင်း၌ ဆေးနေစဉ်တွင် ဖလမ်းရွာခံတို့မှ ဖမ်းစီးရရှိပြီး၊ ဝါဇင်ကျေးရွာရှိ မွန်ပြည်သစ်ပါတီတပ်သို့ အပ်လိုက်ပြီးနောက် မင်းသိုက်စွမ်းသည်လည်း မိမိသတ်ထားသည်ကိုဝန်ခံခဲ့ကြောင်း ၎င်းက ဆိုသည်။

“သူနဲကျွန်တော်တို့မှာ ဘာရန်ညှိုးမှမရှိပါဘူး၊ ခါတိုင်းလည်း ဒီလိုပဲ အလုပ်ကနေပြန်လာရင် ဆိုင်ကို ဝင်နေကြပဲ၊ အဲဒီနေ့မှာ ကျွန်တော်က ရေမြို့ကိုသွားနေတယ်၊ ကျွန်တော့်ဇနီးက ဖလမ်းချောင်းဝမှာ ကလေးတွေကို သွားခေါ်တော့ သူ့ကို ဆိုင်စောင့်ခိုင်းထားတယ်၊ ပြန်လာတော့ ပိုက်ဆံ ၂ ထောင်ပျောက်နေတယ်၊ အဲဒါ သူ့ကိုမေးတော့ သူကမယူဘူးလိုပြောတယ်၊ နောက်တော့ ကလေးတွေဆီမှာ ၁ ထောင်တွေ့တယ်၊ နောက်ကျွန်တော့်မိန်မက သူ့ကိုပြောတယ် နင်ဒီလို မခိုးမဝှက်နဲ့ဆိုပြီး၊ ဆူလိုက်တော့ စဲဆိုတဲ့စကားလေး ပါသွားရုံနဲ့ အခုလိုလုပ်လိုက်တာပါပဲ” ဟု သေဆုံးသူ၏ ခင်ပွန်း ဦးကွမ်းဗလာက ပြောသည်။

ထိုမင်းသိုက်စွမ်းသည် ရွာတွင်လည်း ထိုသို့ ခိုးဝှက်သည့်အကျင့်ရှိနေသည်။ ၄င်းသည် အသက် ၁၇ နှစ်ကျော်ကျော်သာရှိသေးကြောင်း ၄င်းက ဆက်ပြောသည်။

“သူ့ကလေးတွေကတော့ အကြီးဆုံးက မိန်းကလေးဖြစ်တယ် အသက်က ၆ နှစ်၊ ကျန်တဲ့နှစ်ယောက်က ယောကျာ်းလေး ၄ နှစ်နဲ့ ၂ နှစ်ဖြစ်တယ်၊ အခုဆိုရင် ဦးကွမ်းဗလာတစ်ယောက်ထဲပဲ ကျန်နေတယ်” ဟု ဖလမ်းရွားခံတစ်ဦးက ပြောသည်။

ကာယကံရှင် ဦးကွမ်းဗလာသည် “ကျွန်တော့်အနေနဲ့ကတော့ ဒီလူရဲ့မျက်နှာကို လုံးဝမမြင်ချင်တာတော့အမှန်ပဲ ဒီလိုလူမျိုးရှိနေအုံးမယ်ဆိုရင် ဒီလိုပဲနောက်ထပ် အသတ်ခံနေရအုံးမှာပဲ၊ အခုဆို ကျွန်တော့်မှာ သားသမီးလည်း တစ်ယောက်မှမကျန်တော့ဘူး၊ မိန်းမလည်းဆုံးဆိုတော့ဗျာ ဘာကို ဘယ်လိုလုပ်ရမှန်လည်းမသိတော့ဘူး၊ စိတ်လည်းမကောင်းဘူး၊ ဒေါသလည်းထွက်မိတယ်” ဟု ဆိုသည်။

၎င်းနိုင်သိုက်စွမ်းသည်လည်း ဖလမ်းချောင်းဝရွာသားမှ ရွာသားတစ်ဦးဖြစ်ကြောင်း ၎င်း၏မိဘမှာ ထိုင်းနိုင်ငံတွင် သွားရောကအလုပ် လုပ်ကိုင်နေသဖြင့် အဒေါ်နှင့်သာနေထိုင်နေကြောင်း သိရသည်။

အသတ်ခံရသော ဦးကွမ်းဗလာတို့မိသားစုသည် ထိုဖလမ်းရွာအနီးရှိ ထန်းရည်ဆိုင်ကို လွန်ခဲ့သည့် နှစ်လလောက်ကပင် စတင်ဖွင့်လှစ်ထားသည်။

အိမ်သစ်ဆောက်ထားသူများ အခွန်စတင်ပေးဆောင်နေရ

Mon 29 Mar 2010, လွတ်လပ်သောမွန်သတင်းအေဂျင်စီ
မွန်ပြည်နယ်၊ မုဒုံမြို့နယ်အတွင်းရှိ ၂၀၀၇-၂၀၁၀ ခုနှစ်အတွင်း၌ တည်ဆောက်ထားသည့် အိမ်များကို မြို့နယ် မယကတို့မှ အခွန်စတင်ကောက်ခံနေသည်။

၂၀၀၉ ခုနှစ် စက်တင်ဘာလမှာ မြို့နယ်မယကဥက္ကဌမှ မုဒုံမြို့နယ်အတွင်းရှိ ကျေးရွာများမှ အိမ်အသစ်များကို အခွန်ငွေပေးဆောင်ရမည်ဟု ညွန်ကြားထားပြီး ယခု မတ်လ ၂၅ ရက်နေ့မှာ ကျေးရွာဥက္ကဌမှတဆင့် စတင်ကောက်ခံနေပြီးဖြစ်သည်။

“၂၅ ရက်နေ့မှာ သူတို့တွေ ဆင်းလာတယ်၊ ရွာဥက္ကဌကနေကောက်တာ ဘယ်သူမှမပေးနိုင်ဘူး၊ မပေးချင်ကြဘူး၊ အဲဒါကြောင့်မို့ သူတို့ကိုယ်တိုင် ဆင်းလာပြီးတော့ ကောက်တယ်၊ ဒါပေမယ့် အဲဒီနေ့က ဘယ်သူမှ မပေးဖြစ်ဘူး၊ အခုဆို အိမ်အသစ်တွေမှာ သူတို့စာကပ်ထားတယ်၊ ဧပြီလအတွင်းမှာ နောက်တကြိမ်လာမယ်၊ အဲဒီအခါကျရင် ပေးရမယ်” ဟု မုဒုံမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။

ထိုသို့ကောက်ခံရာတွင် အိမ်ဆောက်ထားသည့်နှစ်အပေါ်မှာ မူတည်ပြီး ၂ သိန်းကနေ ၅ သိန်းအထိ ကောက်ခံသွားမည်ဖြစ်သည်။

“အခုလ ၂၅ ရက်နေ့မှာ အားလုံးပေးရမယ်ဆိုပြီး ပြောထားတယ်၊ တချို့ကတော့ ပေးနိုင်လို့ ပေးလိုက်ပြီး၊ တချို့ကျတော့ မပေးနိုင်ဘူး၊ အဲဒီနေ့မှာ မပေးနိုင်တဲ့လူတွေကျတော့ နောက်ထပ် ရက်ချိန်းလိုက်တယ်” ဟု တခြားဒေသခံတစ်ဦးက ပြောသည်။

ယခုလို အခွန်ကောက်ခံရန်အတွက် မြို့နယ်မယကမှ မုဒုံမြို့နယ်အတွင်းရှိ ကျေးရွာဥက္ကဌများကို အစည်းအဝေးခေါ်ယူပြီး၊ ကျေးရွာဥက္ကဌမှတဆင့် ထိုအခွန်ကို ကောက်ခံရန် ညွှန်ကြားထားသည်။

“အိမ်ပေါ်မူတည်ပြီးတောင်းတယ်၊ နှစ်ထပ်တိုက်ဆိုရင် ၄ သိန်းခွဲ၊ တိုက်ပုဆိုရင် ၃ သိန်းခွဲ၊ သစ်အိမ်ဆိုရင်တော့ ၂ သိန်းခွဲ၊ အားလုံးပေးရမယ်လို့ ကျေးရွာဥက္ကဌကနေ ညွှန်ကြားထားတယ်” ဟု ၄င်းဒေသခံက ပြောသည်။

မုဒုံမြို့နယ်အတွင်းတွင် ကျေးရွာပေါင်း (၄၂) ရွာခန့် ရှိပြီး၊ တချို့ကျေးရွာတွေမှာ ပေးဆောင်နေရပြီးရှိသလို တချို့ကျေးရွာတွေမှာ မပေးနိုင်သေး၍ နောက်ထပ် ရက်ချိန်းလိုက်သည်လည်းရှိသည်။

“ဒီလို အိမ်အသစ်ဆောက်လို့ အခွန်ပေးရတာ ဒါပထမဆုံးအကြိမ်လို့ ပြောလို့ရတယ်၊ အရင်က မပေးရဘူး၊ အခုမှ အိမ်ခွန်ဆိုတာ ပေါ်လာတယ်၊ တချို့ပိုက်ဆံရှိတဲ့လူကျတော့ တောင်းသလောက်ပေးနိုင်တာပေါ့ မရှိတဲ့လူကျတော့ ဘာပေးရမှာလည်း ဒုက္ခရောက်ရပြီးပေါ့” ဟု နှီးပဒေါ်ရွာခံတစ်ဦးက ပြောသည်။

၂၀၀၉ ခုနှစ် သြဂုတ်လမှာလည်း စည်ပင်သာယာရေးဦးစီးဌာနမှ ကရင်ပြည်နယ် ခရား၊ သံလယ်စသည့် မွန်ကျေးရွာတွေမှာ ၄င်းတို့မှ ၂၀၀၇ နှင့် ၂၀၀၉ ခုနှစ်အတွင်း ဆောက်လုပ်ထားသော အိမ်အသစ်များကို ကုန်ကျစရိတ် အပေါ်မူတည်၍ ရာခိုင်နှုန်းဖြင့် ငွေကြေးတောင်းခံခဲ့ကြောင်း သိရပါသည်။

ခရားကျေးရွာတွင် ၂ သိန်း လောက်သာ ပေးဆောင်ရပြီး သံလယ်မှာ ဆောက်ထားတဲ့ အိမ်အပေါ်မူတည်ပြီ (၁၁) သိန်းကနေ (၁၄) သိန်းအထိ စည်ပင်သာယာရေး ဦးစီးဌာနက လာရောက်တောင်းခံခဲ့သည်။ သို့သော် အိမ်ရှင်များက တောင်းဆိုကာ ၉ သိန်းအထိ လျှော့ပေးခဲ့သည်။

ထိုနည်းတူ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် သမ္မတကျေးရွာမှာလည်း အသစ်ဆောက်လုပ်ထားသောအိမ်များကို ဒေသခံအာဏာပိုင်တို့မှ အိမ်ခွန်ဟုဆိုကာ ငွေကြေးတောင်းခံသွားသည်။

Friday, March 26, 2010

မယကမှ ဈေးဆိုင်ခန်းများကို အတင်းအဓမ္မဖြိုဖျက်ခိုင်း

Fri 26 Mar 2010, ကွန်းဟဒေ့
ရေးမြို့ပေါ်ရှိ မယကရုံးနှင့် စုပေါင်းရုံးစိုက်ရာ အနီးတဝိုက်ရှိ နှစ်အတော်ကြာရှိနေပြီးဖြစ်သော ဈေးဆိုင်ခန်းများအား အသစ်ပြောင်းလာသည့် မယကဥက္ကဌမှ ဖြိုဖျက်ခိုင်းနေသည်ဟု ဈေးဆိုင်ပိုင်ရှင်များက ပြောသည်။

ဖျက်စီးရာတွင် ဈေးဆိုင်ခန်းပေါင်း နှစ်ဆယ်ကျော်ခန့်ပါရှိသည်။ ၄င်းတို့အထဲမှာ လက်ဖက်ရည်ဆိုင်၊ ဘိလိယက်ဆိုင်၊ ထမင်းဆိုင်၊ ကုန်စုံဆိုင်များပါဝင်သည်။

ထိုဆိုင်ခန်းများသည် ရေးမြို့၊ ရန်အောင်သိရီခန်းမတည်ရှိရာ လမ်းလေးခွတွင် တည်ရှိနေသောကြောင့် ရေးမြို့၏ အစည်းကားဆုံးနေရာတခုဖြစ်ကာ၊ ဈေးရောင်းရန် အချက်အချာကျသော နေရာတစ်ခုလည်းဖြစ်သည်ဟု ဆိုင်ရှင်တို့က ပြောသည်။

“အခုဖျက်လိုက်တဲ့ ဆိုင်တွေက သူတို့ရုံးတွေကို ကွယ်နေတယ်၊ ဘာမှမမြင်ရဘူးဆိုပြီး ဖြိုခိုင်းတယ်၊ အဲဒီဈေးဆိုင်တွေက ရှိနေတာ နှစ်အတော်ကြာနေပြီး၊ အခုမှ ဖြိုခိုင်းရတယ်၊ အဓိပ္ပါယ်ကိုမရှိတာ” ဟု ဈေးအဖျက်သိမ်းခံထားရသည့် ဆိုင်ရှင်တစ်ဦးက ပြောသည်။ “ဈေးဆိုင်တွေ ဖွင့်နေတာမမြင်ချင်ဘူး” ဟုလည်း မယကမှ ဈေးဆိုင်ပိုင်ရှင်များကို ပြောထားခဲ့သည်ဟု ၄င်းက ဆက်ပြောသည်။

ထိုကဲ့သို့ မယကမှ ဆိုင်ခန်းများ မဖွင့်ရန် ပြောကြားထားပြီးနောက် ဆိုင်ပိုင်ရှင်များလည်း ၄င်းတို့၏ဆိုင်ကို ပိတ်ထားရသည်။ ဈေးဆိုင်ခန်းများပိတ်ထားရသည်မှာ ၄ ရက်ရှိနေပြီးဟု အခြားဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

“အခုလို ဆိုင်တွေကို ဖျက်ခိုင်းတာ မယကဥက္ကဌက ဆိုင်ရှင်တွေကို ပိုက်ဆံထိုးခိုင်းချင်လို့ဖြစ်မှာပေါ့” ဟု အခြားဈေး ပိုင်ရှင်တစ်ဦးက ပြောသည်။

ထိုဆိုင်ခန်းများအားလုံးကို မတ်လနောက်ဆုံးအပတ်မှာ အကုန်ဖျက်စီးပစ်ရမည်ဟု မယကမှ ညွန်ကြားထားသည်ဟု ထိုဆိုင်ခန်းအနားရှိ ရပ်ကွက်ခံတစ်ဦးက ပြောသည်။

ယခုဈေးဆိုင်ခန်းများဖျက်သိမ်းသည့်ကိစ္စနှင့်ပတ်သက်၍ ဆိုင်ရှင်များက အထက်ကို တင်ပြချင်သော်လည်း ထိုဆိုင်ခန်း ဖြိုဖျက်ခိုင်းသည့်ကိစ္စမှာ မယကမှ တိုက်ရိုက်ညွန်ကြားထားသည်လား၊ အထက်မှလာသည့်အမိန့်အရလားဆိုတာ အတိအကျမသိရသောကြောင့် အထက်ကို မတင်ပြရဲဘဲ ရှိနေကြသည်။

ယခုပယ်ဖျက်ခိုင်းသော ဈေးဆိုင်ခန်းများကို လွန်ခဲ့သည့် အနှစ် ၂၀ ကျော်က ရပ်ကွက်ခံများ ဈေးရောင်းနေသည်။ ထိုဈေးကို လွန်ခဲ့သည့် ၉ နှစ်ကျော်က စည်ပင်မှ အသစ်ပြန်လည်တည်ဆောက်ပြီး၊ ဈေးပိုင်ရှင်များကို ပြန်လည်ရောင်းချပေးခဲ့သည်။

ပထမပြန်နှင့် ဓမ္မာစရိယတန်း စာမေးပွဲကို ပြည်နယ်များတွင် သီးခြား ကျင်းပ

Fri 26 Mar 2010, နိုင်တော်လဝီ
ပြည်နယ်များတွင် နှစ်စဉ်တစ်ကြိမ်သာ ကျင်းပနေသော ပထမပြန်နှင့် ဓမ္မာစရိယတန်း ပရိယတ္တိစာမေးပွဲကို ယခုနှစ်အတွင်း နှစ်ကြိမ် ခွဲပြီး သီးခြားစီ ကျင်းပမည် ဖြစ်သည်။

ယခင်နှစ်များတွင် ပြည်နယ်များ၌ ပထမပြန်နှင့် ဓမ္မာစရိယတန်းကို တပြိုင်တည်း ကျင်းပလာခဲ့ပြီး၊ တိုင်းများတွင် နှစ်ကြိမ်ခွဲ၍ ဖြေဆိုလာခဲ့သည်။

ပြည်နယ်အဆင့်တွင် အငယ်တန်း၊ အလတ်တန်းနှင့် အကြီးတန်းတို့ပါဝင်သည့် ပထမပြန်စာမေးပွဲကို သက်ဆိုင်ရာပြည်နယ်များအလိုက် ပထမအသုတ်အဖြစ် ရက်သီးခြားစီ ကျင်းပမည် ဖြစ်ပြီး၊ ဓမ္မာစရိယ (စာချတန်း) ကို လာမည့် ဧပြီလ ၃ ရက်နေ့တွင် တိုင်းနှင့် ပြည်နယ်တပြိုင်နက် ကျင်းပမည် ဖြစ်သည်။

“အခုလို သံဃာတော်စာမေးပွဲကို နှစ်ခါခွဲပြီး လုပ်ရတာဟာ တခါတည်းလုပ်ရင်တော့ သံဃာတော်တွေ များတယ်၊ ထိန်းရတာလည်း မလွယ်ဘူး၊ အဲဒါကြောင့်မို့ ထင်တယ်၊ ပြီးတော့ နေရေး ထိုင်ရေး၊ ဆွမ်းကွမ်းလည်း အခက်အခဲ ဖြစ်တယ်၊ တကယ်လို့ သံဃာတော်တွေ များရင်၊ အခုလို ခွဲလိုက်တာလည်း တမျိုးကောင်းတာပါပဲ” ဟု မွန်ပြည်နယ်၊ ရေးမြို့နယ်မှ စာမေးပွဲကြီးကြပ်ရေးအဖွဲ့ဝင် ဆရာတော်တစ်ပါးက မိန့်သည်။

ယခုကဲ့သို့ နှစ်ကြိမ်ခွဲပြီး ကျင်းပရခြင်းသည် ဆွမ်းကွမ်းဝေယျာဝစ္စကိစ္စ ပြေလည်ရန်နှင့် စာသင်သားသံဃာတော်များ၏ တောင်းဆိုချက်များကြောင့်လည်း ဖြစ်သည်ဟု အထက်ပါ သံဃာတော်က မိန့်ကြားသည်။

ပထမပြန်စာမေးပွဲဖြစ်သည့် အငယ်တန်းအတွက် ၅ ရက်၊ အလယ်တန်းအတွက် ၆ ရက်၊ အကြီးတန်းအတွက် ၇ ရက် ဖြေဆိုရမည် ဖြစ်ပြီး၊ ဓမ္မာစရိယတန်း (စာချတန်း) အတွက် ၇ ရက်ဖြေဆိုရမည် ဖြစ်သည်။

မြန်မာတနိုင်ငံလုံးရှိ ပရိယတ္တိစာသင်တိုက်များ၊ ပါဠိတက္ကသိုလ်ကျောင်းတိုက်များမှ စာသင်သား ရဟန်း၊ သာမဏေ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များ ဝင်ရောက်ဖြေဆိုခွင့် ရှိသည်။

စာသင်နှစ်၏ နောက်ဆုံးလ မတ်လနှင့် ဧပြီလတွင် သာသနာရေးဝန်ကြီးဌာန သာသနာရေးဦးစီးဌာနမှ ကျင်းပပေးသည့် ထိုစာမေးပွဲကို နှစ်စဉ်ကျင်းပခဲ့သော်လည်း နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ လက်ထက် ၁၉၉၇ ခုနှစ်တွင် တစ်နှစ်ရပ်ဆိုင်းခဲ့ရသည်။

ပရိယတ္တိစာမေးပွဲကို မွန် မြန်မာ ပါဠိ သုံးဘာသာတွင် ကြိုက်နှစ်သက်ရာ ဘာသာဖြင့် ဖြေဆိုခွင့် ရှိသည်။

နေ့ချင်းပြန် ရန်ကုန်-နေပြည်တော်လမ်းသစ်ကြောင့် ယာဉ်အဝင်အထွက် အဆင်မပြေမှုပိုများ

Fri 26 Mar 2010, ကွန်းချမ်း
မကြာခင်က ဖွင့်လှစ်ခဲ့သည့် ရန်ကုန်-နေပြည်တော် ၈ လမ်းသွား နေ့ချင်းပြန် အမြန်လမ်းသစ်ကြောင့် ခရီးသည်တင်ယာဉ်များ ယာဉ်ထွက်ချိန် ပြောင်းလဲခဲ့ရခြင်းကြောင်း အဆင်မပြေမှုပိုများနေသည်။

နေပြည်တော်လမ်းဟောင်းနှင့် ယှဉ်လျှင် လမ်းသစ်က ခရီးစဉ်တိုတောင်းသည့်အတွက် ခရီးသည်တင်ယာဉ် ပိုမိုပြေးဆွဲကြသည်။ လမ်းသစ်အတိုင်းပြေးဆွဲမည့်ယာဉ်များအတွက် ယာဉ်အဝင်အထွက် ပြေးဆွဲသည့်အချိန်သည်လည်း ပြောင်းလဲသွားသည့်အတွက် စီးနင်းလိုက်ပါသူခရီးသည်များ အဆင်မပြေဖြစ်နေကြသည်။

လမ်းဟောင်းအတိုင်းသွားမည်ဆိုပါက အနည်းဆုံး ၈ နာရီ ကြာမည်ဖြစ်ပြီး၊ အသစ်ဖွင့်လှစ်လိုက်သည့် လမ်းသစ်သည် ၅ နာရီ မိနစ် ၃၀ ခန့်သာ မောင်းနှင်ရသည့်အတွက် ယာဉ်မောင်များ အဆင်ပြေနေကြသည်။ သို့သော် ယာဉ်အဝင်အထွက် စောလွန်းခြင်း၊ နောက်ကျလွန်းခြင်းတို့ကြောင့် ခရီးသည်များအတွက် အခက်အခဲဖြစ်ကြသည်။

“လမ်းသစ်အတိုင်းသွားမယ်ဆိုရင် ယာဉ်ထွက်ချိန်က ည ၁၀ နာရီနဲ့ ၁၁ နာရီဖြစ်နေတော့ ကားဂိတ်မှာ လာစောင့်နေရတဲ့ ခရီးသည်တွေအတွက် ခရီးမထွက်ခင်ကတည်းက ပင်ပန်းနေပါပြီး၊ အိမ်ကနေလာရင် ညပိုင်းဖြစ်တော့ တက္ကစီခက ပိုပေးရတယ်၊ နေပြည်တော်ရောက်တာက လမ်းဟောင်းတုန်းကလိုပဲ မနက် ၄ နာရီ၊ ၄ နာရီခွဲလောက်မှာ ရောက်ပါတယ်” လို့ ရန်ကုန်မှ နေပြည်တော်သို့ ခရီးသွားခဲ့သူတစ်ဦးက ပြောသည်။

နေပြည်တော်မှ ရန်ကုန်သို့ ပြေးဆွဲသည့်ကားများအတွက် ညနေ ၆ နာရီမှာ စထွက်ပြီး၊ ရန်ကုန်သို့ ညသန်းခေါင်ယံ ၁၂ နာရီမှ ဆိုက်ရောက်သည်။ တခါတလေနောက်ကျမှရောက်သည့်ကားများကြောင့် ခရီးသည် ပိုမိုဒုက္ခရောက်ရသည်။

“ကားရောက်နောက်ကျတော့ တချို့အဆောင်မှာနေတဲ့သူတွေက အဆောင်ထဲဝင်လို့မရတော့ဘူး၊ နယ်ကလာတဲ့သူတွေဆိုရင်လည်း တည်ခိုခန်းခ ထပ်ကုန်ရအုံးမယ်” လို့ အထက်ပါခရီးသည်က ပြောသည်။

ရန်ကုန်မှ နေပြည်တော်သို့ ပြေးဆွဲနေသည့် ကားဂိတ်ကို မေးကြည့်ရာမှာ “လမ်းသစ်မှာ ပြေးဆွဲမယ့်ယာဉ်တွေအတွက် ဒီလိုအချိန်တွေသာ သတ်မှတ်ထားပါတယ်၊ လမ်းသစ်က ခရီးနည်းနည်းတိုတော့ ယာဉ်ဒီလိုထွက်မှပဲ ခရီးသည်အတွက် ပိုအဆင်ပြေမယ်” လို့ ပြောသည်။

ရန်ကုန်-နေပြည်တော်သို့ လမ်းသစ်ဖြင့် နေ့ချင်းပြန်သွားရမည်ဆိုသော်လည်း ရန်ကုန်မှ နံနက်စောထွက်သည့်ကားသည် နေပြည်တော်သို့ နေ့လည်အချိန်မှာရောက်ရှိသည်။ တချို့ရုံးကိစ္စသွားသူများအတွက် အချိန်ပိုယူရသည်။ နေပြည်တော်မှ ရန်ကုန်သို့ လမ်းသစ်ပဲဖြစ်ဖြစ်၊ လမ်းဟောင်းပဲဖြစ်ဖြစ် ညပိုင်းမှ ကားများထွက်ကြသည့်အတွက် လမ်းသစ်မှ အချိန် ၂ နာရီ တိုတောင်သည်ကလွဲပြီး ထူးခြားမှုမရှိသည့်အပြင် ယာဉ်အဝင်အထွက် ပိုနောက်ကျတာ၊ ပိုမိုစောလွန်းတာကြောင့် ခရီးသွားများ စိတ်ကသိကအောင့်ဖြစ်နေကြသည်။

Thursday, March 25, 2010

မွန်၊ မြန်မာ၊ ပါဠိသုံးဘာသာ ဓမ္မစေတီကျောက်စာအား အင်္ဂလိက်မြန်မာ နှစ်ဘာသာဖြင့် အစားထိုးရေးထွင်းရန်ရ

Thu 25 Mar 2010, ကွန်းချမ်း
မွန်၊ မြန်မာ၊ ပါဠိသုံးဘာသာဖြင့် ရေးထွင်းထားသည့် ဓမ္မစေတီကျောက်စာကို လာမည့်ဧပြီလအတွင်း အင်္ဂလိက်၊ မြန်မာနှစ်ဘာသာဖြင့် ကျောက်စရစ်စတီးကျောက်စာတိုင်အဖြစ် အပြီးသတ် အစားထိုးရေးထွင်းသွားမည်ဖြစ်သည်။

