Tuesday, March 30, 2010

လေပြင်းတိုက်ခြင်းကြောင့် ဘန်တောင်ယန်ဒုက္ခသည်စခန်းတွင် အိမ် ၄၀ ကျော် ပျက်စီးမှုရှိ

Tue 30 Mar 2010, လွတ်လပ်သောမွန်သတင်းအေဂျင်စီ
ထိုင်း-မြန်မာနယ်စပ် စံခလဘူရီခရိုင် နယ်မြေရှိ ဘန်တောင်ယန်ဒုက္ခသည်စခန်းမှာ ယမန်နေ့ နေ့လည် ၂ နာရီခန့်က လေပြင်းတိုက်ခတ်ခြင်းကြောင့် အိမ် ၄၀ ကျော် ၅၀ နီးပါးပျက်စီးသွားသည်။

“မနေ့ ၂ နာရီလောက်မှစဖြစ်တာ အစကတော့ မိုးပဲရွာတယ်၊ သာမာန်မိုးရွာသလိုမျိုးတော့မဟုတ်ဘူး၊ မိုးသီးကြွေသလိုဖြစ်တယ်၊ ကလေးတွေကလည်း အဲဒါကို လိုက်ကောက်ကစားနေတာပေါ့၊ ပြီးမှ လေက တိုက်လာတယ်၊ ပြင်းတော့ ပြင်းတာပဲ” ဟု ဘန်တောင်ယန်ဒုက္ခသည်စခန်းမှ မွန်ဒုက္ခတစ်ဦးက ပြောသည်။

ထိုလေပြင်းတိုက်ခတ်ခြင်းကြောင့် မွန်ဘက်ကမ်းမှ အိမ်တစ်လုံးပြိုသွားပြီး၊ နှစ်လုံးအနည်းငယ်ပျက်စီးသွားသည်။ ကရင်ကျေးရွာဘက်ကမ်းမှာ ပျက်စီးမှုပိုများပြီး စုစုပေါင်း အိမ်ခြေအလုံး ၅၀ နီးပါး ပျက်စီးသွားသည်။ အနီးအနားတဝိုက်ရှိ လူအများစုက အချိန်မီတိမ်းရှောင်နိုင်ခြင်းကြောင့် အနည်းငယ်ထိရှသည်မှလွဲပြီး ထိခိုက်မှုမရှိကြောင်း ၄င်းက ပြောသည်။

ထိုလေပြင်းတိုက်ချိန်သည် ၁၅ မိနစ် ကျော်ကျော်သာရှိပြီး မိုးရော လေပါ တပြိုင်တည်း တိုက်ခတ်သည်။ အိမ်ပျက်စီးမှုများသာမက အနီးအနားတဝိုက်ရှိ သစ်ပင်ကြီးများလည်း ပြိုလဲမှုရှိနေကြောင်း ၄င်းက ပြောသည်။

ဘန်တောင်ယန်ဒုက္ခသည်စခန်းသည် စံခလဘူရီမြို့မှ (၃၁) ကီလိုမီတာ ကွာဝေးပြီး ဒုက္ခသည်ပေါင်း (၄၃,၀၀၀) ကျော်ရှိသည်။

လက်ရှိအခြေအနေအရ အိမ်ဆုံးရှုံးသွားသူများမှာ အိမ်နီးနားချင်းရှိ အိမ်တွေမှာ စုပေါင်းနေထိုင်နေကြရပြီး၊ အသစ်ထပ်ဆောက်ရန်အတွက် ဒုက္ခသည်စခန်းမှ တာဝန်ရှိသူတို့က အထက်ကို တင်ပြပြီးမှသာလျှင် ပြန်လည်စီစဉ်ပေးနိုင်မည်ဖြစ်သည်။

“ကရင်ကျေးရွာဘက်ကမ်းမှာ တော်တော်ပျက်စီးမှုရှိတယ်၊ အိမ်တွေရော နောက်ပြီးတော့ ဆန်တွေ လှောင်ထားတဲ့ ဂိုဒေါင်တွေလည်း ပြိုတယ်၊ မိုးရော လေရောပဲ မနေ့က၊ လူတွေ ထိတာတော့မရှိပါဘူး” ဟု တခြား မွန်ဒုက္ခသည်တစ်ဦးက ပြောသည်။

ထိုင်း-မြန်မာနယ်စပ်တလျှောက်တွင် ဒုက္ခသည်စခန်း ၉ ခုရှိပြီး နယ်စပ်တလျှောက် ကူညီစောင့်ရှောက်ရေးညွန့်ပေါင်းအသင်း (TBBC) ၏ ၂၀၀၇ ခုနှစ် အချက်အလက်အရ ဒုက္ခသည်ပေါင်း တစ်သိန်း ၃ သောင်းကျော်ရှိသည်။

ဘန်တောင်ယန်ဒုက္ခသည်စခန်းအတွင်း နေထိုင်နေကြသည့် ဒုက္ခသည်တို့၏ ကျန်းမာရေးကို အေအာစီ (American Relief Committee) ကျန်းမာရေးဆိုင် အကူအညီပေးအဖွဲ့တို့မှ ကူညီစောင့်ပေးနေသည်။

0 comments:

Post a Comment