၂၀၀၈ ခုနှစ် မေလမှာ တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းကြောင့် ပြိုကျပျက်စီးသွားသည့် ထိုဓမ္မစေတီကျောက်စာတိုင်အား ယခုကဲ့သို့ အင်္ဂလိက်၊ မြန်မာနှစ်ဘာဖြင့် ပြန်ရေးထွင်းရခြင်းဖြစ်ကြောင်း ရွှေတိဂုံဘုရား ဂေါပကအဖွဲ့နှင့် နီးစပ်သူတို့က ပြောသည်။

ရွှေတိဂုံဘုရား တနင်္ဂနွေထောင့်ရှိ အဆိုပါ ကျောက်စာတိုင်ကို မွန်၊ မြန်မာ၊ ပါဠိသုံးဘာသာဖြင့် ပြန်ဆိုရေးသားထားလာသည်မှာ နှစ်ပေါင်းငါးရာကျော် ရှိနေပြီးဖြစ်သည်။

နှစ်ပေါင်းသက်တမ်းရလာသည့် မူယင်းဓမ္မစေတီကျောက်စာတိုင်သည် ရှိနေခဲ့သည့်အရေးအသားတွေလည်း ထင်ထင်ရှားရှားမတွေ့ရတော့သည့်အတွက် မြန်မာဘာသာအဖြစ်သို့ ပြန်လည်ရေးသားမည် ဆိုရင်တောင် တက်ကျွမ်းသည့်သုတေသီတွေရဲ့ အကူအညီတွေ ရယူကြရမယ်လို့လည်းဆိုသည်။ ပညာရှင်တွေရှားပါးသည့် မွန်နှင့် ပါဠိဘာသာ ပြန်ဆိုဖို့တော့ အခက်အခဲတွေ ပိုရှိမှာ ဖြစ်ပြီး၊ အချိန်ပိုယူကြရမှာဖြစ်လို့ ယခုလို မြန်မာနှင့် အင်္ဂလိက်စာ နှစ်ဘာသာဖြင့်သာ ရေးသားရတာဖြစ်ကြောင်းကို ဘုရားဂေါပကအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဆရာလေးတစ်ပါးက ပြောသည်။

ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များထဲမှာ အဖိုးတန်ဆုံးနှင့် တန်ဖိုးမဖြတ်နိုင်သည့် အရာတခုလည်းဖြစ်သည့် ရှေးခေတ်ဘုရင်တို့၏ ကျောက်စာတိုင်ကိုတောင် အစားထိုးရေးသားလာတာဟာ လက်မခံနိုင်သည့် အချက်ပါပဲလို့ ရန်ကုန်မှ မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီဝင်တစ်ဦးက ထောက်ပြထားသည်။

“ကျနော်တို့ မွန်ကျောက်စာကို ဖျောက်ဖျတ်ပြစ်မယ့်အနေအထားမို့လို့ အခုလိုပြောတာမဟုတ်ဘူး၊ မွန်စာနဲ့ပဲ ရေးထားရေးထား၊ ရှမ်းစာနဲ့ပဲ ရေးထားရေးထား၊ ရှေးဟောင်းစာပေအရေးအသားကိုတော့ အတက်နိုင်ဆုံး ထိန်းသိမ်းသွားသင့်တယ်၊ အခုလို အစားထိုးရေးသွားတာက လက်ရှိမျိုးဆက်သစ်လူငယ်တွေအနေနဲ့ မွန်သမိုင်၊ မွန်ကျောက်စာ၊ မွန်မင်းစတဲ့ အထောက်အထားအရိပ်အယောင်တွေ သိရှိနိုင်သေးပေမယ့် နောက်ဆယ်စုနှစ်အနည်းငယ်အတွင်းမှာတော့ အဲဒီသမိုင်းအကြောင်းတွေ ပျောက်ပျက်တော့မယ့် အနေအထားရှိလာနေပါပြီး” ဟု ၄င်းက ပြောသည်။

မော်လမြိုင်မှ ဘုရားဖူးလာသည့် အသက်ခြောက်ဆယ်အရွယ် မွန်အမျိုးသားတစ်ဦးလည်း ဒီလုပ်ရပ်အတွက် သူ့အနေနှင့် မခံချိ မခံသာဖြစ်မိကြောင်း ရင်ဖွင့်သွားသည်။

“ခေတ်အဆက်ဆက် မင်းအဆက်ဆက်က ကျနော်တို့ စာပေ၊ ယဉ်ကျေးမှုတွေကို ဖျောက်နိုင်အောင် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက သူတို့တွေ ရက်ရက်စက်စက် ကြိုးပမ်းလာခဲ့တယ်၊ ယခုနှစ်နောက်ပိုင်း ကျနော်တို့စာပေ၊ ယဉ်ကျေးမှုတွေ ကွယ်ပျောက်လာနိုင်အောင်လုပ်လာရာမှာ ဘုရားကျောက်စာတွေပါ ပါလာနေပြီ၊ သူတို့တွေအလိုကျ နာဂစ်မုန်တိုင်းက တရားခံဖြစ်နေသလိုပါပဲ၊ သူတို့တွေသာ လိုလားမယ်ဆိုရင် ငါတို့မှာလည်း တက်ကျွမ်းသူတွေရှိပါတယ်” ဟု ၄င်းက ပြောသည်။

မူလကျောက်စာတိုင်ကို ကိုးကားပြီး ပြန်ဆိုရေးသားထားသည့် ဓမ္မစေတီကျောက်စာတိုင်အသစ်ကို အရှေ့ဘက်မုခ်အထက်ပစယံမှာလည်း ဖတ်ရှုနိုင်ပြီး၊ အဆိုပါကျောက်စာတိုင်မှ မွန်လူမျိုးတို့၏ ဘာသာတရားကိုင်းရှိုင်းမှုနှင့် ကိုးကွယ်ယုံကြည်မှုကို ပိုမိုသိသာမြင်သာစေသည်။

ထိုကျောက်စာအရ ရွှေတီဂုံစေတီတော်အား မွန်ဘုရင် ဥက္ကလာပမင်း တည်ထားကိုးကွယ်ခဲ့သည်ကို အထောက်အထားသဖွယ်ဖြစ်နေသည်။ ထိုသမိုင်းအကြောင်းကို မေ့ပြစ်နိုင်ရန် ယခုလို မွန်အရေးအသားကို ပထမအဆင့်အနေနှင့် ထိန်ချန်သွားမှာ ဖြစ်နိုင်တယ်လို့ မွန်ပညာရှင်အသိုင်းအဝိုင်းမှ ဝေဖန်သုံးသပ်နေကြသည်။

စိတ်ကြွဆေးပြားဈေးနှုန်းကြောင့် ယခင်ကထက် သုံးစွဲသူ ပိုများလာ

Thu 25 Mar 2010, ယဉ်မွန်
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ စိတ်ကြွဆေးရောင်းဝယ်သူတို့က အရည်အသွေးလျော့ချပြီး ဈေးနှုန်းနည်းသည့် ဆေးပြားများကို ဖြန့်ဖြူးရောင်းချနေခြင်းကြောင့် ယခင်ကထက် ယခုလို ဈေးပေါသည့် စိတ်ကြွဆေးကို ပိုမိုသုံးစွဲလာကြောင်း သိရသည်။

ယခင်က စိတ်ကြွဆေးတစ်လုံးလျှင် အရည်အသွေးအပေါ်မူတည်ပြီး၊ ၄၅၀၀ ကျပ်၊ ၂၅၀၀ ကျပ်နှင့် ၁၅၀၀ ကျပ်အထိ ဝယ်ယူသုံးစွဲနေကြရပြီး၊ ယခုကာလအတွင်း စိတ်ကြွဆေးရောင်းဝယ်သူတို့က ဆေးအရည်အသွေးလျော့နည်းသည့်ဆေးကို ဈေးနှုန်း ချိုသာစွာဖြင့် ရောင်းချနေသည့်အတွက် သုံးစွဲသူများ ယခင်ကထက် ပိုများလာသည်။

အရည်အသွေးလျော့ချထားသည့် ဆေးတစ်လုံးကို ၃၀၀၀ ကျပ်၊ ၂၅၀၀ ကျပ်မှ ၅၀၀ ကျပ်အထိ ရောင်းချနေကြောင်း ကျိုက်မရောမြို့နယ်မှ ဆေးသုံးစွဲနေသူတစ်ဦးက ပြောသည်။

အရည်အသွေးလျှော့ချထားတဲ့ ဆေးပြား (၅) လုံးဟာ အရင်က အရည်အသွေးပြည့်ဝတဲ့ ဆေးတစ်လုံးစာနဲ့ ညီမျှတယ်ဟု အထက်ပါ ဆေးသုံးစွဲသူက ပြောပြသည်။

ထိုဒေသအတွင်း မူးယစ်ဆေးဝါးသုံးစွဲနေသူအများစုသည် တက္ကသိုလ်ကျောင်းသားများ၊ အထက်တန်းကျောင်းသားလူငယ်များနှင့် ပြည်ပနိုင်ငံမှ ပြန်လာသည့်လူငယ်များ ယေဘုယျအားဖြင့် အသက် (၁၂) နှင့် (၄၀) အကြားရှိ လူများသုံးစွဲနေကြကြောင်း ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။

“စိတ်ကြွဆေးသုံးစွဲတဲ့လူတွေဟာ ညညဆိုအိပ်မပျော်ကြဘူး၊ အိမ်မှာလည်းမနေချင်ကြဘူး၊ အမြဲတမ်းအပြင်ထွက်ချင်နေတယ်၊ ကြောင်နေတာပေါ့၊ ဆေးစွဲကြာလာရင် အရူးတစ်ယောက်လို ဖြစ်သွားနိုင်တယ်” ဟု ဆေးသုံးစွဲဖူးသူ ကနာလိုရွာမှ လူငယ်တစ်ဦးက ပြောသည်။

မူးယစ်ဆေးဝါး အရောင်းအဝယ်ပြုလုပ်နေသူတစ်ဦးကလည်း စိတ်ကြွဆေးပြားတွေကို အများအားဖြင့် ထိုင်းနိုင်ငံကနေ တင်သွင်းတာများတယ်၊ မြန်မာနိုင်ငံမှာတော့ ကိုယ့်အဆက်အသွယ်နဲ့ကိုယ် ဝယ်ယူ ရောင်းချနေကြောင်း ၄င်းက ပြောသည်။

“စိတ်ကြွဆေးတွေကို အိမ်မှာရောင်းတာလည်းရှိတယ်၊ ကွမ်းယာဆိုင်မှာ ထုံးရည်နဲ့ရောပြီး ထည့်ထားတာလည်းရှိတယ်၊ ကျမတို့ရွာမှာဆိုရင် ဆေးစွဲတဲ့လူငယ်တွေ တော်တော်များလာတယ်၊ ဆေးရောင်းတဲ့သူတွေကတော့ ရွာထဲမှာဆိုရင် တစ်ယောက်စ နှစ်ယောက်စပဲရှိကြတယ်၊ သူတို့တွေဟာ ဒီကေဘီအေတွေနဲ့ ပေါင်းထားတာဆိုတော့ ဘယ်သူမှ မပြောရဲဘူး၊ ဘယ်အဖွဲ့ကမှလည်း မဖမ်းရဲဘူး” ဟု ကျိုက်မရောမြို့နယ်မှ လူငယ်များ ဆေးသုံးစွဲနေမှုအပေါ် အကဲခတ်နေသူ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ကိုယ်တိုင်ကြုံတွေ့ခဲ့သူတစ်ဦးကလည်း ပြီးခဲ့သည့် သင်္ကြန်ရက်အတွင်းမှာ ဘားအံမြို့နယ်၊ သံလှယ်ကျေးရွာရှိ လမ်းတဝက်မှာ ကားဖြင့် လူငယ်တစ်အုပ်က ဆေးရောင်းဝယ်သူတို့နှင့် လမ်းမှာ အပေးအယူလုပ်နေကြပြီး၊ ဆေးများသုံးစွဲနေကြကြောင်း ၄င်းက ပြောသည်။

ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးရွာအများစုမှ လူငယ်များသည် မူးယစ်ဆေးဝါးကို ရွားအတွင်း၌ ပေါ်ပေါ်ထင်ထင် ပြန့်နှံ့သုံးစွဲနေကြပြီး၊ အဓိက ရောင်းဝယ်နေသူကိုသာ မည်သူ မည်ဝါဆိုတာကို သိသိကျကျမသိရှိကြပါ။

မူးယစ်ဆေးဝါးကြောင့် လွန်ခဲ့သည့် ၂၀၀၉ ခုနှစ် ဇန်နဝါရီလခန့်က ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ပေါ်တွင်လည်း (၁၀) တန်းကျောင်းသားတစ်ဦး စိတ်ကြွဆေးပြားသုံးစွဲနေခြင်းကြောင်းကို ၄င်း၏မိဘတို့က သိရှိသွားပြီး ဆေးဖြတ်ခိုင်းရာမှ လူငယ်မှာ စိတ်ဓာတ်ကျပြီး မိမိကိုယ်ကို ကြိုးဆွဲသတ်သေသွားခဲ့သည်လည်း ရှိခဲ့သည်။

ဆိုင်ကယ်လိုင်စင်ပြုလုပ်သူ မရှိသလောက်နည်းပါးနေဆဲ

Wed 24 Mar 2010, ပနွတ်ကျား
ပြည်တွင်းရှိ ပြည်နယ်နှင့် တိုင်းဒေသအသီးသီးရှိ လိုင်စင်မဲ့ဆိုင်ကယ်များကို ၁၇ယ/ လိုင်စင်သစ် ပြုလုပ်ပေးနေသော်လည်း ထိုလိုင်စင်ကို ပြုလုပ်ရန် စိတ်ဝင်စာသူ မရှိသလောက်နည်းပါးနေသည်။

လိုင်စင်ပြုထုတ်ပေးသည့် ကညနရုံးမှာ တစ်ရက်လျှင် လိုင်စင်ပြုလုပ်သူ ပျမ်းမျှ ၅/၆ ဦးသာ ရှိသည်ဟု လိုင်စင်ကိုယ်တိုင် သွားရောက်ပြုလုပ်ခဲ့သူ မော်လမြိုင်ဒေသခံ တစ်ဦးက ပြောသည်။

ယခုလို ၁၇ယ/ ဆိုင်ကယ်လိုင်စင် ပြုလုပ်သူနည်းပါးနေခြင်းသည် လိုင်စင်ပြုလုပ်ခ အဆမတန်မြင့်နေခြင်းကြောင့်ဖြစ်သည်ဟု မော်လမြိုင်မြိုရှိ ဆိုင်ကယ်အရောင်းအဝယ်လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

“လိုင်စင်ပြုလုပ်ခ မြင့်နေရတာဟာ ထိုင်းဘတ်ငွေ အတက်အကျပေါ် မူတည်နေပါတယ်၊ ဘတ်ငွေတက်ရင် တက်သလို လိုင်စင်လုပ်ပေးတဲ့နေရာမှာလည်း ရာခိုင်နှုန်းရဲ့ နှုန်းထားအပေါ် တွက်ချက်ပြီး လိုင်စင်ခလဲ လိုက်တက်နေတာ” ဟု အထက်ပါ ဆိုင်ကယ်အရောင်းအဝယ်ပြုလုပ်သူက ဆိုသည်။

ယခုလက်ရှိဆိုင်ကယ်တစ်စီ၏ ပေါက်ဈေးနှင့် တွက်ချက်လိုက်လျှင် လိုင်စင်လုပ်ခသည် ၆ သိန်းခွဲကျော် ရှိနေသည်ဟု သူက ဆက်ပြောသည်။

ထို ၁၇ယ/ လိုင်စင်လုပ်ပြီး တရားဝင်ဆိုင်ကယ်ဖြစ်သည်ဟုဆိုသော်လည်း ဓါတ်ဆီရမည် မဟုတ်သလို ရောင်းဈေးလည်းကျမည်ဖြစ်သည်။ Model အသစ်ထွက်တိုင်း လဲစီးနေသူများအတွက် သူတို့အနေနှင့် လိုင်စင်မဲ့ကိုသာ ဝယ်စီးကြမည်ဖြစ်ပြီး အရောင်းအဝယ်မှာလည်း ဆုံးရှုံးမှု နည်းပါးမည်ဖြစ်သည်။

“လိုင်စင်မဲ့တွေက ဝယ်စီးရတာတန်တယ် တကယ်လို့ ကိုယ်က မကြိုက်တော့ဘူး Model လဲ အောက်နေပြီးဆိုရင် ရောင်းရင် သိပ်လည်း မရှုံးဘူး ငွေနည်းနည်းထပ်ဆိုက်ထည့်ပြီး Model မြင့်တာကို လှမ်းဝယ် နိုင်သေးတယ်၊ လိုင်စင်လုပ်ထားတဲ့ မော်တော်ဆိုင်ကယ်အများစုက ဈေးကျတာက များတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဆိုင်ကယ်ရော Model လည်းဟောင်းနေပီး အများစုက Model မြင့်တဲ့ဆိုင်ကယ်တွေပဲ အပြိုင်အဆိုင်ဝယ်စီးနေကျတာ” ဟု မော်လမြိုင်မြို့ရှိ Model လိုက်ပြီး ဆိုင်ကယ်ဝယ်စီးနေသူတစ်ဦးက ရှင်းပြသွားသည်။

လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များကို မွန်ပြည်နယ်အတွင်း သွားလာမောင်းနှင်ခွင့်ရှိသော်လည်း အခမသင့်လျှင် ယဉ်ထိန်း (မော်တော်ပီကယ်) များနှင့် လမ်းပြတ် လမ်းဆုံတွေမှာ တွေ့မိလျှင် စစ်ဆေးမှုခံရပြီး၊ ဒဏ်ကြေးပုံစံဖြင့် ငွေအဆမတန်း တောင်းခံခြင်းခံရမည် ဖြစ်သည်။

လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များကို တက္ကသိုလ်ဝင်းတန်း စာမေးပွဲဖြေအပြီး၊ သင်္ကြန်ရက်အလွန်မှာ အပြီးသတ် စတင်ဖမ်းဆီးရန် ရှိမည်ဟု အဖမ်းအဆီးအဖွဲ့မှ တာဝန်ရှိသူနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

၁၇ယ/ လိုင်စင်သည် နေပြည်တော်နှင့် ရန်ကုန်မြို့တို့အပြင် မြန်မာပြည်အနှံ့ မောင်းနှင်ခွင့်ရှိသည်ဟု (ဗွီတက်) လိုင်စင်စာအုပ်ပါ မှတ်ချက်မှာ ဖော်ပြထားသည်။ ယခင်က ပြုလုပ်ပေးခဲ့ဖူးသည့် မလမ/ လိုင်စင်သည် မွန်ပြည်နယ်အတွင်း၌သာ မောင်နှင်ခွင့်ရှိသည်။

ထို ၁၇ယ/ လိုင်စင်ကို မော်လမြိုင်မြို့ တောင်ပေါ်တန်းလမ်းနံဘေးရှိ ကန်သုံးကန်အဆောက်အဦးတွင် ပြုလုပ်ပေးနေပြီး၊ မလမလိုင်စင် ပြုလုပ်တုန်းကလောက် လူစည်ကားမှု မရှိဟုလည်း ဒေသခံတို့က ပြောသည်။

တဒိင်ကျေးရွာအတွင်း မီးလောင်ကျွမ်းမှုတစ်ခုဖြစ်ပွား

Wed 24 Mar 2010, လရီထော
ကရင်ပြည်နယ်၊ ပြည်တွင်းအိုးအိမ်မဲ့ဒုက္ခသည်ဧရိယာအတွင်းရှိ တဒိင်ကျေးရွာမှာ ယနေ့နေ့လည်အချိန်က မီးလောင်ကျွမ်းမှုတခုဖြစ်ပွားပြီး၊ အိမ်သုံးလုံး လောင်ကျွမ်းသွားကြောင်း သိရသည်။

ယနေ့ နေ့လည် ၁၁ နာရီ ၄၅ မိနစ်မှ စတင်လောင်ကျွမ်းသည့်ထိုမီးသည် ညနေ ၂ နာရီ ၁၅ မိနစ်မှ အနီးအနားတဝိုက်ရှိ ဒေသခံတို့က မီးငြိမ်းသတ်နိုင်ခဲ့သည်။

မီးလောင်ကျွမ်းရာတွင် ပါဝင်သွားသည့် ထိုအိမ်သုံးလုံးမှာ နိုင်ညာဏ်သိန်း၊ နိုင်စန်းတင်နှင့် နိုင်ဖဒုတို့ မိသားစုအိမ်ဖြစ်ပြီး၊ ဆန်၊ စပါးအပါအဝင် အိမ်ရှိ အသုံးအဆောင်ပစ္စည်းများ လောင်ကျွမ်းသွားကာ စုစုပေါင်းတန်ဖိုး မည်မျှလောင်ကျွမ်းသွားသည်ကို မှန်းဆရန်ခက်ခဲနေဆဲဖြစ်သည်။

ထိုမီးလောင်ကျွမ်းမှုကြောင့် အိုးမဲ့ အိမ်မဲ့ဖြစ်သွားသည့် မီသားစုသုံးစုကို လက်ရှိအခြေအနေအရ နေထိုင်ဖို့ရန် အခက်အခဲဖြစ်နေကြသည်။

အိမ်သုံးလုံးဆုံးရှုံးသွားသည့် ထိုမီးလောင်ကျွမ်းမှုသည် မည်သည့်အိမ်မှ မည်သည့်မီးဖြင့် စတင်လောင်ကျွမ်းသည်ကိုလည်း စုံစမ်းနေဆဲဖြစ်သည်။

ထိုဒေသတဝိုက်ရှိ ပြည်တွင်းအိုးအိမ်မဲ့ဒုက္ခသည်များသည် ထိုင်း-မြန်မာနယ်စပ်ရှိ မွန်ကယ်ဆယ်ရေးနှင့် ဖွံ့ရေးအဖွဲ့တို့မှ အကူအညီစောင့်ရှောက်မှု ရရှိနေကြသည်။

Tuesday, March 23, 2010

သင်္ကြန်ရက်အတွင်း စည်ကားမှုမရှိသောကြောင့် လူငယ်များ တရားစခန်းဘက်သို့ စိတ်ဝင်စားလာ

Tue 23 Mar 2010, မင်းအာသံ
လာမည့်သင်္ကြန်ရက်အတွင်း ရန်ကုန်မြို့ပေါ်တွင် ရေကစားရန် မဏ္ဍပ်ဆောက်ခွင့်မရှိသည့်အတွက် လူငယ်များအား တရားစခန်းဝင်ဖို့သာ စိတ်ဝင်စားနေကြောင်း သိရသည်။

ရန်ကုန်မှ လူငယ်တစ်ဦး၏ ပြောပြချက်အရ “ကျနော်တို့ကတော့ သင်္ကြန်တောအတွင်းမှာ ဗမာပြည်အနှံ့ လှည့်ဖို့ အစီအစဉ်ရှိတယ်၊ တောင်ကြီး မန္တလေးစတဲ့ စည်းကားတဲ့နေရာမျိုးမှာ သွားလည်မယ်၊ အများအားဖြင့်တော့ ယောက်ျားလေးတွေပဲ သွားဖို့များတယ်၊ ကျနော်တို့လို လူငယ်တွေသွားဖို့ တော်တော်များမယ်ထင်တာပဲ၊ ဒါပေမယ့် မိန်းကလေးတွေကျတော့ တရားစခန်း (ရိပ်သာ) သာ သွားဖို့များတယ်” ဟု ၄င်းက ပြောသည်။

ယခုလာမည့် အတာသင်္ကြန်ကို အာဏာပိုင်တို့က စည်ကားဆုံးနေရာဖြစ်သည့် အင်းလျာကန်၊ တက္ကသိုလ်ရိပ်သာလမ်းဘက်မှာ မဏ္ဍပ်ဆောက်ခွင့်မပေးခြင်းကြောင့် ရန်ကုန်မြို့ပေါ်မှာ ယမန်နှစ်များထက် စည်ကားမှုမရှိနိုင်သည့်အတွက် လူငယ်များ နယ်လှည့်ခြင်း၊ တရားစခန်းဝင်ခြင်း ဖြစ်သည်ဟု အဆိုပါလူငယ်က ပြောသည်။

“သင်္ကြန်ရက်အတွင်းမှာ ကျမတို့ တရားစခန်းဝင်ဖို့ ဆုံးဖြတ်ထားတယ်၊ ဒီနှစ်မှာ မိန်းကလေးတော်တော်များများ ဝင်ဖြစ်မယ်လို့ထင်တယ်၊ ဘာဖြစ်လို့လည်းဆိုတော့ ရန်ကုန်မှာ မစည်တော့ဘူးလေ၊ အဲဒါကြောင့် တချို့ကျတော့လည်း နယ်လှည့်ဖို့ရှိတယ်” ဟု ရန်ကုန်မှ အမျိုးသမီးလူငယ်တစ်ဦးက ပြောသည်။

ယနေ့အချိန်ခါတွင် မိန်းကလေးအများစုသည် အပျော်အပါးဘက်သို့ စိတ်ဝင်စားမှုမရှိတော့ဘဲ အမျိုးသားသာသနာ၊ ယဉ်ကျေးမှုဓလေ့ထုံးစံတိုးတက်ရေးကိုသာ အလေးထားပြီး သင်္ကြန်ကာလတွင် တရားစခန်းသွားရန် ၄င်းတို့က ဆုံးဖြတ်လာကြသည်။ ယင်းလုပ်ရပ်သည် တရားတဘောအရ ရှုလိုက်သည့်အခါ ဗုဒ္ဓဘာသာလူမျိုးတို့အတွက် ကောင်းသောလဏ္ခာဖြစ်သည်ဟု အဆိုပါအမျိုးသမီးက ပြောသည်။

ကုန်ရန်မြို့ခံတစ်ဦး၏ ပြောပြချက်အရ ဒီလာမည့် အတာသင်္ကြန်ကာလကို ရန်ကုန်တိုင်း တိုင်းမှူးတို့အား စည်ကားသည့်နေရာမျိုးမှာ မဏ္ဍပ်တည်ဆောက်ခွင့် အတားအဆီးလုပ်သွားမည်ဟု ညွှန်ကြားထားသည်။ "ဒီနှစ် ရန်ကုန်မြို့ကြီးမှာ ရေကစားရန်မဏ္ဍပ်မရှိသလောက် နည်းပါးသွားတယ်၊ နောက်ပြီး ဒီလာမယ့်သင်္ကြန်ကာလမှာ ခါတိုင်းနှစ်လောက် ပျော်ရွှင်မှာမဟုတ်တော့ဘူး"ဟု ၄င်းက ပြောသည်။

နှစ်စဉ် နှစ်တိုင်း သင်္ကြန်ရက်တွင် လူငယ်အများစုမှ ရေပက်မဏ္ဍပ်များတည်ဆောက်ခြင်း၊ စတိတ်ရှိုးပွဲပြုလုပ်ပွဲခြင်း စသည်တို့ကို အများစုက စီးပွားရေးလုပ်ငန်းတခုလို ဆောင်ရွက်လာကြသည့်အတွက် ရေပက်သူ များလာအောင် ၀န်ဆောင်မှုအမျိုးမျိုးပေးပြီး၊ အပြိုင်အဆိုင်ဆွဲဆောင်ကြကြောင်း ၄င်းမြို့ခံက ပြောသည်။

နေပြည်တော်ရှိ အစိုးရလူငယ်ဝန်ထမ်းများသည်လည်း ၄င်းတို့ သင်္ကြန်ရုံးပိတ်ရက်အတွင်း နေရပ်သို့ ပြန်ခွင့်မရ၍ နေပြည်တော်၌ ရေပက်ကစားကြရန် အာဏာပိုင်တို့က ညွှန်ကြားထားကြောင်း နေပြည်တော်ရှိ ဝန်ထမ်းတစ်ဦးက ပြောသည်။

Monday, March 22, 2010

ယခုလအတွင်း ဝမ်းပျက်၊ ဝမ်းလျောရောဂါဖြစ်ပွားမှုများ

Mon 22 Mar 2010, ဂျူရီချိုင်း
မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အများစုသည် နွေရာသီကာလအတွင်းမှာ ဝမ်းပျက်၊ ဝမ်းလျောစသည့်ရောဂါမျိုး ဖြစ်ပွားမှုနှုန်း များပြားနေကြောင်း ဒေသခံတို့က ပြောသည်။

အထူးသဖြင့် မော်လမြိုင်မြို့နယ်၊ ဘီလူးကျွန်းဒေသ၊ မုဒုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ်နှင့် ရေးမြို့နယ်ဘက်မှာ ဖြစ်ပွားမှုအများဆုံးဖြစ်သည်။ တချို့မြို့ ကျေးရွာမှာ ယခုကဲ့သို့ ဝမ်းပျက်၊ ဝမ်းလျောရောဂါဖြစ်ပွားသူများလာနေခြင်းကြောင့် သက်ဆိုင်ရာ ဆရာဝန်/ ဆရာမတို့မှ ပညာပေးဟောပြောပွဲများ လုပ်ရသည်အထိ ဖြစ်ပွားမှုများနေသည်။

“မော်လမြိုင် ခလေးဆေးရုံမှာဆိုရင် (အမေရိကန်ဆေးရုံ) ခလေးတွေ တော်တော်များတယ်၊ ကုတင်တွေတောင် မဆန့်တော့တဲ့အခြေအနေ ဖြစ်နေတယ်၊ သေတာတော့ ကျမမတွေ့ဘူး၊ ဒီလိုမျိုးရောဂါ ခလေးတွေမှာ အဖြစ်များတယ်” ဟု မော်လမြိုင် ကလေးဆေးရုံးမှာ ကိုယ်တိုင်မြင်တွေ့ခဲ့သူတစ်ဦးက ပြောသည်။

ယင်းဝမ်းပျက်၊ ဝမ်းလျောရောဂါသည် ကလေးများမှာ အဖြစ်များပြီး၊ လူကြီးတွေမှာ တစ်ယောက်စ နှစ်ယောက်စသာ ဖြစ်လေ့ရှိသည်။ ထိုရောဂါခံစားရသူများသည် အော့အန်ပြီး ဝမ်းသွားသလိုမျိုးဖြစ်သည်ဟု ၄င်းက ပြောသည်။

ယခုလို နွေရာသီဝင်လာသည့်အချိန်မှာ ဝမ်းပျက်၊ ဝမ်းလျောရောဂါဖြစ်တက်လေ့ရှိသောကြောင့် တချို့မြို့တွေ၊ ကျေးရွာတွေမှာ သက်ဆိုင်ရာ မယက၊ ရယကတို့က အအေးဆိုင်များ၊ အသုပ်ဆိုင်များနှင့် ကြံရည်အရောင်းဆိုင်များ မရောင်းချရန် တားဆီးပိတ်ပင်ထားသည်။

“ကျနော်တို့မြို့ပေါ်မှာဆိုရင် သားဖွားဆရာမတွေ တရပ်ကွက်ပြီးတရပ်ကွက် သွားပြီးတော့ ရေကို ကျိုချက်သောက်ရမယ်၊ ရပ်ကွက်အလိုက် လိုက်လံပြီးတိုက်တွန်းတယ်၊ ပြီးတော့ ယခုအဖြစ်များနေတဲ့ ဝမ်းရောဂါနဲ့ပတ်သက်တာတွေကို ဟောပြောတယ်၊ အစားအစာတွေကိုလည်း သတိထား စားရမယ်ဆိုတာကိုရယ်၊ ဖြစ်လာရင် ဘယ်လိုလုပ်ရမှာလည်း ဝမ်းသွားရင် ဘာသောက်ရမှာလည်းဆိုတာကို ပညာပေးသလို လိုက်ဟောပြောတယ်” ဟု ရေးမြို့ခံတစ်ဦးက ပြောသည်။

ယခုကဲ့သို့ ဝမ်းပျက်၊ ဝမ်းလျောရောဂါဖြစ်ရခြင်းမှာ မသန့်ရှင်းသည့်ရေကို သောက်သုံးမိခြင်း၊ မသန့်မရှင်းသည့်အစားအစာ စားမိခြင်းကြောင့် ဖြစ်သည်ဟု ၄င်းက ဆက်ပြောသည်။

ထိုမျှမက ချောင်းဆုံမြို့နယ်အတွင်းမှာလည်း ဝမ်းပျက် ဝမ်းလျောရောဂါဖြစ်ပွားသူ အများအပြားရှိကြောင်း တချို့ဆိုလျှင် ဆေးရုံရောက်ရသည်အထိရှိပြီး တချို့မှာ အိမ်မှာသာ ဆေးသောက် ဆေးကုပြီး ပျောက်သွားသည်လည်းရှိသည်။ သို့သော် အသေအပျောက်ရှိ မရှိကိုသာ မသိရကြောင်း ချောင်းဆုံဒေသခံတစ်ဦးက ပြောသည်။ ထိုရောဂါဖြစ်ပွားရခြင်းမှာ ရာသီဥတုကြောင့်နှင့် အစားအစာကြောင့်ဟု သူက ပြောသည်။

Friday, March 19, 2010

အဖမ်းဆီးခံထားရသည့် အလုပ်သမားများ အခက်အခဲနှင့် ရင်ဆိုင်နေရ

Fri 19 Mar 2010, လွတ်လပ်သောမွန်သတင်းအေဂျင်စီ
ကော့သောင်းမြို့အဝင်မှာ ဖမ်းဆီးခံထားရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဆက်လက်ချုပ်နှောင်ခံထားရဆဲဖြစ်သည့်အတွက် လက်ရှိအနေအထားမှာ အစားအစာအတွက် အခတ်အခဲကြုံတွေ့နေရသည်။

ဖမ်းဆီးခံထားရသည့် အလုပ်သမား အယောက် (၁၀၀) ကျော်သည် တဖက်နိုင်ငံသို့ တရားမဝင်ခိုးဝင်သည့်ပြစ်မှုမှလွဲပြီး ပြစ်မှုတစုံတရာကျူးလွန်ခြင်းမရှိပဲ အာဏာပိုင်တို့မှ နေရပ်သို့ ပြန်ပို့ပေးခြင်းမရှိသည့်အပြင် ကော့သောင်းရှိ ရပ်ကွက်ရယကရုံးတွေမှာ ချုပ်နှောင်ထားသည်မှာ တစ်လနီးပါးရှိနေပြီးဖြစ်သည်။

“ဖမ်းထားတဲ့လူတွေကို ပြန်လည်းမပို့ဘူး၊ လွှတ်လည်း မလွှတ်ပေးဘူး၊ အစာလည်းမကျွေး၊ ရေလည်းမပေးသောက် မပေးချိုးဘူး၊ သူတို့တတွေ တော်တော်ဒုက္ခရောက်နေကြပြီး” ဟု ကော့သောင်းဒေသခံတစ်ဦးက ပြောသည်။

ထိုင်းနိုင်ငံသို့ တရားမဝင်ခိုးဝင်ရန် ရေးလမ်း၊ ကားလမ်း၊ လေယာဉ်လမ်းဖြင့် ကော့သောင်းသို့ ဝင်လာသူများကို ကော့သောင်းဗျူဟာမှူး ခင်လတ်ကြည်မှ ဦးဆောင်ပြီး ခရီးသည် မှတ်ပုံတင်များစစ်ဆေးကာ ကော့သောင်းဒေသမှ မဟုတ်သူများအားလုံး အကုန်ဖမ်းပြီး သက်ဆိုင်ရာ ရပ်ကွက် ရယကရုံးမှာ ချုပ်နှောင်ထားသည်။

“ကော့သောင်းအဝင်ဂိတ်အားလုံးမှာ ရဲတွေ စစ်တပ်တွေ စောင့်နေတယ်၊ တကယ်လို့ ဥပမာ မွန်ပြည်နယ်၊ ကရင်ပြည်နယ်က မှတ်ပုံတင်ကိုင်ဆောင်ထားရင် ဖမ်းလိုက်တယ်၊ ထားဝယ်တို့ မြိတ်တို့ကဆို မဖမ်းဘူး၊ ဒါပေမယ့် အဲဒီလူတွေကို တကယ်လို့ ညညမှာ တည်းခိုခန်းမှာ တည်ရင်တော့ အဖမ်းခံရမှာပဲ၊ သဘောကတော့ ကော့သောင်းက လူတွေမဟုတ်ဘူးဆိုတဲ့သဘောပေါ့” ဟု ကော့သောင်းမြို့မှ ပွဲစာတစ်ဦးက ပြောသည်။

ကော့သောင်းမြို့ပေါ်ရှိ (lucky) တည်းခိုခန်း၊ ခေတ်သစ်ဆန်းတည်းခိုခန်း၊ ဘုရင်မတည်းခိုခန်း၊ လကမ္ဘာတည်းခိုခန်းတွေမှာ တည်းနေကြသည့် ခရီးသည်မှန်သမျှကို ညပိုင်းအချိန်မှာ ဝင်ရောက်ဖမ်းဆီးလိုက်ပြီး၊ သက်ဆိုင်ရာ ရယကရပ်ကွက်ရုံးတွေမှာ ချုပ်နှောင်ထားကြသည်။

ထိုတည်းခိုခန်းတွင် ဝင်ရောက်တည်းခိုသူများအားလုံးကို တည်းခိုခန်းတာဝန်ခံမှ သက်ဆိုင်ရာသို့ ဧည့်စာရင်းတိုင်ကြားထားသော်လည်း ယခုလိုဖမ်းဆီးခံရဆဲဖြစ်သည်။

ယခုလက်ရှိဖမ်းဆီးထားသည့် ရွှေ့ပြောင်းအလုပ်များကို ဘုရင့်နောင်ရပ်ကွက်၊ အတ္တဝါရပ်ကွက်၊ ရွှေဟသာင်္ရပ်ကွက်၊ အေးရိပ်ငြိမ်းရပ်ကွက်၊ ရွှေပြည်သာရပ်ကွက်အစရှိသည့် ရပ်ကွက်ရယကရုံးတွေမှာ အစာမကျွေးပဲ ဆက်လက်ချုပ်နှောင်ထားဆဲဖြစ်သည်။

ယခုလို ဖမ်းဆီးမှုတင်းကြပ်လာသည်မှာ ကော့သောင်းဗျူဟာမှူးအသစ်ပြောင်းလာပြီးနောက်ပိုင်း ၄င်းမှ တရားမဝင် ထိုင်းနိုင်ငံသို့ ခိုးဝင်လာသူများကို တင်းကြပ်စွာစစ်ဆေးနေခြင်းကြောင့်ဖြစ်သည်။

“ဗျူဟာမှူးပြောင်းပြီးတော့ ယခုလို စစ်ဆေးမှုတွေ တင်းကြပ်လာတယ်၊ တချို့ ဒီကော့သောင်းမှာ တာဝန်ကျနေတဲ့ ရဲအုပ်တွေ၊ တပ်ကြပ်တွေ ဒုရဲအုပ်တွေ ပြုတ်သွားတာတွေလည်း ရှိနေတယ်၊ သဘောကတော့ အဲဒီလူတွေ လာဘ်စားထားပြီးတော့ အခုလို တရားမဝင်ခိုးဝင်တဲ့လူတွေကို ခွင့်ပြုထားတယ်ဆိုတဲ့သဘောပေါ့” ဟု အထက်ပါ ပွဲစာက ပြောသည်။

ပြည်တွင်းရှိ ထိုင်းကော်လက်ဖုန်းများ ခေတ္တပိတ်ထား

Fri 19 Mar 2010, ဟောင်ဒိန်း
မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ အသုံးများနေသော ထိုင်းကော်လက်ဖုန်းများကို မြန်မာအာဏာပိုင်နှင့် ဌာနဆိုင်ရာတို့ ပါဝင်သည့် အဖွဲ့ပေါင်းစုံမှ ဝင်ရောက်စစ်ဆေးရန် ရှိသဖြင့် ခေတ္တယာယီ ပိတ်ထားရသည်။

ထိုင်းကော်လက်ပိုင်ရှင်တစ်ဦး၏ ပြောပြချက်အရ “လွန်ခဲ့တဲ့ တစ်ပတ်လောက်ကတည်းက တောင်ပေါ်တွေမှာရှိတဲ့ ဖုန်းတွေကို ပိတ်ဖို့အတွက် အဖွဲ့ပေါင်းစုံက ညွန်ကြားထားတယ်” ဟု ပြောသည်။

ပြည်တွင်းမှာ ဖြစ်ပျက်နေသည်ကို ပြည်ပသတင်းဌာနသို့ ထိုင်းကော်လက်ဖုန်းမှတဆင့် ပြန့်နှံ့နေသည်ဟု အာဏာပိုင်တို့မှ ယူဆသည့်အတွက် မော်လမြိုင်၊ ရေး၊ သံဖြူဇရပ်နှင့် မုဒုံမြို့နယ်တို့တွင် ခေတ္တခဏယာယီပိတ်ရန် ညွန်ကြားခြင်းဖြစ်သည်ဟု မွန်ပြည်နယ်တောင်ပိုင်းမှ ဖုန်းပိုင်ရှင်တစ်ဦးက ပြောသည်။

ဖုန်းများ ယာယီပိတ်ထားရသည့်အတွက် ၄င်းတို့ဝင်ငွေထိခိုက်လာပြီး၊ ဌာနဆိုင်ရာနှင့် စစ်တပ်တို့ပါဝင်သည့် အဖွဲ့ပေါင်းစုံတို့ကိုလည်း ငွေကြေးပေးဆောင်နေရကြောင်း ဖုန်းပိုင်ရှင်တို့က ပြောသည်။ အဘယ်ကြောင့်ဆိုသော် ထိုင်းကော်လက်ဖုန်းသည် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်း တရားမဝင် ဖုန်းများဖြစ်သည့်အတွက် အိမ်နီးချင်းထိုင်းနှင့် ပြည်ပဆက်သွယ်ရန် ဒေသခံအာဏာပိုင်များနှင့် စစ်တပ်တို့အား နားလည်မှုသဘောဖြင့် လစဉ် သို့မဟုတ် နှစ်စဉ် ငွေကြေး ပေးသွင်းရသည်။

“ဖုန်းက တရားဝင်မဟုတ်တော့ နည်းနည်းလေ အလုပ်လုပ်ရတာကို စသုံးလုံးကတဖွဲ့၊ ရဲ (မြန်မာနိုင်ငံရဲတပ်ဖွဲ့) ကတဖွဲ့၊ ရယကနဲ့ အက်ပီတို့တွေလည်း တဖွဲ့မဟုတ် တဖွဲ့တော့ ငွေလာတောင်းနေမြဲပါ၊ ပိုက်ဆံလေနည်းနည်းရတာ ဘာမှ မကျန်တော့ဘူး” ဟု ကော်လက်ဖုန်းပိုင်ရှင်တစ်ဦက ပြောသည်။

မော်လမြိုင်ရှိ အခြားဖုန်းပိုင်ရှင်တစ်ဦးကလည်း ထိုင်းကော်လက်ဖုန်းဆက်သူများမှာ ထိုင်းနိုင်ငံတွင်အလုပ်လုပ်နေသော အလုပ်သမားများမှ ငွေလွှဲခြင်းနှင့် ၄င်းတို့မိသားစုနှင့်ဆက်သွယ်ရာတွင်သာ အသုံးများသည်ဟု ပြောသည်။

ထိုင်းကော်လက်ဖုန်းသည် ဆက်သွယ်ရာတွင် ရေဒီယိုဖွင့်ထားသူများလည်း ကြားနိုင်ပြီး၊ လုံခြုံမှုမရှိဟု ၄င်းဖုန်းပိုင်ရှင်က ပြောသည်။ ၄င်းအပြင် ထိုင်းကော်လက်ဖုန်းမှာ အခြားသူများ အသံဖမ်းနိုင်သည့်အတွက် အသုံးမပြုလိုသော်လည်း အခြားဂြိုလ်ထုကဲ့သို့သော ထိုင်းဖုန်းများနှင့် နှိုင်းယှဉ်ပါက ဈေးသက်သာသည့်အတွက် သာမန်ပြည်သူများက ထိုင်းကော်လက်ဖုန်းကိုသာ အသုံးများကြသည်။

ထိုင်းကော်လက်ဖုန်းမှာ တစ်မိနစ်လျှင် ၃၀၀ ကျပ်ခန့်ပေးရပြီး၊ ဂြိုဟ်တုဖုန်း satellite ဖုန်းမှာ တစ်မိနစ်လျှင် ၆၀၀ ကျပ်ခန့်ပေးရသည်။ သို့သော်လည်း ယခုနောက်ပိုင်းတွင် ဂျီအက်အမ်ဖုန်းနှင့် စီဒီအမ်အေဖုန်းများကိုလည်း အသုံးပြုလာကြသည်။

၂၀၀၇ နောက်ပိုင်းတွင် ထိုင်းကော်လက်ဖုန်း အသုံးပြုမှု များပြာလာခဲ့သည်။ ယခင်က မြို့များတွင်သာ ပိုက်ဆံထုတ်ယူနိုင်သော်လည်း ၂၀၀၇ နောက်ပိုင်းတွင် ထိုင်းမှ ပေးပို့လာသော ငွေကြေးများကို ကျေးရွာမှာလည်း ထုတ်ယူနိုင်ခဲ့သည်။

ဒေသခံ ရာဘာစိုက်ပျိုးလိုသူများ တပ်ပိုင်မြေကြောင့် တိုးချဲ့ စိုက်ပျိုးရန်အခက်အခဲ

ဲFri 19 Mar 2010, တော်လဝီ
မွန်ပြည်နယ်အတွင်းမှာ နှစ်ရှည်ရာဘာပင်များ တိုးချဲ့စိုက်ပျိုးရန် စစ်တပ်မှ တပ်ပိုင်မြေအဖြစ် သတ်မှတ်ထားသောကြောင့် ရာဘာပင်တိုးချဲ့စိုက်ပျိုးရန် အခက်အခဲဖြစ်နေကြသည်။

မွန်ပြည်နယ်အတွင်းရှိ သံဖြူဇရပ်၊ မုဒုံ၊ ရေး၊ သထုံမြို့နယ်တို့သည် ရာဘာအများဆုံးစိုက်ပျိုးရာဒေသဖြစ်ပြီး၊ ရာဘာစေးနှင့် ရာဘာသစ် (ရာဘာဝုဒ်) ဈေးကောင်းရရှိလာနေခြင်းကြောင့်လည်း မြေလွတ်မြေရိုင်း ပေါများသည့် မြို့နယ်အတွင်းသို့ ဝင်ရောက် တိုးချဲ့စိုက်ပျိုးလာကြသည်။

“မုဒုံမြို့နယ်အတွင်းမှာ ရာဘာတိုးချဲ့စိုက်ပျိုးဖို့မြေသိပ်ရှားသွားပြီး၊ မြေလွတ်မြေလပ်လိုနေရာမျိုးကျတော့လည်း စစ်တပ်ပိုင်မြေလို့ ဆိုင်းဘုတ်တပ်ထားတယ်၊ တောင်ခြေအနီးတဝိုက်မှာလည်း တပ်ပိုင်မြေဆိုတဲ့ဆိုင်းဘုတ်တွေနဲ့ပဲဆိုတော့ စိုက်ဖို့နေရာမရှိတော့ဘူး၊ ဒါကြောင့် ကျိုက်မရောမြို့နယ်ဘက်ကို တိုးချဲ့ပြီးတော့ သွားစိုက်ကြတယ်” ဟု မုဒုံမြို့နယ် ညောင်ကုန်းရွာသားတစ်ဦးက ပြောသည်။

“ကျိုက်မရောမြို့နယ်နှင့် မုဒုံမြို့နယ်ကို တောင်ညိုတောင်တန်းက ခြားထားတယ်၊ တောင်ရဲ့အရှေ့ဘက်မှာ ကျိုက်မရောမြို့ရှိတယ်၊ အဲဒီမှာ နတ်စမ်းရွာကနေ ကျွန်းရွာအထိ မြေလွတ် မြေရိုင် ဧကပေါင်း (၃၀၀၀) လောက်ရှိတယ်၊ အဲဒါကို စစ်တပ်ကနေ ၁၉၈၈ နောက်ပိုင်းကနေ သိမ်းလိုက်တယ်၊ တပ်မြေဆိုတဲ့သဘောပေါ့၊ ရာဘာစိုက်ချင်သူတွေကို အနှစ် (၃၀) ဂရမ်စာချုပ်နဲ့ တစ်ဧကကို ၅၀၀၀ ကျပ်ကနေ ၂၀၀၀၀ အထိ ငွေပေးပြီးမှ စိုက်ခွင့်ရတယ်” ဟု ကျိုက်မရောမြို့ခံတစ်ဦးက ပြောသည်။

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ဝဲကလီနှင်း (၄) မိုင်အကွာမှာရှိသည့် အိုင်ရှည်ကွင်းမှာလည်း ရာဘာခြံဟောင်းအပါအဝင် မြေလွတ်မြေရိုင်းဧက (၃၀၀) ခန့်ကို လုံခြုံရေးအရဆိုပြီး တိုင်းဗဟို (၄) မှ သိမ်းယူလိုက်သည်။ ထိုမြေကွက်အတွင်း ရာဘာစိုက်ပျိုးလိုသူများအတွက် တစ်ဧကလျှင် (၂၀၀၀၀) မှ (၃၀၀၀၀) ကျပ်အထိ အနှစ် (၃၀) ဂရမ် စာချုပ်ဖြင့် စိုက်ခွင့်ရရှိမည်ဟု ထိုဒေသအတွင်း ရာဘာစိုက်ပျိုးနေသူတစ်ဦးက ပြောသည်။

မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အားလုံးက ရာဘာစိုက်ပျိုးလိုသူတွေဟာ ရာဘာတိုးချဲ့ စိုက်ပျိုးလိုသော်လည်း မြေစာရင်းဦးစီးဌာနနှင့် နှစ်ရှည်ပင်ဌာနတို့မှ စိုက်ပျိုးခွင့်ပြုထားသည့် မြေနေရာကို တပ်မြေနှင့် လွတ်မလွတ် သေချာသိရန် နယ်မြေခံတပ်ရင်းသို့ သွားရောက်စုံစမ်းပြီးမှ စိုက်ပျိုးလို့ရကြောင်း၊ အထူးသဖြင့် ခလရ (၂၀၈)၊ ခလရ (၃၁) နှင့် အမြှောက်တပ် (၃၅၁၀)၊ (၃၁၇)၊ (၃၁၅) တို့၏ တပ်ပိုင်မြေအများဆုံးဖြစ်သည်ဟု စစ်တပ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

မွန်ပြည်နယ်တွင် ရာဘာစိုက်ဧကပေါင်း (၄၀၇၄၃၂) ရှိပြီး၊ မြန်မာနိုင်ငံ ရာဘာစိုက်ဧက၏ (၄၂) ရာခိုင်နှုန်းရှိကာ ရာဘာစေး ထုတ်လုပ်မှု၏ (၆၀) ရာခိုင်နှုန်းသည်လည်း မွန်ပြည်နယ်မှ ထုတ်လုပ်ရရှိနေသည်ဟု စိုက်ပျိုးရေးစီမံကိန်းဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

Thursday, March 18, 2010

အသစ်ဖွဲ့စည်းထားသည့် ကော်မတီမှ နိုင်ငံရေးပါတီထောင်ရန်ရှိ

Thu 18 Mar 2010, နိုင်မာန်
မွန်ခေါင်းဆောင်တချို့တို့မှ ဖွဲ့စည်းထားသည့် စည်းရုံးရေးကော်မတီအသစ်တို့က မြန်မာစစ်အစိုးရမှ ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်နိုင်ရန်အတွက် နိုင်ငံရေးပါတီ ဖွဲ့စည်းတော့မည်ဖြစ်သည်။

မြန်မာစစ်အစိုးရမှ ရွေးကောက်ပွဲဆိုင်ရာဥပဒေပြဌာန်ချက်များကိုထုတ်ပြန်ကြေငြာလိုက်ပြီးနောက် စည်းရုံးရေးကော်မတီသစ်မှ အဖွဲ့ဝင် ၁၅ ဦးတို့က ထိုဥပဒေထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး အစည်းအဝေးလုပ်ခဲ့သည်။

ထိုအစည်းအဝေးမှာ ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ရလဒ်တစုံတရာ မထွက်ရှိခဲ့ခြင်းကြောင်း လာမည့် ယခုလနောက်ဆုံးအပတ်မှာ နာယကအဖွဲ့ဝင်သုံးဦးတို့နှင့်အတူ နောက်ထပ် အစည်းအဝေးတစ်ရပ်ပြုလုပ်ရန်ရှိပြီး၊ နိုင်ငံရေးပါတီဖွဲ့စည်းရန်အတွက် ဆုံးဖြတ်ချက်ချမည်ဖြစ်သည်။

“အစည်းအဝေးကို ဘာဖြစ်လို့ ဒီလ ၃၁ ရက်နေ့မှာရွေ့လိုက်ရတာလဲဆိုတော့ ကျနော်တို့က အန်အယ်လ်ဒီအဖွဲ့၊ တိုင်းရင်းသား အပစ်ခတ်ရပ်စဲရေးအဖွဲ့တွေကို စောင့်ကြည့်ရအုံးမယ် ပြီးတော့မှ ဆုံးဖြတ်ချက် ပြတ်ပြတ်သားသားချလို့ရမှာ” ဟု စည်းရုံးရေးကော်မတီသစ်မှ ပါတီဝင်တစ်ဦးက ပြောသည်။

ကော်မတီအဖွဲ့ဝင် ၁၅ ဦးတို့သည်လည်း ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး အမြင်နှစ်မျိုးထွက်ပေါ်နေသည်။ တချို့က ၂၀၀၈ ဖွဲ့စည်းပုံကို ဆန့်ကျင်ကြောင်းနှင့် တချို့က လာမည့် ၂၀၁၀ ရွေးကောက်ပွဲမှာ မွန်အမျိုးသားတို့အနေနှင့် ပါဝင်သင့်သည်ဆိုပြီး ရွေးကောက်ပွဲဝင်ရန်လိုအပ်ကြောင်း အမြင်နှစ်ခုထွက်ပေါ်နေသည်။

“နိုင်ငံရေးလှုပ်ရှားမှုမှာ အမြင်မတူကြတာတွေတော့ဖြစ်တက်ပါတယ်၊ ဒါပေမယ့် လူမျိုးအရေးနဲ့ပတ်သက်ပြီးတော့ အမြင်တမျိုးပဲ ဖြစ်စေချင်တယ်” ဟု တခြားပါတီဝင်တစ်ဦးက ပြောသည်။

“ဥပဒေကော်မရှင်ကိုပဲကြည့်ကြည့် နိုင်ငံရေးပါတီဘက်ကိုပဲကြည့်ကြည့် ကျနော်တို့အတွက်တော့ ကျဉ်းကြပ်တဲ့အနေအထားမှာပါ၊ ပါတီထောင်တဲ့လူတွေက ပါတီထောင်၊ ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံတဲ့လူတွေ ရွေးကောက်ပွဲကို လက်မခံတဲ့လူတွေကျတော့ ကျနော်တို့ရဲ့ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့တို့နဲ့ ပူးပေါင်းပြီးတော့ ဆက်ပြီး ဆန့်ကျင်သွားမယ်” ဟု မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ အထွေထွေအတွင်းရေးမှူး ဒေါက်တာမင်းစိုးလင်းက ပြောသည်။

စည်းရုံးရေးကော်မတီကို ဇွန်လ ၂၉ ရက်နေ့တွင် ကျရောက်သည့် မွန်ပြည်သစ်ပါတီနှင့် မြန်မာစစ်အစိုးရတို့ အပစ်အခတ်ရပ်စဲထားသည့် ၁၄ နှစ်ပြည့်နေ့တွင် ကော်မတီဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။

မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ ဗဟိုအလုပ်မှုဆောင် နိုင်သိမ်းမောင် ကွယ်လွန်

Thu 18 Mar 2010, လွတ်လပ်သောမွန်သတင်းအေဂျင်စီ
မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ ဗဟိုအလုပ်အမှုဆောင် နိုင်သိမ်းမောင်သည် လေဖြတ်ရောဂါဖြင့် မတ်လ ၁၇ ရက်နေ့မှာ ကွယ်လွန်သွားခဲ့သည်။ ကွယ်လွန်ချိန်မှာ အသက် (၉၁) နှစ်ရှိသည်။

နိုင်သိမ်းမောင်သည် ပေါင်မြို့ဇာတိဖြစ်ပြီး၊ ကွယ်လွန်ချိန်ထိ ပေါင်မြို့မှာပင် အခြေချသွားခဲ့သည်။ နိုင်သိမ်းမောင်မှာ သားသမီးမထွန်းကားခဲ့ပဲ၊ ကွယ်လွန်ချိန်မှာ ဇနီးသည်သာ ကျန်ရစ်ခဲ့သည်။

ကျန်ရှိနေသည့် နိုင်သိမ်းမောင်၏ ရုပ်ကလာပ်ကို မတ်လ ၂၀ ရက်နေ့မှာ အသုဘချမည်ဖြစ်ပြီး၊ မတ်လ ၂၃ ရက်နေ့မှာ ရေစက်ချအမျှဝေမည်ဖြစ်သည်။

နိုင်သိမ်းမောင်သည် လေဖြတ်ထားသည့်ဝေဒနာဖြင့် ၉ နှစ်နီးပါး ခံစားလာခဲ့ရသည်။ ကျန်းမာရေးမကောင်းဖြစ်နေသည့်အချိန်မှာ မွန်ခေါင်းဆောင်များနှင့် မွန်လူငယ်တို့က နိုင်သိမ်းမောင်ကို ဂုဏ်ပြုလိုခြင်းနှင့် မွန်လူမျိုးများအကြား စည်းစည်းရုံးရုံးရှိလိုစေခြင်းကြောင့် နှစ်စဉ်နှစ်တိုင်း သူ၏မွေးနေ့ကို ကျင်းပပြုလုပ်ခဲ့သည်။

“ကျနော်တို့ရဲ့ ခေါင်းဆောင်နိုင်သိမ်းမောင်ဟာ လူမျိုးအပေါ် တာဝန်ကျေခဲ့ပါတယ်၊ နိုင်ငံရေးလှုပ်ရှားမှုအဆက်က်မှာ လှုပ်ရှားလာခဲ့တာတွေ ဒါကိုပြန်ကြည့်လိုက်ရင်တော့ အခုလို ကွယ်လွန်သွားတာဟာ ကျနော်တို့ မွန်လူမျိုးတွေအတွက် ခေါင်းဆောင်ကောင်းတစ်ယောက် ဆုံးရှုံးသွားရသလိုပါပဲ” ဟု ဒေါက်တာ နိုင်အောင်မိုးက ပြောသည်။

နိုင်သိမ်းမောင်သည် မွန်ပြည်သူ့တပ်ဦးမှာ တွဲဖက်အတွင်းရေးမှူးအနေဖြင့် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ နိုင်ငံရေးလှုပ်ရှားမှုအပိုင်းမှာလည်း ပါဝင်လှုပ်ရှားခဲ့ဖူးသည်။ ၁၉၆၁ ခုနှစ် မွန်ပြည်နယ်ဖော်ထုတ်ရေး အလုပ်ကော်မတီ (ဗဟို) ဖွဲ့စည်းရာမှာလည်း ဗဟိုကော်မတီဝင်တစ်ဦးအနေဖြင့် ပါဝင်ခဲ့သည်။

နိုင်သိမ်းမောင်ကွယ်လွန်ခြင်းအခမ်းအနားသို့ မွန်ခေါင်းများ၊ မွန်လူငယ်များအပါအဝ မွန်ပြည်သူအများအပြားတက်ရောက်ရန်ရှိပြီး၊ ထိုမှာပင် မွန်ခေါင်းဆောင်တို့က ၂၀၁၀ ရွေးကောက်ပွဲအကြောင်းဆွေးနွေးရန်လည်း အစီအစဉ်ရှိသည်ဟု မွန်အမျိုးသားဒီမိုကရေစီအဖွဲ့မှ ဒေါက်တာ မင်းစိုးလင်းက ပြောသည်။

Wednesday, March 17, 2010

အာဏာတို့မှ ဆိုင်ကယ်ဖြင့် ခရီးသွားလာနေသူအပေါ် စစ်ဆေးမှု ပိုမိုတင်းကြပ်လာ

Wed 17 Mar 2010, ကွန်းဟဒေ့
မွန်ပြည်နယ်အတွင်း အထူးသဖြင့် မော်လမြိုင်-ရေး ကားလမ်းတစ်လျှောက်ရှိ ဂိတ်များမှာ အစိုးရ အာဏာပိုင်အဖွဲ့အစည်းတို့မှ မော်တော်ဆိုင်ကယ်ဖြင့် ခရီးသွားလာနေသူများအပေါ် စစ်ဆေးမှု ပိုမိုတင်းကြပ်ထားသည်။

ယခုလို အာဏာပိုင်တို့မှ စစ်ဆေးမှုပြုလုပ်လာနေသည်မှာ လွန်ခဲ့သည့် ဖေဖော်ဝါရီလမှစတင်ခဲ့ပြီး၊ စစ်ဆေးမှုမှာ တဖြည်းဖြည်းတင်းကြပ်လာနေသည်။

“ပထမတုန်းက လိုင်စင်မရှိတဲ့ ဆိုင်ကယ်တွေကို ဖမ်းဖို့လို့ ကျနော်ထင်တယ်၊ ဆိုင်ကယ်ဖမ်းတာမဟုတ်ဘူး၊ ဆိုင်ကယ်မှာ ဘာပါလာသလဲပေါ့၊ ဆိုင်ကယ်နောက်ဖုံးတွေကို ဖွင့်ပြီးစစ်တယ်၊ စစ်ပြီးလို့ ဘာမှမတွေ့ဘူးဆိုရင် သွားခွင့်ပေးတာ၊ သူတို့ဘာကို အဓိကထားပြီး စစ်တာလဲဆိုတာကိုတော့ ကျနော်တော့မသိဘူး” ဟု သံဖြူဇရပ်မှ မော်လမြိုင်သို့အတက် လမ်းမှာ အစစ်ဆေးခံထားရဖူးသူတစ်ဦးက ပြောသည်။

မော်လမြိုင်-ရေးကားလမ်းတစ်လျှောက်ရှိ ဂိတ်ဖွင့်ထားသည့် နေရာတွေမှာ ရဲ၊ စစ်တပ်တို့အပါအဝင် အခြားဌာနမှတာဝန်ရှိများစုပေါင်းထားသည့် (အဖွဲ့ပေါင်းစုံ) တို့မှ အင်အား ၂၀ ခန့်ဖြင့် စောင့်နေကြသလို တချို့ဂိတ်တွေမှာ အင်အား ၅၀ ခန့်အထိ စောင့်ဆိုင်းစစ်ဆေးမှု ပြုနေသည်။

အစစ်ဆေးခံရသော အခြားခရီးသွားအများစုသည်လည်း မည်သည့်အကြောင်းကြောင့် အာဏာပိုင်အဖွဲ့အစည်းတို့က စစ်ဆေးနေသည်ကို မသိရှိရကြောင်း ၄င်းခရီးသွားက ပြောသည်။

“အရင်ကစစ်ဆေးတာထက်ကို ထူးတော့ ထူးခြားနေတယ်၊ အဖွဲ့ပေါင်းစုံထဲမှာ စာအုပ်စာတမ်းတွေနဲ့ ပြီးတော့ ဥပဒေဆိုင်ရာဌာနကလို့ထင်ရတဲ့လူတွေလည်းပါတယ်၊ မသင်္ကကာတဲ့လူဆိုရင် ဆိုင်ကယ်ကို အသေအချာစစ်ပြီးတော့ ဘယ်ကိုသွားမှာလဲ၊ ဘယ်ကနေလာတာလဲ စသဖြင့်ပေါ့ အဲလိုမေးပြီးတော့ သွားခွင့်ပြုတယ်” ဟု မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။

ဝေဖန်သုံးသပ်သူတချို့က သံဖြူဇရပ်မြို့ပေါ်မှာ မွန်သံဃာတော်တစ်ပါး အဖမ်းခံရပြီးနောက်ပိုင်း၊ ယခုကဲ့သို့ စစ်ဆေးမှုများကို အာဏာပိုင်တို့မှ တင်းကြပ်စွာ စစ်ဆေးလာခဲ့ပြီး၊ ယခုအချိန်အထိ ဆက်လက်စစ်ဆေးနေဆဲဖြစ်သည်။ ဆိုင်ကယ်ဖြင့် ခရီးသွားလာသူများကိုသာ စစ်ဆေးမှု ပြုလုပ် ရခြင်းမှာ ဆိုင်ကယ်အတွင်း ဖောက်ခွဲရေးပစ္စည်းများ ပါ၊ မပါကို စစ်ဆေးလိုခြင်း ဖြစ်သည်ဟု အာဏာပိုင်အဖွဲ့အစည်းတို့၏ ပြောဆိုချက်ကိုကိုးကားပြီး၊ သံဖြူဇရပ်မြို့နယ်အတွင်းရှိ ကျေးရွာဥက္ကဌနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဖောက်ခွဲရေးပစ္စည်းကိုသာ အဓိကထားစစ်ဆေးခြင်းဖြစ်သည်ဟု အာဏာပိုင်တို့ဘက်မှ ပြောဆိုသော်လည်း ထိုအကြောင်းပြချက်သည် မခိုင်လုံကြောင်းနှင့် နိုင်ငံရေး လှုပ်ရှားနေသူများ အလန့်တကြာဖြစ်စေရန် မြန်မာစစ်အစိုးရတို့၏ နည်းဗျူဟာဖြစ်သည်ဟု နိုင်ငံရေး လေ့လာသုံးသပ်တစ်ဦးက ပြောသည်။

မွန်ပြည်သစ်ပါတီနှင့် ရတခတိုင်းမှူး ယနေ့တွေ့ဆုံ

Wed 17 Mar 2010, လွတ်လပ်သောမွန်သတင်းအေဂျင်စီ
မွန်ပြည်သစ်ပါတီမှ ထိပ်ပိုင်းအရာရှိခေါင်းဆောင်များနှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်နိုင်ဝင်းတို့ ယနေ့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

“ဒီနေ့မှာတော့ အရှေ့တောင်တိုင်း တိုင်းမှူးနဲ့ မော်လမြိုင်မှာရှိနေကြတဲ့ တာဝန်ခံတွေ တွေ့ဆုံကြတယ်ဆိုတာ ဟုတ်တယ်၊ ဒါပေမယ့် သူတို့တွေ ဘာအကြောင်းဆွေးနွေးမယ်ဆိုတာတော့ အတိအကျမသိသေးဘူး” ဟု မွန်ပြည်သစ်ပါတီအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ယနေ့နံနက်ပိုင်း တွေ့ဆုံမည့်သူများတွင် မွန်ပြည်သစ်ပါတီမှ ဒုဥက္ကဌ နိုင်ရဿ၊ ဗိုလ်ချုပ်နိုင်ဇေယျ၊ မော်လမြိုင်မြို့ရှိ ပါတီတာဝန်ခံများမွန်ပြည်သစ်ပါတီခေါင်းဆောင်များနှင့် တိုင်းမှူး ဗိုလ်ချုပ်သက်နိုင်ဝင်းတို့ ပါဝင်သည်။

သို့သော် ယခုတွေ့ဆုံဆွေးနွေးမှုမှာ မြန်မာစစ်အစိုးရဘက်မှ မည်သည့်အကြောင်း ဆွေးနွေးမည်ကို မသိရှိရသေးဘဲ လာမည့် ၂၀၁၀ ရွေးကောက်ပွဲအကြောင်းဆွေးနွေးနိုင်သည်ဟု နိုင်ငံရေး လေ့လာသူတို့က ဝေဖန်သုံးသပ်နေကြသည်။

မတ်လ ၁၆ ရက်နေ့မှစပြီး မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင်များ အစည်းအဝေးတရပ်ကျင်းပနေပြီး၊ ထိုအစည်အဝေးတွင် ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်သည့်များကိုလည်း အဓိက အကြောင်းအရာတခုအနေဖြင့် ဆွေးနွေးမည်ဖြစ်သည်။

၂၀၀၉ ဇွန်လ ၇ ရက်နေ့တွင် မွန်ပြည်သစ်ပါတီခေါင်းဆောင်တချို့နှင့် နအဖခေါင်းဆောင်တချို့တို့သည် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင် တိုင်းမှူးဗိုလ်ချုပ်သက်နိုင်ဝင်းနှင့် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ၂၀၀၉ မတ်လတွင် ပထမအကြိမ်အဖြစ် တွေ့ဆုံခဲ့ကြသည်။

ပြီးခဲ့သည့် တွေ့ဆုံဆွေးနွေးပွဲများတွင် မြန်မာစစ်အစိုရဘက်မှ မွန်ပြည်သစ်ပါတီအပေါ် ဖိအားပေးမှုမျိုး တစုံတရာ ဆွေးနွေးခဲ့ခြင်းမရှိဘဲ မွန်ပြည်သစ်ပါတီအပေါ်ကမ်းလှမ်းထားသည့် နယ်ခြားစောင့်တပ်ပြောင်းလဲရေးကို ဆွေးနွေးဖြစ်ခဲ့ကြသည်။

တွေ့ဆုံခဲ့သည့် နှစ်ကြိမ်တိုင်းတွင် မွန်ပြည်သစ်ပါတီမှ ဥက္ကဌ နိုင်ထောမွန်အပါအဝင် မော်လမြိုင်မြို့တာဝန်ခံ ဗဟိုအလုပ်အမှုဆောင်ကော်မတီ နိုင်တလညီ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ နိုင်ထာဝရ၊ တွဲဖက်အတွင်းရေးမှူး နိုင်ချမ်းတွဲ့နှင့် ဗိုလ်ချုပ် နိုင်ဇေယျတို့ပါဝင်ကြသည်။

စာမေးပွဲကာလအတွင်း မီးကြောင့် ကျောင်းသား/သူနှင့် ကျောင်းသားမိဘများအကြား အခက်အခဲဖြစ်

Tue 16 Mar 2010, မိလရီထော
ယခုလို ကျောင်းသားများ စားမေးပွဲဖြေဆိုချိန်ကာလအတွင်း မွန်ပြည်နယ်ရှိ မြို့နယ်အများစုမှ မီးပုံမှန်မရရှိခြင်းကြောင့် ကျောင်းသားများအပါအဝင် ကျောင်းသားမိဘများ အခက်အခဲဖြစ်နေကြကြောင်း သိရသည်။

“မုဒုံမြို့ပေါ်မှာဆိုရင် မီးပုံမှန်မလာတော့ဘူး၊ ပိုဆိုးတာက ကျောင်းသားတွေ စားမေးပွဲဖြေနေတဲ့အချိန်လည်းဖြစ်နေတယ်၊ တချို့မီးစက်ရှိတဲ့အိမ်ဆို ဆီဝယ်ပြီးတာ့ ကိုယ့်မီးစက်နဲ့ ကိုယ်မောင်းရတယ်၊ စက်မရှိတဲ့အိမ်ဆို အခက်အခဲဖြစ်တာပေါ့ ဘယ်လိုလုပ်ရမှာလဲ ကိုယ့်သားသမီးအတွက် အခက်အခဲဖြစ်တာပေါ့၊ မီးစက်မရှိတဲ့အိမ်မှာ ကျောင်းသားတွေ ဖယောင်းတိုင်မီးနဲ့ စာဖတ်နေရတယ်” ဟု မုဒုံမြို့ပေါ်ရှိ အလယ်တန်းကျောင်းသားမိဘတစ်ဦးက ပြောသည်။

လွန်ခဲ့သည့် ၅ လခန့်က မုဒုံမြို့တဝိုက်တွင် မီးပုံမှန်လာနေပြီး၊ တချို့ရက်တွေမှာ တနေကုန်လာပြီး၊ တချို့ရက်တွေမှာ နေ့လာပြီး၊ ညပျက်သွားသည်လည်း ရှိခဲ့သည်။ မီးပျက်သည်ဟုဆိုသော်လည်း ခဏလေးသာပျက်ပြီး ပြန်လာလေ့ရှိသည်။ သို့သော် ယခုအခြေအနေသည် ယခင်ကထက် ပိုမိုဆိုးဝါးနေကြောင်းသိရသည်။ မီးလာဟုဆိုသော်လည်း လူအများအိပ်ရာဝင်ချိန်နှင့် မအားလပ်သည့်အချိန်မှာသာ လာလေ့ရှိပြီး၊ လာလိုက် ပျက်လိုက်နှင့် တစ်ခါတစ်လေဆိုလျှင်လည်း ည (၁၀) နာရီ၊ နံနက် (၂) နာရီမှသာ ထလာတက်သည်။

“မနှစ်ကဆို စာမေးပွဲဖြေချိန်မှာ မီးမလာလို့ မော်လမြိုင်မှာ ကျောင်းသားတွေ ဆန္ဒပြကြတယ်၊ ဒီနှစ်မှာလည်း မီးက လာကိုမလာတာ၊ မနှစ်ကလိုပဲ၊ ခဏပဲလာပြီးတော့ တနေကုန် တညလုံးပျက်သွားရောပဲ၊ ဒါပေမယ့် မနှစ်ကလိုတော့ ဘယ်သူမှ မလှုပ်ရှားရဲဘူး၊ ကျောင်းသားတွေလည်း ငြိမ်းနေကြတယ်” ဟု မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။

ယခုလို စာမေးပွဲကာလအတွင်း မီးပုံမှန်ပျက်နေခြင်းကြောင့် တချို့သော စီးပွားရေးအဆင်ပြေသည့်ကျောင်းသားမိဘများအတွက် အခက်အခဲဖြစ်နိုင်ချေနည်းသော်လည်း တချို့သော စီးပွားရေးအဆင်မပြေသည့်ကြားမှ သားသမီးပညာရေးအတွက် ကျောင်းထားနေကြရသည့် မိဘများအတွက် အခက်အခဲမျိုးစုံနှင့် ကြုံတွေ့နေကြသည်။

“တလောကတော့ လာလိုက် ပျက်လိုက်နဲ့ မီးလာတော့ လာတယ်၊ မော်လမြိုင်မြို့မှာဆို တစ်နေ့လုံးမှာမှ (၅-၆) နာရီလောက်ပဲလာတယ်၊ ကျောင်းသားတွေ စာမေးပွဲမဖြေခင်ကဆို ဟုတ်တာပေါ့၊ အခုလို စားမေးပွဲကာလမှာဆိုရင် မီးအချိန်ပြည့်ပေးသင့်တာပေါ့၊ ကျောင်းသားတွေရော မိဘတွေရော ဒုက္ခရောက်ကြရတယ်၊ ဒီအကြောင်းနဲ့ ပတ်သတ်ပြီးတော့ ဘယ်သူမှ မကျေနပ်ကြပေမယ့် ဘယ်သူမှလည်း မပြောရဲ မဆိုရဲပါဘူး” ဟု မော်လမြိုင်မြို့ မြိုင်သာယာရပ်ကွက်မှ ဒေသခံတစ်ဦးက ပြောသည်။

မုဒုံမြို့ပေါ်မှာသာမက မုဒုံမြို့နယ်အတွင်းရှိ လျှပ်စစ်မီးရယူထားသည့် ကျေးရွာများမှာလည်း တစ်နေ့လျှင် (၂-၃) နာရီလောက်သာ မီးရရှိနေပြီး၊ တချို့ရက်တွေမှာ ခဏသာလာလေ့ရှိသော်လည်း တချို့ရက်တွေမှာ လုံးဝမလာသည့်ရက်များလည်းရှိသည်။ ယခုလိုအခြေအနေမျိုးမှာ ၁၀ တန်းကျောင်းသား/သူများနှင့် သက္ကသိုလ်ကျောင်းသားများအတွက် များစွာအခက်အခဲ ကြုံတွေ့ကြရသည်။

လွန်ခဲ့သည့် ၂၀၀၉ ခုနှစ် မတ်လ (၆) ရက်နေ့တုန်းကလည်း ယခုလို စာမေးပွဲကာလအတွင်း မီးပုံမှန်မလာသည့်အတွက်ကြောင့် ၁၀ တန်းကျောင်းသား/သူများနှင့် တက္ကသိုလ်ကျောင်းသား စုစုပေါင်းအယောက် ၁၀၀ ကျော်တို့က မော်လမြိုင်မြို့ မန္တလေးရပ်ကွက် လျှပ်စစ်အင်ဂျင်နီယာရုံး၊ ငန်းတေးမီးစက်ရုံနှင့် ရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင် ဆိုင်ကယ်ဖြင့် လှည့်လည်ပြီး မြိုင်သာယာရပ်ကွက်တွင် လျှပ်စစ်မီးပေးရန် တောင်းဆိုခဲ့ကြသည်။

ထိုကဲ့သို့ ကျောင်းသားများ လျှပ်စစ်မီးပေးရန် ဆန္ဒပြတောင်းဆိုခဲ့ပြီး နောက်တနေ့မှာ မြိုင်သာယာတရပ်ကွက်လုံးမှာ လျှပ်စစ်မီး ပုံမှန်ပြန်လည်ရရှိလာခဲ့သည်။

ပြည်တွင်းကားဈေးကွက် ဆက်လက်ကျဆင်းမည်

Tue 16 Mar 2010, ကွန်းချမ်း
မြန်မာနိုင်ငံ ပြည်တွင်းကားဈေးကွက်သည် ပုဂ္ဂလိကလုပ်ငန်းရှင်အချို့ကို မော်တော်ယာဉ် တင်သွင်းခွင့်ပြုလိုက်ခြင်း၊ မော်တော်ယာဉ်ဈေးကွက်တွင် အစိုးရကားလေလံပွဲများဆက်တိုက် ကျင်းပနေခြင်းတို့ကြောင့် မော်တော်ယဉ်ဈေးနှုန်းများလည်း တရိပ်ရိပ်ကျဆင်းနေသည်။

ယခင်က မော်တော်ယာဉ်တင်သွင်းခွင့်ကို နိုင်ငံခြားမှာ တရားဝင်အလုပ်လုပ်နေကြသူများ၊ သဘောင်္သားများ၊ ပညာတော်သင်များ၊ သွင်းကုန် ထုတ်ကုန်လုပ်ငန်းရှင်များနှင့် ဦးပိုင်များမှ တင်သွင်းခွင့်ရရှိထားခဲ့သည်။ အခုနောက်ပိုင်းမှာ ပြည်တွင်းပုဂ္ဂလိကကုမ္ပဏီများပါ တင်သွင်းခွင့် ပြုလာတာကြောင့် ဈေးနှုန်းများဆက်လက်ကျဆင်းနေခြင်းဖြစ်သည်။

ကမ္ဘာ့စီးပွားရေးကျဆင်းလာပြီးနောက်ပိုင်း ကျဆင်းလာသည့် ပြည်တွင်းကားဈေးကွက်မှာ ၂၀၀၉ ခုနှစ် နှစ်ကုန်ပိုင်းမှ အစိုးရလေလံတင်ကားများကြောင့် ဈေးနှုန်းပိုမိုကျဆင်းလာခဲ့သည်။ ယခု ၂၀၁၀ ခုနှစ် နှစ်ဆန်းပိုင်းမှစပြီး ပုဂ္ဂလိကလုပ်ငန်းရှင်များ မော်တော်ယာဉ်တင်သွင်းခွင့် ပြုလာတာကြောင့် ကားဈေးကွက်မှာ အရောင်းအဝယ်အေးလျှက်ရှိသည်။ ဒီ့ထက်ဈေးနှုန်း ပိုမိုကျဆင်းလာလိမ့်မည်ဟု မျှော်မှန်းနေကြသည့်အတွက် ဝယ်ယူသူများ ဝယ်ယူဖို့ရန် မဝံ့မရဲ ဖြစ်နေကြကြောင်းသိရသည်။

“ဟိုတုန်းက ကျနော်သွားနေကြ ဟံသာဝတီအဝိုင်းကားပွဲတန်းဆိုရင် မနက် ၈ နာရီလောက်ကစပြီး၊ ရောင်းသူကော ဝယ်သူပါ စည်စည်ကားကား အမြဲတမ်းရှိတယ်။ အခုနောက်ပိုင်း အရောင်းအဝယ်သိပ်ပါးတော့ ကျနော်တို့လို တစ်သီးပုဂ္ဂလအရောင်းအဝယ် အကျိုးတော်ဆောင်တွေတောင် အလာနည်းသွားတာတွေ့ရပါတယ်။ အရောင်းအဝယ်ဖြစ်သွားတဲ့ကားတွေဆိုလည်း ဆိုဈေးနဲ့ ဝယ်ဖြစ်တဲ့ဈေးက မော်တော်ယာဉ်အမျိုးအစားအလိုက်ကို သိန်း ၃၀၊ ၄၀ လောက် ကွာနေတာတွေ့ရပါတယ်” ဟု ရန်ကုန်မှ ကားအရောင်းအဝယ်အကျိုးတော်ဆောင်တစ်ဦးထံမှ သိရသည်။

ယခုလိုမျိုး ကားဈေးကွက် အရောင်းအဝယ်မဖြစ်မှုကြောင့် မော်တော်ယာဉ်အရောင်းအဝယ်လုပ်နေကြသည့် အကျိုးတော်ဆောင်လုပ်ငန်းတွေမှာလည်း ထိခိုက်မှုရှိနေတယ်လို့ ၄င်းက ဆက်ပြောသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မော်တော်ယာဉ်တင်သွင်းခွင့်ဌာန၏ တရားဝင်သတင်းထုတ်ပြန်ချက်အရ ၄င်းတို့သတ်မှတ်ထားသည့် ၂၀၀၂ ခုနှစ်နှင့်အထက် မော်ဒယ်ရှိ ခရီးသည်တင်ယာဉ်များ၊ ကုန်တင်ယာဉ်များကို နိုင်ငံခြားဝင်ငွေရှိသူ အခွန်ကင်းရှင်းသူတိုင်း ခွင့်ပြုချက်ရယူစရာမလိုပဲ တင်သွင်းခွင့် ပြုလိုက်သည့်နောက်ပိုင်း ကားဈေးကွက်များ ပိုမိုသိသာစွာ ကျဆင်းလာပါသည်။

အစိုးရလေလံကားများကြောင့် ကားဈေးကျလာသည့် အဓိကအကြောင်းအရာတခုပါ၊ ဘာလို့လည်းဆိုတော့ မော်ဒယ်နိမ့်လေလံတင်တဲ့ ကားတွေကိုဈေးပေါပေါနဲ့ ဝယ်ယူပြီး အတွင်းပိုင်းပစ္စည်းတွေကို နောက်ဆုံးပေါ် မော်ဒယ်ပစ္စည်းတွေလဲတပ်ကြတယ်၊ တချို့ဆိုရင် နယ်စပ်ကတင်သွင်းလာတဲ့ ယာဉ်တစီးလုံးနဲ့ပါ အလဲအလှယ်တွေ ပြုကြတာ ကြားရတယ်၊ ပြီးတော့ တရားဝင်ပိုင်ဆိုင်ခွင့် ရလာတဲ့ ရောစပ်မော်ဒယ်ပါဝင်တဲ့ အဲဒီယာဉ်တွေကို ဈေးကောင်းကောင်းနဲ့ ပြန်ရောင်းတာတွေ လုပ်တတ်ကြတယ်” ဟု မြန်မာနိုင်ငံ ဆန်ကုန်သည်များအသင်း၊ ရန်ကုန်မှ ဒုတိယ ဥက္ကဌက ပြောသည်။

အစိုးရလေလံတွေ ရပ်သွားရင်တောင် ကားဈေးတက်လာဖို့က သိပ်မသေချာပါဘူး၊ ဘာလို့လည်းဆိုတော့ တင်သွင်းခွင့်ရ ပုဂ္ဂလိကလုပ်ငန်းရှင်တွေလည်း ယာဉ်တွေတင်သွင်းလာတော့မယ့်အနေအထားရှိနေတော့ ကားဈေးကဆက်လက်ကျနေမှာပဲဟု ၄င်းက ဆက်ပြောသည်။

လက်ရှိအနေအထားမှာ ကားဈေးနှုန်း ဆက်လက်ကျဆင်းနေရာမှ ဈေးနှုန်းအနည်းငယ်ဦးမော့လာပေမယ့် ယခုလိုဖြစ်တာဟာ အခိုက်အတန့်ပင် ဖြစ်သည်ဟု တပိုင်တနိုင်အရောင်းအဝယ်ပြုနေသူ တဦးကပြောသွားပါသည်။

“ခါတိုင်းနှစ်မှာ ဒီအတိုင်းပါပဲ ကျောင်းပိတ်ရက် ခရီးရှည်ထွက်ကြလေ့ရှိတဲ့ အခုလိုရာသီမျိုးမှာ၊ သင်္ကြန်နီးလာတဲ့အချိန်တွေမှာ ကားဈေးတွေတက်ပြီး၊ အဝယ်လိုက်တတ်ပါတယ်။ ခါတိုင်းနှစ်တွေက ဒီ့ထက်ကို ရာခိုင်နှုန်းအားဖြင့် ဈေးပိုတက်တာ၊ အခုယာယီ ဈေးတက်တာက အစိုးရလေလံကားတွေရပ်ဆိုင်းသွားလို့ ဈေးတက်လာတာဖြစ်နိုင်တယ်၊ ဒါပေမယ့် အတိုင်းအတာအားဖြင့် နည်းနေပါသေးတယ်။ ဈေးတွေ ဆက်လက်တက်လာပြီး အဝယ်လိုက်လာမယ်ဆိုရင်လည်း ကားတင်သွင်းခွင့်ရထားတဲ့ ကုမဏီတွေက ကားမျိုးစုံ တင်သွင်းလာမှတော့ ဒီ့ထက်ဈေးတက်လာနိုင်စရာတော့ အကြောင်းမရှိနိုင်ပါဘူး” ဟု ၄င်းက ဆက်ပြောသည်။

မကြာခင်ရက်အနည်းအငယ်ကလည်း မော်ဒယ်နိမ့်ကားများကို မြို့တွင်းမောင်းနှင်ခွင့် ပိတ်ပင်တော့မည်ဆိုသည့်သတင်း ထွက်ပေါ်လာခြင်းကြောင့်လည်း မော်ဒယ်နိမ့်ကားများ ဈေးဆက်တိုက်ကျဆင်းနေခဲ့သည်ဟု ၄င်းက ဆက်ပြောသည်။

နိုင်ငံသားကုမဏီတွေကို မော်တော်ယာဉ်တင်သွင်းခွင့်ပြုလိုက်ခြင်းအားဖြင့် ပြည်တွင်း မော်တော်ယာဉ်ရောင်းအားပြိုင်ဆိုင်မှုများကြောင့် ဈေးနှုန်းများဆက်လက်ကျနိုင်သလို မော်ဒယ်မြင့်ကားများလည်း အရေအတွက်များများ ဝင်လာလိမ့်မည်ဟု မျှော်လင့်နေကြသည်။ သို့သော် ယာဉ်တန်ဖိုးထက် ၁၀ ဆ ၁၅ ဆမြင့်သည့် လိုင်စင်ကြေးအတိုင်းဆိုလျှင် ကားဈေးနှုန်းကျလာခဲ့လျှင်လည်း လူတန်းစားပေါင်းစုံ ယာဉ်ပိုင်ဆိုင်နိုင်သည့် အနေအထား မရှိနိုင်ကြောင်း ယူဆရသည်။

နေရပ်စွန့်ခွာလာကြသူများ စားဝတ်နေရေးအခတ်အခဲနှင့် ရင်ဆိုင်ကြုံတွေ့ရဖွယ်ရှိ

Sat 13 Mar 2010, မင်းအဲ
မြန်မာနိုင်ငံတောင်ပိုင်း၊ ရေးဖြူမြို့နယ်အတွင်း အခြေချနေသည့် မြန်မာစစ်တပ်တို့၏ ညှင်းပန်းနှိပ်စက်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုကြောင့် ဒေသခံများ နေရပ်စွန့်ခွာပြီး၊ မွန်ပြည်သစ်ပါတီထိန်းချုပ်ရာနယ်မြေအတွင်းသို့ ထွက်ပြေးရောက်ရှိလာရာ လက်ရှိအခြေအနေအရ စားဝတ်နေရေးအခတ်အခဲဖြစ်နေကြောင်း သိရသည်။

ရေးဖြူမြို့နယ်အတွင်းရှိ ကျောက်ကဒင်၊ ကျောက်တလင်း၊ အလယ်စခန်း၊ ပေါက်ပင်ကွင်း၊ ကျောက်ထရံ၊ ဓနိတောအစရှိသည့်ကျေးရွာများအပါအဝင် ခေါ်ဇာမြို့နယ်ခွဲမှ ကျုံးကညာ၊ ရွှေဟသာင်္ရွာသစ်၊ မန်ကျည်းအစရှိသည့်ကျေးရွာများမှ ဒေသခံ (၂၀၀) ကျော် မွန်ပြည်သစ်ပါတီထိန်းချုပ်ရာ ထားဝယ်ခရိုင်အတွင်းသို့ ရောက်ရှိလာပြီး၊ ဆက်လက်လည်း ထွက်ပြေးရောက်ရှိလာနေဆဲ ဖြစ်ကြောင်း သိရသည်။

ထွက်ပြေးရောက်ရှိလာသူများသည် လူကြီး၊ ကလေး၊ ကျောင်းနေရွယ်ကလေးများလည်း ပါဝင်ကြသည်။ ယခုလက်ရှိရောက်ရှိနေသည့်နေရာတွင် နေထိုင်ရေးနှင့် စားဝတ်နေရေးအတွက် အခက်အခဲကြုံတွေ့နေရကြောင်း ထိုဒေသအတွင်းရှိ မွန်ဖွံ့ဖြိုးရေးအစီအစဉ်မှ သိရှိရသည်။

ရေးဖြူမြို့နယ်အခြေချ မြန်မာတပ်ရင်း ခလရ ၂၈၂ တို့မှ ကျေးရွာအတွင်း ဝင်ရောက်လှုပ်ရှားမှုပြုနေခြင်း၊ ဂတ်စ်ပိုက်လိုင်းလုံခြုံရေးအတွက်နှင့် ကျေးရွာပြည်သူ့စစ်ပြဿနာကြောင့် ဒေသခံရွာသားများ ကြောက်ရွံ့ကြပြီး ယခုလို ထွက်ပြေးရခြင်းဖြစ်ကြောင်း သိရသည်။

ထွက်ပြေးလာသူတစ်ဦး၏ ပြောပြချက်အရ “ကျနော်တို့ရွာမှာ လုပ်အားပေးခဏခဏ လုပ်ပေးနေရတယ်၊ ဂတ်စ်ပိုက်လိုင်းကိုလည်း စောင့်ပေးရတယ်၊ မစောင့်နိုင်ရင် ငွေပေး၊ တချို့အိမ်ဆို ယောကျာ်းတွေမရှိဘူး မိန်းကလေးတွေကြီးပဲရှိတယ် ပေးဖို့လည်း ပိုက်ဆံမရှိဘူး အဲဒီတော့ ရှိတဲ့လူပဲ ကင်းစောင့်တာတို့ လုပ်အားပေးတွေကို သွားလုပ်ပေးနေရတယ်၊ တခါတလေမဟုတ်ဘူး အမြဲတမ်းဖြစ်နေတယ်ဆိုတော့ ဘယ်လိုမှ ဆက်နေလို့မဖြစ်တော့ဘူး ဒါတွေမကဘူး မသကာင်္တာတို့ မကျေနပ်တာရှိလာရင်လည်း ရိုက်နှိက်မှုတွေလည်းရှိလာတယ် အဲဒါကြောင့်မို့ ရွာသားတွေ စစ်တပ်တွေရဲ့ နှိပ်စက်မှုဒဏ်ကို မခံနိုင်လို့ ရွာကနေထွက်ခွာရတဲ့အထိ ဖြစ်လာတယ်” ဟု သူက ပြောသည်။

ထိုကဲ့သို့ ဒေသခံရွားသားများအပေါ် မြန်မာစစ်တပ်တို့မှ လုပ်အားပေးစေခိုင်းခြင်း၊ ငွေကြေးတောင်းခံခြင်းများသာမက တချို့ဒေသခံများက ထိုဒေသအတွင်း လှုပ်ရှားနေသည့် မွန်ခွဲထွက်ရေးအဖွဲ့တို့နှင့် ဆက်သွယ်နေကြောင်း စွပ်စွဲပြီး၊ ရိုက်နှိက်ခြင်း သတ်သေသည်အထိ ပြုလုပ်နေသည်လည်းရှိသည်။

မွန်လူ့အခွင့်အရေးဖောင်ဒေးရှင်းမှလည်း ထိုဒေသအတွင်းအခြေချ မြန်မာစစ်တပ်တို့က လုပ်အားပေးစေခိုင်းခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းအစရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ တနှစ်ထက်တနှစ် ပိုမို ဆိုးရွားလာကြောင်း သိရသည်။

“လူကြီး၊ ခလေးတွေအားလုံးက လူ့အခွင့်အရေးချိုးဖောက်ခံနေရတယ်၊ တချို့ဆို ခလေးကျောင်းနေတဲ့အရွယ်မှာ ရွာကနေထွက်ပြေးရတယ်၊ ကျောင်းမနေရတော့ဘူး ခလေးတွေ၊ အဲဒီခလေးတွေရဲ့ အနာဂတ်ပညာရေးတွေပါ ထိခိုက်လာတယ်၊ ပြောရရင်တော့ အဲဒီက ဒေသခံတွေဟာ ဗမာစစ်တပ်တွေရဲ့ ညှင်းပန်းနှိပ်စက်မှုကို အမျိုးမျိုးခံနေရတယ်၊ လူ့အခွင့်အရေးချိုးဖောက်မှုအခံရဆုံးဒေသလို့လည်း ပြောလို့ရတယ်” ဟု မွန်လူ့အခွင့်အရေးဖောင်ဒေရှင်းမှ တာဝန်ခံ နိုင်အဲမွန်က ပြောသည်။

ရေးဖြူမြို့နယ်အတွင်းရှိ မြန်မာစစ်တပ်တို့မှ အတင်းအဓမ္မစေခိုင်းခြင်းပြဿနာ၊ မြန်မာစစ်တပ်တို့၏ ငွေကြေးတောင်းခံခြင်းပြဿနာနှင့် ဒေသခံများရင်ဆိုင်ကြုံတွေ့နေရသည့် စားဝတ်နေရေးပြဿနာတို့ကြောင့် ဒေသခံများ ယခုလို နေရပ်စွန့်ခွာနေရသည်ဟု ၄င်းက ဆက်ပြောသည်။

အလုပ်လက်မဲ့ဖြစ်နေသော မိန်းကလေးများ ကိုယ့်ဘဝကို ပြန်ရောင်းစားနေရ

Thu 11 Mar 2010, နိုင်မာန်၊ မင်းအာသံ
ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ ရပ်ကွက်တွေမှာ နေထိုင်သည့် မိန်းကလေးအချို့ အလုပ်လက်မဲ့မှုကြောင့် ညပိုင်း ၇ နာရီမှ ၁၀ နာရီအကြာ ၄င်းတို့က လမ်းမကြီးပေါ်ထွက်လျှောက်ပြီး၊ ကိုယ့်ကိုယ်ကို အဓိပ္ပာယ်မဲ့နေသကဲ့သို့ အခြားသူတွေထံ တဖန်ပြန်ပြီး၊ ရောင်းစားနေရသည်ဟု တာမွေရပ်ကွက်သားတစ်ဦးထံမှ သိရသည်။

၎င်း၏ပြောဆိုချက်အရ “ညပိုင်းဆို ဘယ်ကမိန်းကလေးမှန်းမသိဘူး၊ လမ်းပေါ်မှာဆို အများကြီးပဲ၊ အကယ်၍ ယောကျာ်းလေးတွေ လာခေါ်ရင်လိုက်သွားကြတယ်၊ ဒါပေမယ့် ည ၁၀ နာရီကျော်သွားရင် တစ်ယောက်မှ မတွေ့တော့ဘူး” ဟု ပြောသည်။

ယခုကဲ့သို့ စားသောက်ဆိုင်၊ Night club နှင့် massage စသည့်ဆိုင်တွေမှာ လုပ်ကိုင်နေကြသည့် မိန်းကလေးသည် နယ်ဒေသအသီးသီးမှလာသူများသာမက ရန်ကုန်သူများလည်းပါရှိနေကြောင်း ကျောက်မြောင်းရပ်ကွက်အတွင်းရှိ massage ဆိုင်မှာ အလုပ်လုပ်နေသူတစ်ဦးက ပြောသည်။

“ကျမ ဒီဆိုင်မှာ လုပ်တာ နှစ်နှစ်ရှိနေပြီး၊ section ကြေး တစ်နာရီကို ၃၀၀၀ ကျတယ်၊ ကိုယ့်ဆီလာရင် ကိုယ်က ၅၀၀ ရတယ်၊ ကျန်တဲ့ ၂၅၀၀ တော့ ဆိုင်ရှင်ရတယ်၊ လခတော့ တစ်လကို ၃၀၀၀၀ လောက် ရတယ်၊ ဒါပေမယ့် ကိုယ်နဲ့ဝင်တဲ့သူက ကိုယ့်ကိုယ် မုန့်ဖိုးပေးရင် သရေစာရတယ်ပေါ့” ဟု ၄င်းက ပြောသည်။

ထိုကဲ့သို့ မိန်းကလေးများ အလုပ်လက်မဲ့မှုကြောင့် ကိုယ့်ကိုကိုယ်ရောင်းစားနေရသည့်ဘဝမှာ ရန်ကုန်မြို့ကြီးမှာသာမက မော်လမြိုင်မြို့ပေါ်ရှိ တချို့ရပ်ကွက်တွေမှာလည်း မိန်းကလေးအချို့ အလုပ်လက်မဲ့ဖြစ်နေသောကြောင့် ကိုယ့်ကိုကိုယ် ရောင်းစားရသည့်အလုပ်ဖြင့် ဝင်ငွေရှာနေရကြောင်း သီရိမြိုင်မှ ဆရာဝန်တစ်ဦးက ပြောသည်။

“အလို ကိုယ့်ကိုကိုယ် လိုက်လံရောင်းစားနေတဲ့ မိန်းကလေးတော်တော်များများဟာ မော်လမြိုင်မှာဆိုရင် သီရိမြိုင်၊ စာရေးကြီးကုန်းလို ရပ်ကွက်တွေမှာများတယ်၊ သူတို့တွေက အသက် (၂၅) နှစ်လောက်ပဲရှိသေးတယ်၊ ၅ ယောက်လောက်စုပြီးတော့ အိမ်ငှားပြီး နေနေကြတယ်” ဟု ၄င်းက ပြောသည်။

၎င်းက “ကျနော် အခုလိုသိတယ်ဆိုတာက သူတို့တွေ ကျနော့်ဆိုင်မှာ ချောင်းဆိုးပျောက်ဆေးတို့၊ ကိုယ်လက်အကိုက်အခဲဆေးတွေ လာဝယ်နေကြတယ်၊ တစ်ခါတစ်ခါ လာဝယ်ရင် (၃၀-၄၀) ခွက် လောက် ဝယ်သွားကြတယ်၊ ဒီလိုမျိုးလာဝယ်တာ ခဏခဏပဲ” ဟု ၄င်းက ဆက်ပြောသည်။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်၌ ဖွင့်လှစ်ထားသော စားသောက်ဆိုင်၊ massage ဆိုင်အစရှိသည့် ဆိုင်ခန်းများမှာ လုပ်ကိုင်နေကြသည့် မိန်းကလေးအများစုမှာ အထက်မြန်မာပြည်မှ လာသောသူများဖြစ်ကြောင်းလည်း သိရသည်။ ယခုကဲ့သို့ ရရာအလုပ်ဖြင့် လုပ်ကိုင်နေရခြင်းသည် ၄င်းတို့ ဘဝရှေ့ရေးအတွက် တင့်တော်သည့်အလုပ် ဝင်ရောက်လုပ်ကိုင်ရရှိရန် ခက်လှပေသောကြောင့် ဖြစ်သည်။

မြန်မာပြည်မှာရှိသော မိန်းကလေးများသည် အခြေနေမျိုးစုံနှင့် ရင်ဆိုင်နေရပြီး၊ အချို့သော မိန်းကလေးများ အိမ်ထောင်ကျပြီး အလုပ်လက်မဲ့ဖြစ်သွားခြင်း၊ မိသားစုဝင်အတွက် ရုန်းကန်လုပ်ကိုင်နေရခြင်းစသည့် လုပ်ရပ်ကြောင့် အချို့သော မိန်းကလေးတို့က ပြည့်တန်ဆာဘဝထဲသို့ ဝင်ရောက်ဘဝနစ်မြုပ်ခဲ့ရကြောင်း အဆိုပါဆရာဝန်က ဆက်ပြောသည်။

အလုပ်လက်မဲ့ဖြစ်ပြီး ကိုယ့်ဘဝကို သူများထံ တဖန်ပြန်ရောင်းစားနေရသော မိန်းကလေးများသည် ရန်ကုန်၊ မော်လမြိုင်လို မြို့ကြီးမှာသာမက အခြားသောမြို့နယ်များဖြစ်သည့် ရေး၊ သံဖြူဇရပ်နှင့် မုဒုံ စသည့်မြို့နယ်များရှိ အအက်ကာရာအိုကေဆိုင်မှာလည်း ရှိနေကြောင်း မော်လမြိုင်မြို့မှ လူငယ်တစ်ဦးက ပြောသည်။

စားသောက်ဆိုင်မှာ ဝင်ရောက်အလုပ်လုပ်နေကြသည့် မိန်းကလေးတို့သည် ဧည့်ရိပ်ကြိုအလုပ်သာ လုပ်ရမည်ဟု ဆိုင်ရှင်မှ ပြောကြားထားသော်လည်း အကယ်၍ စားသောက်သည့်အချိန်မှာ ယောကျာ်းလေးတွေနှင့် သဘောတူလာခဲ့တည်ရှိသော် သူတို့ခေါ်ရာကို လိုက်ပါသွားရသည်ဟု သိရသည်။

နွေရာသီမွန်စာပေ သင်ကြားရန် မွန်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့တို့မှ တိုက်တွန်းနှိုးဆော်

Thu 11 Mar 2010, မင်းသုခ
မွန်ပြည်နယ်အတွင်းရှိ မုဒုံမြိုနယ်အပါအဝင် မြို့နယ်အများစုတို့မှ နွေရာသီမွန်စာသင်ကြားရန်အတွက် မွန်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့တို့မှ မတ်လ ၃ ရက်နေ့ကစပြီး လိုက်လံတိုက်တွန်းနှိုးဆော်ထားသည်။

၎င်းအဖွဲ့တို့မှ မြို့ပေါ်တွင်သာမက ရွာတွေမှာလည်း တရွာဝင် တရွာထွက်ပြီး၊ ကားဖြင့် လိုက်လံနှိုးဆော်နေကြောင်း သိရသည်။

“နွေရာသီအချိန်မှာ မွန်စာသင်ဖို့ တစ်လလောက်ပဲ အချိန်ရတယ်၊ ဒီမတ်လ တစ်လပဲ ကောင်းကောင်းသင်ရတယ်၊ ဧပြီလမှာဆိုကျောင်းဆင်းပြီး၊ အားလုံးကို တပြိုင်နက်ထဲ ကျောင်းဆင်းရမယ်လို့ အစည်းအဝေးမှာ ဆုံဖြတ်ထားတယ်” ဟု မုဒုံမြို့နယ်၊ မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ဥက္ကဌဖြစ်သူက ပြောသည်။

တစ်နှစ်ထက်တစ်နှစ် ကျောင်းသား/သူတွေသာမက ကျောင်းသားမိဘများလည်း မွန်စာပေသင်ကြားရေးအပေါ် စိတ်ဝင်စားမှုရှိလာပြီး၊ မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီတို့ရဲ့ တိုက်တွန်းနှိုးဆော်မှုထိရောက်ခြင်းကြောင့် မွန်စာပေသင်ကြားမှုအပေါ် စိတ်ဝင်စားသူပိုများလာကြောင်း မုဒုံမှ မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီဝင် တစ်ဦးက ပြောသည်။

“နွေရာသီကျောင်းရဲ့တန်ဖိုးဟာ ကိုယ့်လူမျိုး၊ ကိုယ့်စာပေ၊ ကိုယ့်ယဉ်ကျေးမှုတိုးတက်ဖို့ အတွက် အထောက်အကူတစ်ခုလည်းဖြစ်တယ်၊ စာပေဟာ လူမျိုးရဲ့အနှစ်၊ စာပေတိုးတက် မှုရှိမှ လူမျိုးဘဝလှပမယ်၊ မွန်လူမျိုးတိုင်း မွန်ဖြစ်စေရမယ်၊ မွန်ဆိုလျှင် မွန်လူမျိုးအကျိုးစီပွားကို ဆောင်ရွက်ရမယ်၊ မွန်အချင်းချင်း ဒုက္ခရောက်တဲ့အခါမှာလည်း တစ်ယောက်နဲ့တစ်ယောက် ကူညီသင့်ကြောင်း၊ ပြီးတော့ ကိုယ့်လူမျိုး ကိုယ့်စာပေ ကိုယ့်ယဉ်ကျေးမူ ပျောက်သွားမှာဆိုးလို့ မြို့တိုင်း၊ နယ်တိုင်း ဒေသအလိုက် မွန်ရှိတဲ့နေရာတိုင်းမှာ နွေရာသီမွန်စာပေကျောင်းကို ဖွင့်လှစ်ကြတယ်” ဟု သံဃာတော်တပါးက မိန့်တော်မူသည်။

အချိန်တစ်လသာရရှိသည့် မွန်စာသင်ကြားရေးမှာ အတိတ်က မွန်လူမျိုးများ ကိုယ့်ဘုရင်နှင့် ကိုယ့်ထီး ကိုယ့်နန်းဖြင့် အုပ်ချူပ်လာခဲ့တာ၊ မွန်လူမျိုးများ ထီးပျောက် နန်းပျောက်ဘဝရောက်ခဲ့ရတာစသည့် အတိတ်ကသမိုင်းအကြောင်းအပါအဝင်၊ ယခုလက်ရှိမှာလည်း မွန်လူမျိုးတရပ်လုံး ဘယ်လိုလှုပ်ရှားနေတာကိုလည်း အသေးစိတ် နှိုင်းယှဉ်ပြီး၊ မွန်ကျောင်းသား/သူတွေကို သင်ကြားပို့ချက်မှာ အဓိက အရေးပါသည့် အချက်တစ်ချက်လည်းဖြစ်သည်။

မွန်လူမျိုးများအကြား နွေရာသီမွန်စာပေသင်ကြားမှုဖြစ်မြောက်လာရေးအတွက် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဗိန်ကျေးရွာရှိ မဟာဝိဟာရ စာသင်တိုက်မှာ နယ်ပေါင်းစုံမှ သံဃာတော်များအပါဝင် မွန်လူမျိုးတချို့တို့ စုပေါင်းပြီး၊ နွေရာသီမွန်စာသင်ကြားရေး အစီအစဉ်ကို စတင်ချမှတ်ခဲ့သည်။

ထိုကဲ့သို့ နွေရာသီမွန်စာပေသင်ကြားရေးကို မွန်ပြည်နယ်အတွင်းသာမက ရန်ကုန်မြို့နယ်အတွင်းမှာလည်း ယမန်နှစ်မှစကာ မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) မှ ဦးဆောင်ပြီး ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် (၇) မြို့နယ်တို့မှာလည်း နွေရာသီမွန်စာပေသင်တန်းကိုစတင်ခဲ့သည်။

စာသင်ကျောင်းသစ်ဆောင်ရန် ရွာသားများ အကုန်အကျခံရ

Thu 11 Mar 2010, ကွန်းဟဒေ့
မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်း ရေးဖြူမြို့နယ်အတွင်းရှိ ကျေးရွာအချို့မှာ ကျေးရွာစာသင်ကျောင်းအတွက် ၄၀ ရာခိုင်နှုန်းခန့်သာ အစိုးရမှ ထောက်ပံ့ပေးနေပြီး၊ ကျန် ၆၀ ရာခိုင်နှုန်းကို ရွာခံကသာ အကုန်ကျခံ တည်ဆောက်သွားရမည်ဟု ဒေသခံတို့က ပြောသည်။

မကြာခင်က ကျောက်တလင်းကျေးရွာအတွင်း ယိုယွင်းပျက်စီးနေသော မူလတန်း စာသင်ကျောင်းကို ပြန်လည်တည်ဆောက်ရန်အတွက် ကလိန်အောင်မြို့နယ်ခွဲမယကထံသို့ တင်ပြရာ ၄င်းတို့မှ ဘိလပ်မြေအိတ်တစ်ရာခန့်နှင့် သွပ်တို့ကိုသာပေးပြီး၊ အုတ်၊ သစ်ဝါးများနှင့် အလုပ်သမားခအစရှိသည်တို့ကို သက်ဆိုင်ရာ ရွာခံများက ဖြည့်ဆည်းပေးရမည်ဟု ဒေသခံများက ဆိုသည်။

“ပေးတဲ့ဘိလပ်မြေအိတ်တစ်ရာကိုလည်း မိုင် ၂၀ လောက်ဝေးတဲ့ ကလိန်အောင်မှာ ရွာခံတွေ ကိုယ့်နည်းကိုယ့်ဟန်နဲ့ သွားတိုက်ယူရတယ်၊ သူတို့က ဒါပဲပေးတော့ ဘယ်လိုလုပ်မလဲ၊ ကျန်တဲ့အုတ်တို့ အလုပ်သမားခတို့ သစ်အတွက်က ရွာခံတွေဆီမှာ ပိုက်ဆံကောက်ဦးမှာပေါ့” ဟု ၄င်းကျေးရွာနှင့် နီးစပ်သော ရွာခံတစ်ဦးက ပြောသည်။

ကျောင်းတစ်ဆောင်အတွက် အနည်းဆုံး အုတ်ရေတစ်သောင်းလိုအပ်ပြီး၊ ထိုဒေသအတွင်း လက်ရှိအုတ်တစ်လုံးပေါက်ဈေးမှာ ၄၀ ကျပ်ကျော်ရှိနေသည်။

“အုတ်ဖိုးသက်သက်က ငါးသိန်းနီးပါး၊ သစ်ဖိုးဝါးဖိုး အလုပ်သမားဖိုးနဲ့ ပေါင်းလိုက်ရင် သိန်းမနည်းဘူးဖြစ်သွားလိမ့်မယ်” ဟု ဒေသခံတစ်ဦးက ဆက်သည်။

ထိုကျောင်းပြီးစီးရန်အတွက် လိုအပ်သည့်ငွေကြေးကို ရွာသားများထံမှ တစ်အိမ်လျှင် နှစ်သောင်းကျပ်မှ နှစ်ထောင်ကျပ်အထိ ကောက်ခံသွားမည်ဖြစ်ပြီး၊ လက်ရှိ ဝင်ငွေနှင့် စီးပွားရေးအခြေအနေအပေါ် မူတည်ပြီး ရွာလူကြီးမှ ကောက်ခံနေသည်ဟု သိရသည်။

ရေးဖြူမြို့နယ်၊ ကလိန်အောင်မြို့နယ်ခွဲရှိ အလယ်စခန်းကျေးရွာ၊ ကျောက္ကဒင်ကျေးရွာ၊ ကျောက်တလင်းကျေးရွာနှင့် လော့သိုင်းကျေးရွာတို့တွင် ကျေးရွာစာသင်ကျောင်းတည်ဆောက်ရန်အတွက် ဘိလပ်မြေနှင့် လိုအပ်သည့်သွပ်ကိုသာ သက်ဆိုင်ရာမှ ရရှိနေပြီး ကျန်သည့်လိုအပ်ချက်များအတွက် ရွာခံကသာ ဖြည့်ဆည်းပေးနေရသည်။

Thursday, March 11, 2010

သူတပါးလူမျိုးကို ဖိနှိပ်ရင် ကိုယ့်လူမျိုးလည်း မလွတ်လပ်ဘူး

Tue 23 Feb 2010, နိုင်အာကာ
ပြည်ထောင်စုနေ့နှင့် ပတ်သက်၍ မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာနဲ့ တွေ့ဆုံမေးမြန်းဖြေဆိုချက်

မေး။ ။ ပြည်ထောင်စုနေ့နဲ့ တိုင်းရင်းသား တို့အကြား ဆက်စပ်မှုကို ရှင်းပြပေးပါ?

ဖြေ။ ။ ပြည်ထောင်စုနေ့ဆိုတာ ပင်လုံစာ ချုပ် ချုပ်ဆိုတဲ့နေ့ကို အစွဲပြတာဖြစ်တယ်။ ပင်လုံ စာချုပ် ချုပ်ဆိုတာကတော့ ဗမာ့ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ကချင်၊ ချင်း၊ ရှမ်းအမျိုးသားခေါင်းဆောင်တွေအကြား ပူးတွဲပြီး ကိုယ်ပိုင်ဌာန်းခွင့်ရှိတဲ့ ပြည်နယ်တွေနဲ့ ပြည်ထောင်စု နိုင်ငံတခု ထူထောင်ဖို့ သဘောတူချုပ်ဆိုတဲ့ ကတိသစ္စာပြုခြင်း ဖြစ်တယ်။

မေး။ ။ ဟိုတုံးက ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ် အပေါ် ဘယ်လိုမြင်ပါသလဲ?

ဖြေ။ ။ ဒီလိုစာချုပ်ဖြစ်ခဲ့လို့ ကျနော်တို့ပြည် ထောင်စုဟာ အခုလိုဧရိယာ အကျယ်အဝန်း မျိုးနဲ့ ဖြစ်လာရတာပါ။ တကယ်လို့ ဒီလိုမလုပ်ခဲ့ရင် ရှမ်းပြည်နယ် ကချင်ပြည်နယ်တွေမပါတဲ့ တပိုင်းပြတ်နေတဲ့ နိုင်ငံပဲ ဖြစ်နေပါလိမ့်မယ်။ သဘောတူညီချက်ထဲမှာ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ပြည်ထောင်စုမူအရ ပူးပေါင်းရေးဖြစ်တယ်။ အဲဒီတုံးက ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့တဲ့စကားတစ်ခွန်းက မှတ်သားဖို့ကောင်းသလို ဒီနေ့လူတွေ အသိအမှတ်ပြုဖို့ လိုတယ်။ ဗိုလ်ချုပ်က - ''ဗမာတွေ အင်္ဂလိပ်ကျန် မဖြစ်ချင်သလို ရှမ်းတွေ ကချင်တွေကိုလည်း အင်္ဂလိပ်ကျွန် မဖြစ်စေချင်ဘူး။ ထို့အတူ ဗမာ့ကျွန်လည်း မဖြစ်စေရဘူး'' လို့ ပြောခဲ့တယ်။ ဟိုတုံးက ခေါင်းဆောင်တွေ အမြင်ကျယ်ပြီး သဘောထားကြီးကြလို့ စုစည်းနိုင်ခဲ့တာကို နောက်လူတွေ လေးစားတန်ဘိုးထားသင့်တယ်လို့ မြင်တယ်။

မေး။ ။ လွတ်လပ်ရေးရပြီးနောက်ပိုင်း အာဏာရ ဖဆပလအစိုးရအနေနဲ့ ပင်လုံစာချုပ်ကို ဘယ်လိုသဘောထားလာပါသလဲ?

ဖြေ။ ။ လွတ်လပ်ရေးရပြီးနောက် အာဏာရလာတဲ့ ဖဆပလအစိုးရဟာ ဗိုလ်ချုပ်အောင်ဆန်း မရှိတော့လို့ ဗိုလ်ချုပ်ချုပ်ဆိုခဲ့တဲ့ စာချုပ်ကို မျက်ကွယ်ပြုပြီး ဗမာတွေ စိုးမိုးချုပ်ကိုင်နိုင်တဲ့ အတုအယောင်ပြည်ထောင်စုမျိုးကို တည်ဆောက်လာခဲ့တယ်။ ချင်း၊ ကချင်၊ ရှမ်းတွေကို ပြည်နယ်တွေ ဝိသေသတိုင်းတွေ သတ်မှတ်ပေးထားပေမဲ့ ဗမာက ပြည်မယူပြီး ပြည်နယ်တွေအပေါ် စိုးမိုးချုပ်ကိုင်ထားခဲ့တယ်။ ပင်လုံစာချုပ် ချုပ်ဆိုတာမှာ ပါဝင်ခွင့်မရှိခဲ့တဲ့ ကရင်တွေ မွန်တွေ ရခိုင်တွေအပေါ်မှာတော့ လူမျိုးတရပ်အနေနဲ့တောင် သဘောမထားဘဲ ဗမာအောက်မှာထားပြီး ဝါးမျိုခဲ့တာကြောင့် လက်နက်ကိုင်တော်လှန်ရေး ပေါ်ပေါက်ခဲ့ရတယ်။

မေး။ ။ ၆၂ - ခုနှစ် စစ်အာဏာသိမ်းတာကစပြီး အခုအထိ တိုင်းရင်းသားတွေရဲ့အခဏ်းကဏ္ဍ ဘယ်လိုရှိပါသလဲ?

ဖြေ။ ။ ၆၂ - ခုနှစ် ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းတာဟာ တိုင်းရင်းသားတွေ လွှတ်တော်ပါလီမာန်ထဲကနေ သူတို့အခွင့်အရေးတွေနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ စုပေါင်းတောင်းဆိုခဲ့တာကို မပေးချင်လို့ တိုင်းပြည် ပြိုကွဲတော့မယ်ဆိုပြီး အာဏာသိမ်းတာ ဖြစ်တယ်။ အာဏာသိမ်းပြီးတဲ့နောက်မှာ ပြည်နယ်တွေရဲ့ အခွင့်အာဏာတွေကို လျော့ချပြီး စစ်ဗိုလ်တွေက ဝင်ရောက်ချုပ်ကိုင်ခဲ့တယ်။ ၆၃ - ခုနှစ်မှာ ဟန်ပြတွေ့ဆုံဆွေးနွေးရေးခေါ်ပေမဲ့ လက်နက်ချခိုင်းတာမျိုးဘဲ ပြောလာတယ်။ ဒါကို တိုင်းရင်းသားတွေဘက်က လက်မခံတော့ တပ်တိုးချဲ့ပြီး စစ်ဆင်ရေးတွေ အပြင်းအထန် လုပ်လာတယ်။ စစ်ရေးနည်းနဲ့ မဟာလူမျိုးကြီးဝါဒကို အကောင်အထည်ဖေါ်ခဲ့တယ်။ တဖက်ကလည်း မြန်မာ့ဆိုရှယ်လစ်အမည်ခံပြီး တပါတီအာဏာရှင်စနစ်ကို ကျင့်သုံးခဲ့တယ်။ ဒီလိုစစ်အာဏာရှင်စနစ်ကို ကျင့်သုံးလာခဲ့လို့ လူမျိုးရေးအရ လွတ်လပ်နေတဲ့ ဗမာတွေဟာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအခွင့်အရေးတွေ ဆုံးရှုံးလာခဲ့ရတယ်။ ဒီမဟာလူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်စနစ်ကြောင့် ပြည်တွင်းစစ် ကျယ်ပြန့်လာပြီး လူမျိုးစုအခွင့်အရေးနဲ့ လူ့အခွင့်အရေးတွေ ဆုံးရှုံးရတယ်။ တိုင်းပြည်လည်း တရစ်ပြီးတရစ် မွဲပြာကျလာခဲ့ရတယ်။ ဒီနေ့တော့ ဗမာတွေလည်း ဒီဒဏ်ကို အပြင်းအထန် ခံနေရပြီ။ ကျနော်တို့နိုင်ငံမှာ တန်ဘိုးကြီးတဲ့ သဘာဝသယံဇာတတွေ မျိုးစုံ ကုံလုံကြွယ်ဝပေမဲ့ အာဏာရ အထက်တန်းလွှာတွေက လွဲပြီး လူမျိုးစုံပြည်သူတွေ ဆင်းရဲဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်နေကြရတာ အားလုံးအသိ ဖြစ်တယ်။

မေး။ ။ အခုလက်ရှိ ပြည်တွင်းပြည်ပ ဒီမိုကရေစီအင်အားစုတွေအနေနဲ့ စစ်မှန်တဲ့ပြည်ထောင်စုစနစ်ကို လိုလားတယ်လို့ ထင်ပါသလား?

ဖြေ။ ။ ပြည်တွင်းပြည်ပမှာရှိတဲ့ ဒီမိုကရေစီအင်အားစုတွေထဲက အများစုဟာ အမျိုးသား တန်းတူညီမျှခြင်းမရှိတဲ့ အာဏာရသူတွေ ကျင့်သုံးနေတဲ့ မဟာလူမျိုးကြီးဝါဒကြောင့် ဒီလိုအမျိုး သားစည်းလုံးညီညွှတ်ရေး ပျက်ပြားခဲ့ရပြီး ပြည်တွင်းစစ် ဖြစ်ခဲ့ရတာတွေ၊ ပြည်တွင်းစစ်ကို အခြေူပုပြီး စစ်အာဏာရှင်စနစ် ပေါ်ပေါက်လာခဲ့ရတာကြောင့် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ ဆုံးရှုံးခဲ့ရတာတွေ၊ ပြီးတော့ ပြည်သူအများစု ဆင်းရဲဒုက္ခရောက်ခဲ့ရပြီး တိုင်းပြည် ခေတ်နောက်ကျခဲ့ရတာတွေကို သိလာကြပြီ။ ဒါကြောင့် အများစုက စစ်မှန်တဲ့ ပြည်ထောင်စုတည်ဆောက်ရေးကို နားလည်လက်ခံလာကြပါပြီ။

မေး။ ။ တိုင်းရင်းသားတွေ လိုလားတဲ့ ပြည်ထောင်စုဆိုတာကော ဘယ်အပေါ်မှာ အခြေခံပါသလဲ?

ဖြေ။ ။ တိုင်းရင်းသားတွေ လိုလားတဲ့ ပြည်ထောင်စုပုံစံက လူမျိုးတမျိုးထဲက အခွင့်ထူးယူပြီး ကျန်လူမျိုးတွေအပေါ် လွှမ်းမိုးခြင်းမရှိတဲ့၊ အမျိုးသားရေးအရ တန်းတူပြီး ကိုယ်ပိုင်ပြဌာန်းခွင့် ရှိတဲ့ ပြည်နယ်ပေါင်းစု ပြည်ထောင်စု တနည်းအားဖြင့် ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ဖို့ လိုလားနေကြတာ ဖြစ်တယ်။

မေး။ ။ ပင်လုံစာချုပ်တုန်းက ဗမာကိုယ်စားလှယ်နဲ့ ကချင်၊ ချင်း၊ ရှမ်း ကိုယ်စားလှယ်တွေပဲ ပါဝင်ကြတယ်။ အဲဒီတုံးက လွတ်လပ်ရေးလဲ မရသေးတော့ ယေဘုယျသဘော အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ပြည်ထောင်စုပုံစံကို တည်ဆောက်ဖို့ သဘောတူညီကြခြင်း ဖြစ်တယ်။ တောင်ကြီးညီလာခံကတော့ လွတ်လပ်ရေးရပြီး ဆယ်နှစ်ကျော်ကျော်အကြာမှာ ပြည်ထောင်စုပုံစံမကျတဲ့ ဟန်ပြပြည်ထောင်စုကို ပြုပြင်ပြီး ပြည်ထောင်စုပုံစံကျကျ ပြန်လည်တည်ဆောက်ဖို့ ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း အဖိနှိပ်ခံတိုင်းရင်းသားတွေ အားလုံးပါဝင်တဲ့ ညီလာခံ ဖြစ်တယ်။ အဲဒီမှာ အခွင့်အာဏာတွေကို ပိုမိုအသေးစိပ်ဖေါ်ပြပြီး အဲဒီအတိုင်း ကျင့်သုံး ဖေါ်ဆောင်နိုင်ဖို့ ညှိနှိုင်းချမှတ်တာ ဖြစ်တယ်။

မေး။ ။ တိုင်းရင်းသားတွေ အခွင့်အရေးမရဘူးဆိုရင် မြန်မာ့နိုင်ငံရေးအခြေအနေ ဘယ်လို ဆက်ဖြစ်သွားနိုင်မယ်လို့ ထင်ပါသလဲ?

ဖြေ။ ။ တိုင်းရင်းသားတွေဟာလည်း ဗမာတွေလိုပဲ မျိုးချစ်စိတ် ရှိကြတာပါပဲ။ ဗမာတွေ အင်္ဂလိပ်၊ ဂျပန်တွေအောက်မှာ မနေချင်လို့ ရုန်းကန် တော်လှန်ကြသလို တိုင်းရင်းသားတွေလည်း ရုန်းကန်ကြမှာပါပဲ။ ဒီသဘောကို ဗမာတွေအနေနဲ့ ကိုယ်ချင်းစာ နားလည်ပြီး အဖြေရှာသင့်တယ်။ တကယ်လို့ ဆက်ပြီးဖိနှိပ်ဝါးမျိုနေမယ်ဆိုရင် အနိမ့်ဆုံးတော့ ပြည်တွင်းစစ်သံသရာက လွတ်ကင်းနိုင်မှာ မဟုတ်ဘူး။ ပြည်တွင်းစစ် ဖြစ်နေရင် စစ်တပ်ကို အားကိုးနေရမယ်။ စစ်ဗိုလ်တွေ သြဇာရှိနေမယ်၊ ဒါကြောင့် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်နေဦးမှာပဲ။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ ဆိတ်သုဉ်းနေလိမ့်ဦးမယ်။ စီးပွားရေးဘက်မှာလည်း မွဲပြာကျမြဲ ကျနေပါလိမ့်မယ်။ အစိုးရဝန်ထမ်း အထူးသဖြင့် လက်နက်ကိုင်ထားသူတွေ စာရိတ္တပျက်ပြားပြီး အာဏာကို အလွဲသုံးစား ကျင့်သုံးမယ်။ အဲဒီလိုအာဏာပိုင်တွေ ပိုမိုအခြေခိုင်လာပါလိမ့်မယ်။ ဒီပုံမျိုးနဲ့ ကြာနေရင် ပြင်ဖို့ လွယ်မှာ မဟုတ်သလို နောက်ဆုံးမှာ ထိန်းမနိုင် သိမ်းမရ ပြိုကွဲပျက်စီးသွားတဲ့အထိ ဖြစ်သွားနိုင်တယ်လို့ ကျနော်မြင်တယ်။ ဒီမှာ နိုင်ငံရေးခေါင်းဆောင်တွေ ပြောခဲ့တဲ့စကားတစ်ခွန်းကို ကျနော် ပြောပြချင်တယ် ''သူတပါးလူမျိုးကို ဖိနှိပ်ရင် ကိုယ့်လူမျိုးလည်း မလွတ်လပ်ဘူး'' ဆိုတာပါပဲ။

၂၀၁၀ ခုနှစ်နှင့် ပဋိပက္ခသစ်

Fri 29 Jan 2010,
၂၀၁၀ ခုနှစ်သို့ ရောက်ခဲ့ပါပြီ။ ယခုနှစ်တွင် နိုင်ငံရေးအကွေ့အလှည့်နှင့် နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပေါ်လာနိုင်လိမ့်မည်ဟု အများက ခန့်မှန်းနေကြပေသည်။ သို့သော်လည်း ကျနုပ်တို့နိုင်ငံအတွက် အကောင်းဘက်သို့ ဦးတည်သော ပြောင်းလဲခြင်းလော၊ အဆိုးဘက်သို့ ဦးတည်သော ပြောင်းလဲခြင်းလော၊ ငြိမ်းချမ်းရေးလမ်းစ ပွင့်လာမည်လော၊ ပဋိပက္ခမီး ကြီးထွားလာမည်လော ဆိုသည်ကို ဆက်လက်လေ့လာရပေဦးမည်။

စစ်အစိုးရသည် ၄င်းတို့ရေးဆွဲခဲ့သည့် လမ်းပြမြေပုံ ၇ ချက်အတိုင်း ၂၀၀၈ ခုနှစ်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အတည်ပြုခဲ့ပြီး ယခု ၂၀၁၀ ခုနှစ်တွင် ရွေးကောက်ပွဲကို ပြုလုပ်လိုပေသည်။ ၂၀၀၈ အခြေခံဥပဒေအတိုင်းသာဆိုပါက စစ်အစိုးရသည် အထက်စည်းမှနေ၍ လွှတ်တော်နေရာများ၏ ၂၅ ရာနှုန်းကို အပြီးပိုင် ရယူထားပြီး ၄င်းမှ ကြွင်းကျန်သည့်နေရာများကိုသာ ပြည်သူလူထုနှင့် နိုင်ငံရေးပါတီများအတွက် ချန်ထားရစ်ပေသည်။

ထိုအကြွင်းအကျန်နေရာသစ်တွင်လည်း စစ်အစိုးရက ၄င်းတို့ကို ကျောထောက်နောက်ခံ ပြုထားသည့် နိုင်ငံရေးပါတီများ ဝင်ရောက်နေရာယူနိုင်ရန် ရည်ရွယ်ထားပေသည်။

တချိန်တည်းတွင် ၂၀၀၈ ခုနှစ် အခြေခံဥပဒေအတိုင်း လက်နက်ကိုင်တပ်ဖွဲ့အားလုံး ကာကွယ်ရေးဦးစီးချုပ် လက်အောက် ထားရှိမည်ဖြစ်ရာ စစ်အစိုးရက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအား ၄င်းတို့၏ တပ်မတော်အောက် သွပ်သွင်းနိုင်ရန် ဖိအားပေးလျက် ရှိပေသည်။ ထိုလုပ်ရပ်ကြောင့် တိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့များမှာ အင်အားမတောင့်တင်းသော်လည်း ဆက်လက်တိုက်ပွဲဝင်သွားဦးမည် ဖြစ်ရာ ပြည်တွင်းပဋိပက္ခမီး ဆက်လက်ကြီးထွားလာပေဦးမည်။

ပြည်တွင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် အခြားသောနိုင်ငံရေးပါတီများက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည်သုံးသပ်ပြင်ဆင်ပေးရန်၊ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများအားလုံး ပါဝင်ခွင့်ပြုရန်နှင့် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်ရန် တောင်းဆိုထားကြသည်။ စစ်အစိုးရက ဖွဲ့စည်းပုံအခြေ ခံဥပဒေကို သုံးသပ်ပြင်ဆင်ခြင်းမပြုပဲ ယခုအတိုင်းသာ သွားနေပါက “ပြည်တွင်းနိုင်ငံရေး ပဋိပက္ခ” ဆက်လက်ဖြစ်ပေါ်ပေလိမ့်မည်။

ပြည်သူပြည်သားများသည် စစ်အစိုးရ၏ ဖွဲ့စည်းပုံသစ်ကို အလိုမရှိကြပေ။ သို့သော်လည်း ရက်စက်ကြမ်းတမ်းသော ဖိနှိပ်မှုကြောင့် အခြေခံဥပဒေကို မဝေဖန်ရဲကြပေ။ ရွေးကောက်ပွဲ ပြီးဆုံးသွားပါကလည်း စစ်အုပ်ချုပ်ရေး တစိတ်တပိုင်း ကျန်ရှိနေဦးမည်ဖြစ်ရာ နိုင်ငံရေးပဋိပက္ခလည်း ဆက်လက်ဖြစ်ပေါ်နေပေဦးမည်။ နိုင်ငံရေးပဋိပက္ခ ကျန်ရှိနေဦးမည်ဆိုပါက တက်လာမည့် အစိုးရသစ်သည်လည်း မတည်ငြိမ်မှုများနှင့် ရင်ဆိုင်ရပေလိမ့်မည်။ နောင်တက်လာမည့် အစိုးရသစ်သည် စစ်အာဏာသုံးပြီး ဒီမိုကရေစီနှင့် လူ့အခွင့်အရေးလေးစားမှုကို မဖော်ဆောင်နိုင်ပါက ထိုအစိုးရအဖွဲ့ကို နိုင်ငံတကာက ထောက်ခံလိမ့်မည် မဟုတ်ပေ။ ထိုအခြေ အနေတွင် စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးမှု စသည်တို့ကိုလည်း မဖန်တီးပေးနိုင်တော့ပဲ ပြဿနာအထွေထွေနှင့် ဆက်လက်ရင်ဆိုင်ကြရပေဦးမည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများက လက်နက်အဖြုတ်သိမ်း မခံ (သို့) နယ်ခြားစောင့်တပ်အသွင် မပြောင်းလဲပါက တိုင်းရင်းသားနယ်မြေများတွင်လည်း စစ်ရေးပဋိပက္ခသစ်များ ဆက်လက်ပေါ်ပေါက်လာပေလိမ့် မည်။ စစ်ရေးပဋိပက္ခပေါ်ပေါက်လာပါက တိုင်းရင်းသားနယ်မြေများရှိ ပြည်သူပြည်သားများမှာ ကြီးမားသော ဆင်းရဲဒုက္ခနှင့် ရင်ဆိုင်ရပေလိမ့်မည်။ အမျိုးမျိုးသော လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ ဆက်လက်ဖြစ်ပွားနေ ဦးမည်ဖြစ်ပြီး စစ်ပြေးဒုက္ခသည်များလည်း တိုးပွားလာပေလိမ့်မည်။

ထို့ကြောင့် ယခု ၂၀၁၀ ပြည့်နှစ်တွင် သစ်လွင်သော တိုးတက်မှုများကို မျှော်ကိုးလိုသော်လည်း အလုံးစုံသော အခြေအနေကောင်းများ ဖြစ်ပေါ်လာရန်ကား ခက်ခဲနေလိမ့်ပေဦးမည်။ ကျနုပ်တို့နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုကို စစ်ရေးပဋိပက္ခနှင့် နိုင်ငံရေးပဋိပက္ခများသာလျှင် ကာဆီးထားပြီး ယခု ၂၀၁၀ ပြည့်နှစ်တွင်လည်း ပဋိပက္ခသစ်များ ရှိနေလိမ့်ဦးမည်ဖြစ်ကြောင်း တင်ပြလိုက်ရပေသည်။

တောင်သူလယ်သမားများနေ့နဲ့ တောင်သူလယ်သမားအခွင့်အရေး

Tue 02 Mar 2010, ကွန်းချမ်း
လူ့အခွင့်အရေးကို တန်ဖိုးထားလာတဲ့ ယခုခေတ်ကာလမှာ အတိတ်က ကိုယ်ပိုင်အခွင့်အရေးဆုံးရှုံးပြီး အထွေထွေနစ်နာမှုတွေကြောင့် တောင်သူလယ်သမားများ ဦးဆောင်လှုပ်ရှားမှု ဖြစ်ပေါ်လာရာက တောင်သူလယ်သမားနေ့ ဖြစ်ပေါ်လာပုံကို ယခုခေတ် တောင်သူလယ်သမားတော်တော်များများ လျစ်လျူရှုထားသလိုမျိုးတောင် ဖြစ်နေပါတယ်။

အကြောင်းက လက်ရှိ နိုင်ငံတော်အစိုးရတွေတော့ အကြောင်းတရားတခုခုကြောင့် ပြည်သူများမှ လူထုလှုပ်ရှားမှုတွေ ဖြစ်ပေါ်စေနိုင်တဲ့ အတိတ်က သမိုင်းကြောင်းအားလုံးကို အတတ်နိုင်ဆုံး မေ့ပစ်စေချင်ကြလို့ဖြစ်ပါတယ်။ ဒါကြောင့်လည်း လူတန်းစားအလွှာပေါင်းစုံပါဝင်ခဲ့တဲ့ အရေးအခင်းတွေ၊ ကျောင်းသားလှုပ်ရှားမှုတွေ၊ တောင်သူလယ်သမားများနှင့် သက်ဆိုင်တဲ့ တောင်သူလယ်သမားနေ့၊ အလုပ်သမားများနဲ့ သက်ဆိုင်တဲ့ အလုပ်သမားနေ့တွေ စတဲ့ လူထုလှုပ်ရှားမှုများမှ ဖြစ်ပေါ်လာစေတဲ့ နေ့ထူးတွေကို အစိုးရမှ မေ့ပစ်စေချင်ကြပြီး တခါတလေ မလွဲသာလို့ ရှားရှားပါးပါး ကျင်းပခွင့်ပြုခဲ့တာ သဝဏ်လွှာလေးပို့တာမျိုးလောက်ပဲ ရှိပါတယ်။

ရှေးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက စိုက်ပျိုးရေးကို အခြေခံခဲ့တဲ့ မြန်မာနိုင်ငံဟာ လူဦးရေအားလုံးရဲ့ ၇၀ % ကျော်က တောင်သူလယ်သမားများ ဖြစ်နေကြပါတယ်။ ဒါကြောင့်မို့ နိုင်ငံရဲ့ ထူထောင်ရေးအပါအဝင် တော်လှန်ရေး၊ စည်းရုံးရေးတွေမှာလည်း တောင်သူလယ်သမားများဟာ အလွန်အရေးပါတဲ့ အခန်းကဏ္ဍများစွာမှာ ပါဝင်ရလေ့ရှိပါတယ်။ ၁၉၃၀ ခုနှစ်လောက်မှာ တောင်သူလယ်သမားများအနေနဲ့ လယ်ယာလုပ်ငန်းနဲ့ လုပ်ပိုင်ခွင့် မကျွမ်းကျင်မှုကြောင့် အထွက်နှုန်းနည်းခြင်း၊ ချေးငွေရဲ့ အတိုးနှုန်း မြင့်မာခြင်းတို့ကြောင့် လယ်ယာမြေ ဆုံးရှုံးလာရတဲ့ အခက်အခဲပေါင်းစုံ အပါအဝင် ရသင့်ရထိုက်တဲ့ ကိုယ်ပိုင်အခွင့်အရေး ဆုံးရှုံးလာခဲ့ရပါတယ်။

လယ်ယာမြေဆုံးရှုံးလာရမှုကြောင့် သည်းမခံလာနိုင်တဲ့နောက်ပိုင်း ဆရာစံခေါင်းဆောင်တဲ့ တောင်သူလယ်သမားလှုပ်ရှားမှု ဖြစ်ပေါ်လာခဲ့ပါတယ်။ ဒီလို တောင်သူလယ်သမားအရေးတော်ပုံကို အုပ်ချုပ်သူအင်္ဂလိပ်နယ်ချဲ့အာဏာပိုင်ဘက်မှ သုံးနှစ်ကြာ အချိန်ယူပြီး ပြင်းပြင်းထန်ထန် နှိမ်နှင်းခဲ့ရပါတယ်။ ဆရာစံနဲ့ အပေါင်းအပါများကို ဖမ်းဆီးကွပ်မျက်လိုက်ပြီးနောက် တောင်သူလယ်သမားအရေးတော်ပုံ အရေးနိမ့်ခဲ့ပေမယ့် အလွန်အရေးပါတဲ့ လှုပ်ရှားမှုကြီးအဖြစ် မြန်မာ့သမိုင်းမှာ ထင်ရှားစေခဲ့ပါတယ်။

၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့မှာ တော်လှန်ရေးကောင်စီမှ နိုင်ငံတော်အာဏာကို ရယူခဲ့ပြီး တောင်သူလယ်သမားနေ့နဲ့ တောင်သူလယ်သမားနှီးနှောဖလှယ်ပွဲတွေကိုလည်း ၁၉၆၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ စတင်ကျင်းပခဲ့ပါတယ်။ သို့သော်လည်း တောင်သူလယ်သမားများနေ့ကို ၁၉၆၅ ခုနှစ်မှစပြီး တောင်သူလယ်သမားများ ကောက်ရိတ်သိမ်းချိန်နဲ့ တိုက်ဆိုင်နေသည့် ဇန်နဝါရီလ ၁ ရက်နေ့အစား တော်လှန်ရေးကောင်စီ အာဏာယူနိုင်ခဲ့တဲ့ မတ်လ ၂ ရက်နေ့မှာ စတင်ကျင်းပပြုလုပ်ခဲ့ပါတယ်။

နှစ်ပေါင်းများစွာ ကျင်းပလာခဲ့တဲ့ တောင်သူလယ်သမားနှီးနှောဖလှယ်ပွဲနဲ့ တောင်သူလယ်သမားများနေ့ အမှတ်တရတွေကို ယခုနောက်ပိုင်းမှာ ထူးထူးခြားခြားကျင်းပတာ မတွေ့ရတော့ဘဲ သာမန်ရုံးပိတ်ရက် အဆင့်လောက်သာ ကျန်ရစ်နေပါတော့တယ်။ တောင်သူအများစုပင် တောင်သူလယ်သမားနေ့မှန်း မသိလာတော့တဲ့အထိ ဖြစ်လာပါတယ်။ အရင်တုန်းကလို တောင်သူလယ်သမားနှီးနှောဖလှယ်ပွဲတွေ၊ တောင်သူလယ်သမားနေ့ အခမ်းအနားတွေ မရှိတော့တဲ့အတွက် တောင်သူလယ်သမားတွေဟာ ကိုယ့်ရဲ့ ကိုယ်ပိုင်အခွင့်အရေးကိုတောင် အဆုံးရှုံးခံနေရပါတယ်။

တောင်သူလယ်သမားအရေးတော်ပုံ ပေါ်ပေါက်လာတာ နှစ်ပေါင်းရှစ်ဆယ်ပင် ရှိနေပေမယ့် တောင်သူလယ်သမားများအတွက် သိသာတဲ့ တိုးတက်ပြောင်းလဲမှုတွေ မတွေ့ရသေးပါဘူး။ လက်မှုလယ်ယာစနစ်ကနေ စက်မှုလယ်ယာစနစ်ကို ပြောင်းလဲပေးနေတဲ့ လက်ရှိနိုင်ငံတော်အစိုးရ အစီအစဉ်သည်လည်း မပြောပလောက်တဲ့ အတိုင်းအတာပဲ ရှိနေပါသေးတယ်။ လယ်ယာလုပ်ငန်းခွင်အတွက် လိုအပ်တဲ့နည်းပညာ ပံ့ပိုးမှုသည်လည်း ဖြစ်သင့်သည်ထက်ကို အလွန်နည်းပါးနေသေးတာ တွေ့ရပြီး မလိုလားအပ်တဲ့ အထွက်နှုန်းလျော့ကျမှုနဲ့ အကျိုးအမြတ်နည်းပါမှုတွေ ရှိလာနေပါတယ်။

ပြီးခဲ့တဲ့ စစ်အစိုးရအဆက်ဆက်ကတည်းက ပံ့ပိုးမှုတွေ မရရှိခဲ့တဲ့ တောင်သူလယ်သမားတွေဟာ တာဝန်ကျေစပါးများကိုလည်း တစ်ဧက ၁၀ တင်းမှ ၁၂ တင်းအထိ သွင်းကြရပြီး မသွင်းနိုင်တဲ့ တချို့တောင်သူတွေကြတော့ အစိုးရချုပ်နှောင်တဲ့ အချုပ်ခန်းထဲမှာ လအတန်ကြာ နေခဲ့ရတဲ့ သမိုင်းကြောင်းတွေလည်း ထပ်နေခဲ့ပါတယ်။

၂၀၀၄ ခုနှစ် နောက်ပိုင်း တာဝန်ကျေစပါးများ သွင်းစရာမလိုတော့ပေမယ့် ထိုးကျလာတဲ့ စပါးဈေးနဲ့ ကြီးမားတဲ့ အရင်းအနှီးတွေကြောင့် တောင်သူလယ်သမားများအနေနဲ့ သက်သာရာ မရခဲ့ပါ။ မပြောပလောက်တဲ့ပမာဏနဲ့ ပေးနေတဲ့ အမတော်ကြေးသည်လည်း ပြင်ပအတိုးနှုန်းနဲ့ သိပ်မကွာလှဘဲ အစိုးရလိုအပ်တဲ့အခါမှာ အချိန်မရွေး ပြန်သွင်းရတာကြောင့် တောင်သူလယ်သမားများအတွက် အခက်အခဲတွေ အတန်တန် ဖြစ်စေခဲ့ပါတယ်။ ပိုမိုဆိုးဝါးတာက ဓာတ်ငွေ့ပိုက်လိုင်းဖောက်တဲ့အခါ လမ်းဖောက်တဲ့အခါ သိမ်းယူလိုက်တဲ့ လယ်ယာတွေအတွက် ထိုက်တန်တဲ့ အခကြေးငွေ မပေးတဲ့အပြင် တိုင်တန်တဲ့တောင်သူလယ်သမားတွေကိုလည်း ဖမ်းဆီးအရေးယူလာတဲ့အထိ ပိုဆိုးလာနေပါတယ်။

ဈေးကွက်စီးပွားရေးကို ဖော်ဆောင်နေရာမှာလည်း တရားဝင်အသင်းအဖွဲ့များရဲ့ ကိုယ်ကျိုးရှာ အရင်းရှင်တွေရဲ့ ဆောင်ရွက်မှုတွေကြောင့် နေရာတော်တော်များများမှ တောင်သူလယ်သမားများ ရသင့်တဲ့ အကျိုးအမြတ်မရရှိဘဲ ပင်ပင်ပန်းပန်းနဲ့ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။ ငွေပိုင်ရှင်တွေအနေနဲ့ ဆန်စပါးပေါ်ချိန်မှာ ဈေးနှုန်းချိုချိုနဲ့ ရတဲ့စပါးတွေကို တောင်သူလယ်သမားများထံမှ ဈေးနှိမ်ဝယ်ယူလေ့ရှိပြီး တဖက်နိုင်ငံများသို့ ဈေးကောင်းကောင်းနဲ့ ရောင်းနေကြပါတယ်။

ယခုနှစ်ထဲမှာပင် နိုင်ငံတ်ာရဲ့ ခွင့်ပြုချက်ဖြင့် ဆန်လုပ်ငန်းရှင်များအသင်းကို နယ်၊ မြို့နယ်အဆင့်အထိ ဖွဲ့စည်းလာတာ တွေ့ရပါတယ်။ လက်ရှိအစိုးရအနေနဲ့ ပြည်ပနိုင်ငံသို့ ဆန်စပါးတင်ပို့နိုင်ခွင့်ဟာ လုပ်ငန်းရှင်တွေရဲ့ တောင်သူလယ်သမားအပေါ် အကျိုးအမြတ်ရှိစေနိုင်မှုအပေါ် မူတည်နေပါတယ်လို့ ပြောနေပေမယ့် ခွင့်ပြုပေးလျက်ရှိတဲ့ ပို့ကုန်သွင်းကုန်လွတ်လပ်ခွင့်တွေဟာ သာမန်ပြည်သူ တောင်သူလယ်သမားများအစား ကုန်သည်များအတွက်ပဲ ဖြစ်နေမလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတော့တယ်။

မှောင်ရိပ်အောက်မှာ ပုံဖော်ခွင့် မသာ

Thu 04 Mar 2010, ပနွတ်ကျား
"ဟေ့ ….. တစ်ယောက်မှ ထွက်မပြေးကြနဲ့။ မင်းတို့ကို ဧည့်စာရင်း စစ်မယ် ……။ နာမည်ခေါ်ရင် ဒီအထဲ နာမည်မပါတဲ့လူတွေ ဒီဘက်ခြမ်းကိုလာခဲ့။ မင်းတို့က ဘာလုပ်နေတာလဲ။ ဘာဖြစ်လို့ ဧည့်စာရင်း မတိုင်တာလည်း….. '' အော်ငေါက်သံနှင့်အတူ တည်းခိုခန်းတစ်ခန်းမှ ထွက်ပေါ်လာသောအသံသည် ဘေးပတ်ဝန်းကျင်နှင့် ညသန်ခေါင်ယံကို ပျံ့လွင့်သွားပါသည်။

“ဟုတ်ကဲ့ဆရာ သမီးတို့က ရောက်လာတာလည်း သိပ်မကြာသေးဘူး၊ သမီးတို့ကို ဒီမှာလာခိုင်းတာပဲသိတာ၊ နောက်ပြီးတော့…” “ ဟို..ဒီဒီ…. ဘာမှ ရှင်းပြမနေနဲ့၊ ရုံးရောက်မှ ရှင်းပေတော၊့ ကဲ ကားပေါ်တက်” ဟု ဆိုပြီး ရဲက စောင်းငန်းငန်းနဲ့အော်ပြီး စကားကို ကောက်ဖြတ်ကာ တည်ခိုခန်းရှိ လိင်ဖျော်ဖြေနေသော မိန်းကလေးများအား ကားပေါ်တက်ခိုင်းပြီး ရဲစခန်းသို့ ခေါ်သွားကြပါသည်။

“သွားပြီရှင့်….စိတ်ညစ်စရာပဲ၊ ဒီ ခွေးသားတိရိစ္ဆာန်ရဲတွေက ဟိုညကတည်းက ငွေလာတောင်းနေတာ၊ ဒီလိုလုပ်မယ် ဆိုတာ မထင်ခဲ့မိပါဘူး၊ အပြောကတော့ ကူညီပါရစေတဲ့ ဟင့်” ဟု မာလာ (အမည်အရင်းမဟုတ်သူ) က စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းများချကာ ဘယ်အချိန်က ချောဆွဲထားမှန်းမသိသော ဟိုင်းလက်ကားပေါ် ပါသွားလေတော့သည်။

လွန်ခဲ့သော ၃ ရက်ကတည်းက မော်လမြိုင်မြို့ မောင်ငံရပ်ရှိ တည်းခိုခန်းတစ်ခုတွင် ရဲစခန်းနှင့် ညှိနှိုင်းမှု မရှိပဲ အလွတ်တန်း လုပ်စားနေကြောင်း သတင်းရရှိထားသည့်အတိုင်း စခန်းအမိန့်အရ စစ်ဆေးမေးမြန်းပြီး ရဲသားမောင်သူရိန် ငွေလာတောင်းခဲ့သေးသည်။ နောက်ဆုံးတောင်းမရ၍ ယခုညတွင် ၎င်းတို့ရဲအဖွဲ့မှ တည်းခိုခန်းကို စီးနင်းဝင်ရောက်ကာ လိင်အပျော်ညအိပ်မိန်းကလေးများကို ဖမ်းသွားကြပါသည်။

ရဲစခန်းတွင် နာရီပေါင်းများစွာ စစ်ဆေးရင်း “မင်းတို့ တစ်ယောက်ကို ဒဏ်ငွေ ၅ဝဝဝ၀ ကျပ် ဆောင်ရမယ်။ မဆောင်နိုင်ရင်တော့ အချုပ်ထဲမှာနေခဲ့ရမှာ၊ ဆောင်နိုင်ရင်တော့ ပြန်လွှတ်ပေးမယ်….ဒါပဲ။ မင်းတို့ကို ထောင်လည်း မချချင်ဘူး၊ ရှုပ်တယ်” ဟု မာဗဲလ်စီးကရက်တိုကို တအားရှိုက်ရင်း ရဲအရာရှိတစ်ဦးက မျက်နှာမာမာနှင့် အော်ပြောလိုက်သည်။

အားကိုးခိုကိုးရာမဲ့ချိန်တွင် အားငယ်စွာဖြင့် ပိုမိုခံစားတတ်သော မိန်းမသား၏ သဘာဝအတိုင်း ယိုစီးလာသော မျက်ရည်စများကို သုတ်ရင်း စခန်း၏အမိုးကို မော့ကြည့်ကာ အဘယ်မှာ ထိုကျပ်ငွေငါးသောင်းကို ချက်ချင်းရနိုင်ပါ့မလဲဟု စိတ်ထဲတွင် တမ်းတရင်း အရသာမဲ့တံတွေးကို မျိုချကာ အားငယ်စွာဖြင့် အမှောင်ညကို ရဲအချုပ်ခန်းမှာ လွန်မြောက်စေခဲ့ရပါသည်။

ဂျူးဂျူး (နာမည်ရင်းမဟုတ်) တစ်ယောက် လိင်ဖျော်ဖြေရေးရုံးတစ်ရုံးမှာ လုပ်ကိုင်သူတစ်ဦး ဖြစ်သည်။ သူ့ဘဝအစမှာတော့ ၁၀ တန်းအောင်ပြီး တက္ကသိုလ်တက်ခွင့် ရခဲ့ပါသည်။ အိမ်က ငွေမတတ်နိုင်သဖြင့် ဘီယာဘားတစ်ခုတွင် ညပိုင်း အလုပ်လုပ်ခဲ့ရပါသည်။ အိပ်ရေးလည်းပျက် အိနြေ္ဒသိက္ခာလည်း တခါတရံ ထိပါးခံခဲ့ရပါသည်။ လစာကလည်း တစ်လရှင်းပြီးရင် ဘာမှလည်းမကျန်၊ နောက်ဆုံး အပြောင်းအလဲတစ်ခုကို သူမ လုပ်ချင်ခဲ့သည့်အတိုင်း အလုပ်လုပ်ခွင့် ရခဲ့ပါသည်။

ပွဲစားတစ်ယောက်အိမ်တွင် စောင့်နေရင်း ဂျူးဂျူးတစ်ယောက် နှလုံးခုန်သံ ပိုပိုမြန်လာသည်။ အကြောင်းမှာ ပွဲစားအန်တီ ပြောစကားအရ ယခုည ၇း၃၀ တွင် သူမနှင့် တွေ့ချင်သူကို ဤနေရာမှာ ချိန်းထားသောကြောင့် ဖြစ်သည်။ ၇း၃၀ ကျော်မှ ကားတစ်စီး ရောက်လာပြီး သူမကို အပြင်သို့ ခေါ်ထုတ်သွားခဲ့ပါသည်။

သိပ်မကြာမီ ဟိုတယ်တစ်ခုရှေ့ကို ရောက်နေကြောင်း သူမသိလိုက်ပါသည်။ ဟိုတယ်ပေါ်တက်ကာ အခန်းတစ်ခန်းသို့ ကားမောင်းသမား လိုက်ပို့ပေးခဲ့ပါသည်။ အခန်းတစ်ခန်းရှေ့ ရောက်ချိန်တွင် တံခါးနှစ်ချက် ခေါက်ရင်း တစ်စုံတစ်ယောက်က တစ်ခါးကို လာဖွင့်ပေးခဲ့ပါသည်။ သူမကို အခန်းထဲသို့ ဝင်လာရန် ရင်းနှီးစွာ ၎င်းက ဖိတ်ခေါ်လိုက်သည်။ ထိုသူသည် “ဝ” သူဌေးတစ်ဦး ဖြစ်ကြောင်း၊ အတွေ့အကြုံမရှိသော သူမကို ဧည့်သည်က မညှာမတာ ဆက်ဆံခဲ့သဖြင့် ဝေဒနာအပြင်းအထန် ခံစားရပြီး ထိုရသောငွေကျပ် ၁၅၀၀၀ ဖြင့် တစ်ပတ်မျှ အလုပ်မလုပ်နိုင်သေးပဲ နားနေခဲ့ရကြောင်း သူမက သူ့ဘဝဖြတ်သန်းခဲ့ရပုံကို ရိုးသားစွာ ဖွင့်ပြောပြသည်။

ယခုလက်ရှိစားသောက်ဆိုင်၊ အနှိပ်ခန်းစသော ဖျော်ဖြေရေးလုပ်ငန်းများတွင် စီးပွားရေး ပျက်ကပ်ကြောင့် ဖောက်သည်များ ပုံမှန်မလာရောက်နိုင်ကြတော့ပဲ ၎င်းဆိုင်အားလုံးနီးပါးတို့တွင် ရှိနေကြသော အမျိုးသမီးငယ်များတို့သည်သည်လည်း ရရာလုပ်ငန်းကို လုပ်ကိုင်ကြရသည့်အခြေအနေသို့ ရောက်ရှိကြရသည်။ ညဥ့်ပိုင်းတွင် အဆင်ပြေသလို နီးကပ်ရာ ဟိုတယ်၊ တည်းခိုခန်းတို့တွင် လိင်ပိုင်းဆိုင်ရာ ဖျော်ဖြေမှုလုပ်ငန်းများကို လုပ်ကိုင်နေကြရကြောင်း မော်လမြိုင်မြို့ မြေနီကုန်းရပ်ကွက်ရှိ တည်းခိုခန်း မန်နေဂျာတစ်ဦးက ပြောသည်။

ထိုမြေနီကုန်း ခရီးသွားအဝေးပြေးကားဝင်းတွင် မထသ၊ စည်ပင်၊ ရဲနှင့် လုံခြုံရေးအတွက် စစ်တပ်များကိုလည်း ထားရှိထားပါသည်။ ထိုကားဝင်းအတွင်းရှိ စားသောက်ဆိုင်များ၊ အခြားမှောင်ခို ယိုးဒယား (ထိုင်း) ပစ္စည်းများ တင်ဆောင်လာသော ကုန်တင်ကားများ၊ ကုန်သည်များနှင့် လိင်ဖော်အမျိုးသမီးများကို ထားရှိသော စားသောက်ဆိုင် တည်းခိုခန်းတို့မှ ရရှိသောအောက်ဆိုဒ်များသည် ရဲများအတွက် ဝန်ထမ်းလစာနှင့်စာလျှင် များစွာ ကွာခြားလှပါသည်။

၎င်းဆိုင်ခန်းတွေ တစ်နှစ်စာ အခွန်အနေဖြင့် အနည်းဆုံး အရောင်းအဝယ်မရှိသော ဆိုင်ဆိုလျှင် တစ်နှစ်စာ နှစ်သောင်းပေးရပြီး ကုန်ပစ္စည်းအစုံတင်ထားလျှင် ခြောက်သောင်းအထက် ပေးရပါသည်။ ထိုငွေကောက်ခံရာတွင် စည်ပင်စသော သက်ဆိုင်ရာ အဖွဲ့အစည်းများမှ လာရောက်ကောက်ခံခြင်း မဟုတ်ဘဲ တစ်ဦးတည်းသာ လာရောက်ကောက်ပါသည်။ သတ်မှတ်ဈေးနှုန်း ရုံစည်းရိုက်ထားခြင်းလည်း မရှိ၊ အပေးအယူ အတင်းလျော့ကို ဆိုင်ရှင်နှင့် ထိုငွေလာရောက်ကောက်ခံသူတို့က ညှိကြရပါသည်။ တိတိကျကျလည်း မရှိပါ၊ ငွေမရှိ၍ “ဆရာတို့ရုံးခန်းကို အမေပြန်ရောက်ရင် သွားပို့ပေးမယ်လေ….” ဟု ဆိုင်ရှင် ကောင်လေးက ပြောတော့ "မရဘူး၊ သွားပေးလို့ ရမလား၊ ငါလာကောက်တာ မင်းငါ့ကိုပဲ ပေးရမှာပေါ့ ဟုတ်ပြီလား သွားမပို့နဲ့ ငါလာယူမယ် ဟုတ်ပြီလား” အလောတကြီးဖြင့် ထိုစည်ပင်ဝန်ထမ်းက ရုံးသို့သွားမပို့ရန် တားမြစ်လိုက်ပါသည်။ ထိုလုပ်ငန်း လိုင်စင်တွင် ရေးထားသည်မှာ ကျပ်နှစ်သောင်း ဖြစ်သော်လည်း အမှန်တကယ် ပေးရသည်မှာ နှစ်သောင်းခွဲ ဖြစ်သည်။ အပိုငါးထောင်က စာရွက်ကြေးဟု ဆိုပါသည်။

ဆိုင်ခန်းတစ်ခန်းကို တစ်လလျှင် တစ်သိန်းမှ တစ်သိန်းခွဲထိ ဈေးကြီးစွာ ငှားရန်းရသည့်အတွက် စားသောက်ဆိုင်ဖွင့်နေသော ဆိုင်တစ်ဆိုင်မှ ဆိုင်ရှင်က “အမျိုးသမီးတွေကို လခတော့ မတတ်နိုင်ဘူး။ ထမင်းပဲ ကျွေးမယ်၊ ကိုယ့်ဘာသာ ကိုယ့်ဖောက်သည်တွေနဲ့ အဆင်ပြေအောင် ရေရှည်အောင့်ပြီးတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆက်သွယ်ကြ” ဟု ဆိုင်ရှင်က ပြောသည်။ ထိုနေရာတစ်ဝိုက်မှာ တည်းခိုခန်းမြောက်မြားစွာ ရှိပြီး ညဥ့်နေစောင်းတွင် ထော့မဲပါ၊ ရာမညစသော တက္ကစီသမားများက heaven တည်းခိုခန်းဆီသို့ အလောတကြီး ဦးတည်ဆိုက်ရောက်လာကြပြီး ဆိုင်ရှင်မှာထားသည့်အတိုင်း မိန်းသမီးများကို တင်ဆောင်ပြီး ကိုယ်စီထွက်သွားကြပါသည်။

ထိုအမျိုးသမီးများ ဝတ်စားဆင်ယင်ထားသည်မှာ ရုတ်တရက် ကြည့်လိုက်ပါက အနောက်တိုင်းသူ တစ်ဦးဟု ထင်မှားမိပါလိမ့်မည်။ လမ်းလျောက်လျှင်လည်း ကိုယ်လုံးကို ဟိုဘက်ရမ်းလိုက် ဒီဘက်ရမ်းလိုက်နှင့် ကြည့်ရသည်မှာ ပတ်ဝန်းကျင်နှင့် လိုက်ဖက်မှု ကင်းနေပါသည်။ ဖောက်သည်များကို ဟိုစောင်း ဒီစောင်းနှင့် ကြည့်ရသည်မှာ သားကောင်များကို အလွတ်မပေးသည့် မုဆိုးအတိုင်းပင် ဖြစ်သည်။

ကာင်တာက ဖုန်းနှင့်အော်ဒါမှာထားသော ဧည့်သည်များ ရောက်မလာသေး၍ “မာလာတို့အဖွဲ့ ခဏစောင့်နှင့်ဦး၊ ခဏနေကြရင် ဧည့်သည်တွေ ရောက်လာလိမ့်မယ်” ဟု တည်းခိုခန်းကောင်တာက ပြောတော့ မာလာက “ရပါတယ် ကျွန်မတို့ ဘယ်အခန်းမှာ စောင့်နေရမှာလဲ” ။ ဆိုင်ရှင်က အခန်းညွန်ပေးပြီး မကြာခင်မှာပဲ Super saloon မီးခိုရောင်ကားလေးတစ်စီး heaven တည်းခိုခန်းဆီသို့ ရောက်လာခဲ့ပါသည်။ ထိုလူသည် တည်းခိုခန်းထဲရှိ ကောင်တာနှင့် စကားပြောပြီး အခန်းထဲကို တန်းဝင်သွားပါသည်။ ဘီယာ၊ အရက်နှင့် စားစရာတွေကို အခန်းထဲရှိဖုန်းဖြင့် operator 0 နှိပ်ပြီး စိတ်ကြိုက်မှာယူနိုင်ပါသည်။

မော်လမြိုင်မြို့ အနှံ့တွင် စားသောက်ဆိုင်၊ အနှိပ်ခန်းနှင့် လိင်ဖျော်ဖြေသည့်ဆိုင် များစွာ ရှိကြပါသည်။ ထိုဆိုင်များမှ အမျိုးသမီးများမှာ လက်ခံရသည့် ဧည့်သည်တစ်ယောက်မှ ရသောငွေ၏ ငါးပုံ နှစ်ပုံကိုသာ ၄င်းတို့ ရရှိကြပြီး ကျန်သည့်သုံးပုံမှာ ဆိုင်ရှင်များက ရကြပါသည်။

ညပိုင်းအိပ်မငိုက်အောင် ခံနိုင်ရည်ရှိအောင် ဆေးခြောက်၊ မြင်းဆေးတွေကိုလည်း ဆိုင်ရှင်များက သုံးခိုင်း၍ ဘုမသိဘမသိနှင့် ၄င်းတို့ သုံးကြရသေးသည်ဟု မာလာက ပြောသည်။

“အိမ်မှာ မာလာတို့ အမေက အသက်ကြီးနေပါပြီ။ အဖေက သမီးတို့ငယ်ငယ်ကတည်းက အရက်တအားသောက်လို့ အောက်ပိုင်းလေဖြတ်နေတယ်။ ဘာမှ လုပ်လို့မရတော့ဘူး အဖေကတော့။ မိသားစုတစ်ခုလုံးတာဝန်ကို အမေက တာဝန်ယူခဲ့ရပါတယ်။ မောင်နှမတွေ ၃ ဦးရှိတော့ မောင်လေးနဲ့ ညီမလေးတွေကျောင်း နေစရိတ်အတွက် သမီးက (၇) တန်းကတည်းက အမေ့ကို ကူညီဖို့ ကျောင်းထွက်ခဲ့ရပါတယ်။ အစက ရန်ကုန်အပ်ချုပ်ရုံ တစ်ခုမှာ အလုပ်လုပ်တယ်၊ ဒါပေမယ့် လစာလည်းနည်းတော့ အလုပ်ရှာရင်း အလုပ်ကောင်းကောင်းနဲ့ လစာကောင်းကောင်းရမယ်ဆိုပြီး ဒီကိုရောက်လာတာ၊ အစပိုင်းက ဒီလိုအလုပ်ကို လုပ်ရမယ်လို့ မစဉ်းစားခဲ့မိပါဘူး။ ဒီဘက်ကို တစ်ခါမှ မရောက်ဖူးတော့ ဘယ်လိုမှ အလုပ်သစ်ကို ရှာလို့မလွယ်ဘူး ဖြစ်နေတာ။ နောက်ပိုင်းတော့လည်း မတတ်နိုင်တော့ ဒီအလုပ်ကို လက်ခံခဲ့ရပါတယ်။ မာလာတို့အမေက သူ့သမီးဘဝ ဒီလိုဖြစ်နေတာကိုသိရင် သူရင်ကျိုးလိမ့်မယ်၊ ဘယ်လိုမှ သူယုံနိုင်မှာ မဟုတ်ဘူး” ဟု မိသားစုဝန်တစ်ခုလုံးကို ရင်နာသော ညပုံရိပ်လေးနှင့် မာလာ ရေးဆွဲခဲ့ရပါပြီ။

မာလာကဲ့သို့သော မိန်းကလေးများခမျာ ကျန်းမာရေးဗဟုသုတလည်း မရှိ။ သူတို့မှာ HIV ရောဂါပိုးများကို လက်ခံသူနှင့် ပွားများအောင် ဖြန့်ဝေပေးနေသူကဲ့သို့ ဖြစ်နေပါသည်။ သူတို့ဘဝအတွက် ငွေလုံးများသာ အဓိကဖြစ်ပြီး နောက်ပိုင်းဖြစ်ပေါ်လာမည့် ဆိုးကျိုးကို မရှိ မသိဟု ခံယူထားသည့် ရှေ့တန်းစစ်မျက်နှာက ရဲဘော်များကဲ့သို့ တွေဝေခြင်းမရှိ၊ ရင်ဆိုင်တိုက်ခိုက်ရန် အသင့်။ လူပေါင်းစုံနှင့် ဘဝရဲ့အဓိပ္ပါယ်ကို ပုံဖေါ်ခဲ့ကြပါပြီ။ တစ်ခါတစ်လေလည်း ရဲများက လူကြီးလာတယ်ဆိုပြီး အလကား သွားပြုစုပေးရတဲ့ အချိန်တွေမှာဆိုရင် မာလာလို မိန်းကလေးများအတွက် အဆိုးဆုံးဖြစ်တဲ့ ညတစ်ညပါပဲ။ ။

အလုပ်သမားငါးသိန်း ပြန်ပို့မည့်အစီအစဉ်ကြောင့် မိသားစုဝင်များ စိုးရိမ်နေကြ

Wed 10 Mar 2010, ကွန်းချမ်း
ထိုင်းအလုပ်အကိုင်ဦးစီးဌာနမှ ၄င်းတို့သတ်မှတ်ထားသည့် မတ်လ ၂ ရက်နေ့အထိ အလုပ်သမားမှတ်ပုံတင်ခြင်းမပြုရသေးသူ နိုင်ငံခြားအလုပ်သမားများကို နေရပ်သို့ပြန်ပို့မည့်သတင်းကြောင်း အလုပ်သမားမိသားစုဝင်များ စိုးရိမ်နေကြကြောင်းသိရသည်။

ထိုင်းအလုပ်အကိုင်ဦးစီးမှုဌာနမှ ၄င်းတို့ သတ်မှတ်ထားသော မတ်လ ၂ ရက်နေ့အထိ လာရောက်မှတ်ပုံတင်ခြင်းမရှိသော နိုင်ငံခြားအလုပ်သမားအားလုံးကို လူဝင်မှုကြီးကြပ်ရေးအဖွဲ့နှင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ဖော်ထုတ်အရေးယူသွားမည်ဟု သိရသည်။ မြန်မာနိုင်ငံအပါအဝင် ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံသား တရားမဝင်အလုပ်သမားများကို မတ်လ ၃ ရက်နေ့မှ ဖော်ထုတ်ကာ နေရပ်သို့ ပြန်ပို့မည်ဟု သိရသည်။

“တကယ်လို့ ပြန်အပို့ခံရရင်တော့ သူတို့လုပ်တက်ကိုင်တက်တဲ့အလုပ်အတွက် အချိန်ယူရှာရဦးမယ်၊ ဒီမှာက ဟိုမှာလိုမျိုး ပင်ပန်းရင် ပင်ပန်းသလောက် ပိုက်ဆံရမှာလည်းမဟုတ်ဘူး၊ မိဘတွေလုပ်နေတဲ့ လယ်ယာလုပ်ငန်းတွေမှာ ဝင်လုပ်ဖို့ကလည်း သူတို့အနေနဲ့ အပင်ပန်းခံနိုင်မှာမဟုတ်ပါဘူး၊ ထိုင်းနိုင်ငံသို့ ထပ်မသွားဖြစ်ရင်တောင် စာအုပ်လုပ်ပြီး တခြားနိုင်ငံကို ထွက်ဖြစ်မယ်ထင်တယ်” ဟု ယာယီနိုင်ငံကူးလက်မှတ်မရှိသေးသည့် အလုပ်သမားတစ်ဦး၏မိခင်မှ ပြောသွားသည်။

ပြည်တွင်းအလုပ်အကိုင်ရှားပါးမှုကြောင့် မြန်မာနိုင်ငံမှ လူလတ်ပိုင်းအများစု အလုပ်လုပ်ကိုင်ရန် ဝန်ဆောင်ခသက်သာသည့် ထိုင်းနိုင်ငံသို့ အများဆုံးသွားရောက်အလုပ်လုပ်ကြသည်။

ပြည်ပမှာ အလုပ်လုပ်ခြင်းဖြင့် အတွေ့အကြုံအသစ်၊ ပတ်ဝန်းကျင်အသစ်၊ အပေါင်းအသင်းအသစ်နှင့် ခင်မင်ကျင်လည်လိုသည့် စိတ်ဆန္ဒကြောင့် နီးစပ်ရာထိုင်းနိုင်ငံမှာ လွယ်လင့်တကူ အလုပ်လုပ်နေကြသလို ၄င်းတို့ ကောင်းမွန်သည့်လုပ်အားခဖြင့် မိသားစုဝင်များကို ရရှိစေသည့်အတွက် အများစုမှာ နယ်စပ်မှတဆင့် ထိုင်းနိုင်ငံသို့ ရောက်ရှိလာကြသည်။

ထိုင်းအလုပ်အကိုင်ဦးစီးဌာန၏ မူဝါဒအသစ်တွေကြောင့် ပြန်အပို့ခံရမည့်အလုပ်သမားများမှာ နစ်နာမှုများရှိနေပြီး၊ ပြန်အပို့ခံရသူတွေအနေနှင့် ပြည်တွင်းအလုပ်အကိုင်မသေချာမှုက ပိုမိုစိုးရိမ်ဖွယ်ဖြစ်ကြောင်း သုံးသပ်နေကြသည်။

“အခုလို အခက်အခဲတွေ့နိုင်တာက နိုင်ငံကူးလက်မှတ် မလုပ်ဖြစ်ရသေးတဲ့လူအသစ်တွေပဲ၊ ဘာလို့လည်းဆိုတော့ သူတို့အတွက် အရင်းကျေဖို့ နေနေသာသာ ဘတ်တစ်သောင်းတန် နိုင်ငံကူးလက်မှတ်လုပ်ဖို့ မဖြစ်နိုင်ပါဘူး၊ နွေရာသီအချိန်မှာဆို အလုပ်အကိုင်တွေလည်း နားထားတော့ ပြည်တွင်းရောက်ရင်လည်း အလုပ်အကိုင်ရရှိမှာမဟုတ်ဘူး၊ ပြီးတော့ ထိုင်းကနေ လစဉ်ပုံမှန်ဝင်ငွေ ရနေတဲ့ မိသားစုတွေလည်း ငွေမရတော့ဘူးဆိုရင် အခက်အခဲဖြစ်လာမယ် ဒါနဲ့နောက်ဆက်တွဲ ပြဿနတွေလည်းရှိလာနိုင်တယ်” ဟု ချောင်းဆုံမြို့နယ်မှ ခရီးသွားဝန်ဆောင်မှုပေးနေသူ အသက် ၄၀ အရွယ်အမျိုးသားတစ်ဦးက ပြောသည်။

နိုင်ငံတကာရွေ့ပြောင်းနေထိုင်သူများအဖွဲ့ (IOM) ၏ ၂၀၀၉ ဇူလိုင်လ တရားဝင်သတင်းထုတ်ပြန်ချက်များအရ လူကုန်ကူးခံရမှုအပါအဝင် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသူ မြန်မာနိုင်ငံသားစုစုပေါင်း ၃ သန်းအထိရှိနိုင်သည်ဟု ဖော်ပြထားသည်။ ပြည်တွင်းအလုပ်အကိုင်ရှားပါးမှုကြောင့် ထိုင်းနိုင်ငံမှ သွားရောက်အလုပ်လုပ်ကိုင်နေရသူ နိုင်ငံသားများ ပြန်အပို့ခံရပါက ပြည်တွင်းရှိ ၄င်းတို့၏ မိသားစုများအတိုင်းအတာတခုအထိ ထိခိုက်နိုင်ကြောင်း သိရသည်။

နယ်စပ်ရှိ သစ်လုပ်ငန်းရှင်များ အခက်အခဲကြုံတွေ့နေကြ

Wed 10 Mar 2010, ကွန်းဟဒေ့၊ သူရိန်
ထိုင်းနိုင်ငံသို့ အဓိက တင်ပို့သောသစ်များကို ထိုင်းသူဌေးများမှ အဝယ်တော်ရှားပါးမှုနှင့် ဈေးနှုန်းအလွန်အမင် ကျဆင်းနေမှုတို့ကြောင့် ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ရှိ သစ်လုပ်ငန်းရှင်များ အလွန်ဒုက္ခဖြစ်နေကြသည်ဟု သိရသည်။

လွန်ခဲ့သော ဖေဖော်ဝါရီလ တတိယအပတ်မှစ၍ ထိုင်းသစ်အဝယ်တော်အများစုက သစ်ဝယ်ယူမှုများ ရပ်ဆိုင်းလိုက်ခြင်းနှင့် သစ်ဝယ်ယူနေသော ထိုင်းသူဌေးများက သစ်ဈေးနှုန်းများကို အဆမတန် ဈေးနှိမ်ပြီး ဝယ်နေသောကြောင့် ထိုသစ်လုပ်ငန်းတွင် ဘတ်ငွေ သိန်းချီ ရင်းနှီးမြုပ်နှံထားသည့် လုပ်ငန်းရှင်များအတွက် အခက်အခဲတွေ့နေကြသည်ဟု သစ်လုပ်ငန်းတွင် ဘတ်ငွေဆယ်သိန်းကျော် ရင်းနှီးမြုပ်နှံထားသည့် သစ်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“အရင်က ပျဉ်းကတိုးသစ်တစ်တန်ကို ထိုင်းဘတ်ငွေ တစ်သောင်းသုံးထောင် လောက်ရှိတယ်၊ အခုဆို ရှစ်ထောင်လောက်ကျသွားတယ်။ အရင်က ဘတ်ငွေ သုံးသောင်းလောက်ရှိတဲ့ ဘာကေးတွေတောင်မှ အခုဆို တစ်သောင်းခွဲ လောက်ပဲရှိတယ်ဆိုတော့ ရင်းနှီးထားတဲ့လူတွေ ငွေတွေအားလုံး အဲဒီမှာပဲ မြုပ်နေကြတာ၊ လုပ်ငန်းအသစ်ကို ဘယ်လိုမှ ဆက်ပြီးတော့ မလည်ပတ်နိုင်ဘူးဖြစ်နေတယ်” ဟု ၄င်းက ပြောသည်။

ထိုင်းလုပ်ငန်းရှင်အများစုက သစ်ဝယ်ယူမှု ရပ်ဆိုင်းလိုက်ခြင်းမှာ ထိုင်းနိုင်ငံအတွင်း လက်ရှိမတည်မငြိမ်ဖြစ်နေခြင်းနှင့် ၄င်းတို့ဝယ်ယူထားသော သစ်များ အရောင်းအဝယ်မတွင်ကျယ်သောကြောင့် သစ်အဝယ် ရပ်လိုက်ရခြင်းဖြစ်သည်ဟု သစ် လုပ်ငန်းများက ဆိုသည်။

သစ်ဈေးများ အဆမတန်ကျဆင်းနေသော်လည်း အကောက်အခွန်များ ကျဆင်းခြင်းမရှိသည့်အချက်သည်လည်း သစ်လုပ်ငန်းရှင်များ တွက်ခြေမကိုက်ဖြစ်နေသည့် အဓိက အချက်တစ်ချက်ဖြစ်သည်။

“တစ်တန်ကို ဘတ်ထောင်ကျော်ရှုံးတယ်၊ သစ်တိုက်ဖို့အတွက် နှစ်တန်ဝင် ဖိုးဝီးကားတစ်စီးအတွက် ဘတ် ၄၀၀၀၊ အလုပ်သမားခ အတွက် ၂၅၀၀ ဘတ်၊ အခွန်မှာလည်း တစ်တန်ကို ၁၅၀၀ ဘတ်၊ ဒုလုံးသစ်တွေဝယ်ဖို့ တစ်တန်ကို ၁၅၀၀၊ စုစုပေါင်း တစ်သောင်းနီးပါးရှိသွားပြီး၊ ရောင်းဈေးက တစ်တန်ကို ၈၀၀၀ ဘတ်ပဲဆိုတော့ နှစ်ထောင်နီးပါးလောက်ရှုံးတယ်” ဟု အခြားသစ်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

နယ်စပ်ဒေသဘက်မှာသာမက ပြည်တွင်းဖြစ်သည့် သံဖြူဇရပ်ဘက်သို့ သွင်းလျှင်လည်း ငွေလက်ငင်းမရှိမှု၊ ပျဉ်းမနားမှသစ်များ မွန်ပြည်နယ်သို့ စီးဝင်လာနေသောကြောင့် သစ်အရောင်းအဝယ်မကိုက်ဟု ၄င်းက ဆက်ပြောသည်။

ယခုကဲ့သို့ သစ်များကို ထိုင်းဘက်မှ အဝယ်တော်ရှားပါးမှုနှင့် ဈေးနှုန်းအဆမတန်ကျဆင်းနေမှုသည် ယခုအချိန်သည် ဒုတိယအကြိမ်ဖြစ်ပြီး၊ ပထမတစ်ကြိမ်အဖြစ် ၁၉၉၇ ခုနှစ်မှာလည်း ပထမအကြိမ်အဖြစ် ကြုံတွေ့ခဲ့ဖူးသည်ဟု ဘုရားသုံးဆူမှ စီးပွားလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ရွှေတိဂုံဘုရားပေါ်တွင် လုံခြုံရေး ယခင်ကထက် တင်းကြပ်ထား

Wed 10 Mar 2010, မင်းအဲ
တပေါင်းလပြည့်နေ့ (ဖေဖော်ဝါရီလ ၂၇) မှာ နှစ်စဉ်နှစ်တိုင်းကျင်းပသည့် ရွှေတိဂုံဘုရားပွဲတော်မှာ သက်ဆိုင်ရာအာဏာမှ လုံခြုံရေးတင်းကြပ်ထားသည်မှာ ယနေ့ထိပင်ဖြစ်ကြောင်း သိရသည်။

“ဘုရားပွဲတုန်းကဆို ရဲတွေ စစ်သားတွေလည်းပါတယ်၊ လုံခြုံရေးချထားတာ ဘုရားပေါ်မှာ အဲဒီကနေစပြီးတော့ အခုချိန်ထိရှိနေတုန်းပဲ သူတို့ယူနီဖေါင်းတွေနဲ့ သေနတ်တွေ သူတို့ပစ္စည်းတွေလည်းပါတယ်” ဟု ရွှေတိဂုံဘုရားအနီးရှိ ဗဟန်းမှာ နေထိုင်သူတစ်ဦးက ပြောသည်။

“သံဃာတော်တွေစုမိမှာ ဒကာတွေနဲ့ပေါင်းပြီး အစိုးရတွေကျင်းပမယ့် ၂၀၁၀ ရွေကောက်ပွဲကို ဆန့်ကျင်မှာဆိုးလို့ အခုလို လုံခြုံရေးတွေတင်းကြပ်ထားတာ ဘာဖြစ်လို့လဲဆိုတော့ ဘုရားပွဲမှာ လူတွေရော သံဃာတော်တွေရောအများကြီးပဲ” ဟု ၄င်းက ဆက်ပြောသည်။

ဘုရားပေါ်သို့တက်ရောက်လာသူများကို လုံခြုံရေးယူထားသည့်အာဏာပိုင်တွေ တနေ့ထက်တနေ့ စစ်ဆေးမှုများတိုးလာနေကြောင်း ဘုရားဖူးတို့ကပြောသည်။

“ဘုရားပေါ်မှာ စစ်ဆေးမှုခဏခဏလုပ်တယ် ဒါပေမယ့် သူတို့မသကာင်္တဲ့လူတွေဆို ခေါ်စစ်တယ်၊ အိပ်ပါရင် အိပ်ကို စစ်တယ်၊ ဘုရားပေါ်ရောက်တဲ့လူတွေက အများအားဖြင့်တော့ နယ်ကလူတွေများတယ်၊ အိပ်တွေနဲ့ပေါ့၊ တချို့ဆိုအိပ်အကြီးကြီးပဲပါတယ်” ဟု လက်ရှိရန်ကုန်မှာ နေထိုင်နေသည့် မွန်ပြည်နယ်မှ ဒေသခံတစ်ဦးက ပြောသည်။

မြန်မာစစ်အစိုးရတို့ကျင်းပမည့် ၂၀၁၀ ရွေကောက်ပွဲမပြီးမချင်း ယခုလိုလုံခြုံရေးတင်းကြပ်မှုတွေ ထပ်ရှိလာမှာပဲ၊ အခြေအနေအပေါ်မူတည်ပြီး လူစုရာနေရာတွေမှာ လုံခြုံရေးချထားလာမှာပဲဟု လာမည့် ၂၀၁၀ ရွေကောက်ပွဲကို လေ့လာသုံးသပ်နေသူတစ်ဦးက ပြောသည်။

၂၀၀၇ သံဃာ့လှုပ်ရှားမှုမှာ သံဃာတော်အင်အားများနေခြင်းကြောင့် အာဏာပိုင်များ နောက်ထပ်လှုပ်ရှားမှုဖြစ်မည်ကို စိုးရိမ်နေကြသည်။ သံဃာတော်များအပါအဝင် ပြည်သူအများစုက ၂၀၀၈ အခြေခံဥပဒေနှင့် လာမည့် ၂၀၁၀ ရွေကောက်ပွဲအပေါ် မည်သူမျှ မထောက်ခံခြင်းအပေါ် အာဏာပိုင်တွေက စိုးရိမ်ပြီး လုံခြုံရေးထပ်တိုးလာနိုင်တယ်၊ ဘုရားပေါ်မှာမဟုတ်ဘူး တခြားလူစုတက်တဲ့နေရာတွေမှာလည်း ထပ်တိုးနိုင်တယ်” ဟု ၄င်းက ဆက်ပြောသည်။


မီးရထားဖြင့် ခရီးသွားသံဃာတော်များ စစ်ဆေးခံနေရ

Tue 09 Mar 2010, လွတ်လပ်သောမွန်သတင်းအေဂျင်စီ
နယ်အသီးသီးမှ မီးရထားဖြင့် ရန်ကုန်သို့တက်လာသည့် သံဃာတော်များ ဘူတာရုံတွင် သက်ဆိုင်ရာအာဏာပိုင်များထံ အရင်ဦးဆုံးစစ်ဆေးခံပြီးမှ သွားလိုရာကို သွားနိုင်ကြောင်း သိရသည်။

“ရထားပေါ်ကနေဆင်းတော့ သူတို့လူ ၃/၄ ယောက်နဲ့ စားပွဲမှာ ထိုင်နေတယ်၊ ဘယ်ကနေလာတာလဲ၊ ဘယ်သွားမှာလည်း၊ ဘာလာလုပ်တာလဲအစရှိတာကိုမေးမြန်းပြီးမှ သွားခွင့်ပြုတယ်၊ ဒကာတွေတော့မပါဘူး၊ သံဃာတွေပဲ အဲလိုမေးမြန်းတယ်” ဟု အစစ်ဆေးခံထားရသည့် သံဃာတော်တစ်ပါးက မိန့်သည်။

ယခုလိုမျိုး သံဃာတော်များစစ်ဆေးနေခြင်းသည် မီးရထားဖြင့်ခရီးသွားသံဃာတော်များသာ စစ်ဆေးခံနေရပြီး၊ ကားဖြင့် ခရီးသွားသံဃာတော်များ စစ်ဆေးမှုမရှိသေးကြောင်းလည်း သိရသည်။

“ဒီလိုမျိုး စစ်ဆေးနေတာ တခါမှတော့ မတွေ့ဖူးဘူး၊ ခါတိုင်းရန်ကုန်တက်တာ ဒီလို စစ်ဆေးမှုတာ မရှိဘူးပေါ့၊ ကြည့်ရတာ ဒီလကနေပဲ ဒီလိုစစ်တာ” ဟု အထက်ပါ သံဃာတော်က မိန့်သည်။

ရန်ကုန်မြို့ပေါ်သို့ ရောက်ရှိလာသည့် ဧည်သည်တော်များအတွက်လည်း ယခင်ကထက် ဧည့်စာရင်းတိုင်ကြားခြင်းကို ပိုမိုတင်းကြပ်ထားကြောင်းသိရသည်။

“ကားနဲ့ ခရီးသွားတဲ့ခရီးသည်တွေ သံဃာတော်တွေကျတော့ သိပ်ပြီး အစစ်ဆေးမခံရဘူး၊ သွားတဲ့လမ်းတစ်လျောက်မှာပဲ စစ်ဆေးတာရှိတယ်၊ အားလုံးကိုစစ်တယ်၊ ဘုန်းကြီးတွေပဲမဟုတ်ပါဘူး၊ အခြေအနေပေါ်မူတည်ပြီးတော့ စစ်တယ် တခါတလေ ၃/၄ ခါလောက်စစ်တယ် မော်လမြိုင်ကနေ ရန်ကုန်ရောက်ဖို့ကို တခါတလေဆို တခါပဲ ဆင်းရတယ်” ဟု ရန်ကုန်သို့ ခရီးသွားခဲ့သူတစ်ဦးက ပြောသည်။

နယ်မှ ရန်ကုန်သို့ ခရီးသွားလာနေကြသည့် ခရီးသည်အများစုမှာ ဆေးခန်းသို့တက်ရောက်သူများ၊ ဘုရားဖူးများ၊ နိုင်ငံခြားသို့ထွက်လိုသူများအပါအဝင် ကုန်သည်တို့က အများဆုံးသွားလာနေကြသည်။

“အခုတလောသွားလာနေရတာ တော်တော်ခတ်ခဲတယ်၊ လွတ်လပ်မှုမရှိဘူး၊ ဘယ်နေရာပဲသွားသွား စစ်ဆေးမှုတွေက ရှိနေတာပဲ၊ အခမတင့်ရင်လည်း ပိုက်ဆံပါတောင်းတယ်၊ တော်တော်ဆိုးတာပဲ” ဟု မော်လမြိုင်မှ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။