Thursday, March 11, 2010

မှောင်ရိပ်အောက်မှာ ပုံဖော်ခွင့် မသာ

Thu 04 Mar 2010, ပနွတ်ကျား
"ဟေ့ ….. တစ်ယောက်မှ ထွက်မပြေးကြနဲ့။ မင်းတို့ကို ဧည့်စာရင်း စစ်မယ် ……။ နာမည်ခေါ်ရင် ဒီအထဲ နာမည်မပါတဲ့လူတွေ ဒီဘက်ခြမ်းကိုလာခဲ့။ မင်းတို့က ဘာလုပ်နေတာလဲ။ ဘာဖြစ်လို့ ဧည့်စာရင်း မတိုင်တာလည်း….. '' အော်ငေါက်သံနှင့်အတူ တည်းခိုခန်းတစ်ခန်းမှ ထွက်ပေါ်လာသောအသံသည် ဘေးပတ်ဝန်းကျင်နှင့် ညသန်ခေါင်ယံကို ပျံ့လွင့်သွားပါသည်။

“ဟုတ်ကဲ့ဆရာ သမီးတို့က ရောက်လာတာလည်း သိပ်မကြာသေးဘူး၊ သမီးတို့ကို ဒီမှာလာခိုင်းတာပဲသိတာ၊ နောက်ပြီးတော့…” “ ဟို..ဒီဒီ…. ဘာမှ ရှင်းပြမနေနဲ့၊ ရုံးရောက်မှ ရှင်းပေတော၊့ ကဲ ကားပေါ်တက်” ဟု ဆိုပြီး ရဲက စောင်းငန်းငန်းနဲ့အော်ပြီး စကားကို ကောက်ဖြတ်ကာ တည်ခိုခန်းရှိ လိင်ဖျော်ဖြေနေသော မိန်းကလေးများအား ကားပေါ်တက်ခိုင်းပြီး ရဲစခန်းသို့ ခေါ်သွားကြပါသည်။

“သွားပြီရှင့်….စိတ်ညစ်စရာပဲ၊ ဒီ ခွေးသားတိရိစ္ဆာန်ရဲတွေက ဟိုညကတည်းက ငွေလာတောင်းနေတာ၊ ဒီလိုလုပ်မယ် ဆိုတာ မထင်ခဲ့မိပါဘူး၊ အပြောကတော့ ကူညီပါရစေတဲ့ ဟင့်” ဟု မာလာ (အမည်အရင်းမဟုတ်သူ) က စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းများချကာ ဘယ်အချိန်က ချောဆွဲထားမှန်းမသိသော ဟိုင်းလက်ကားပေါ် ပါသွားလေတော့သည်။

လွန်ခဲ့သော ၃ ရက်ကတည်းက မော်လမြိုင်မြို့ မောင်ငံရပ်ရှိ တည်းခိုခန်းတစ်ခုတွင် ရဲစခန်းနှင့် ညှိနှိုင်းမှု မရှိပဲ အလွတ်တန်း လုပ်စားနေကြောင်း သတင်းရရှိထားသည့်အတိုင်း စခန်းအမိန့်အရ စစ်ဆေးမေးမြန်းပြီး ရဲသားမောင်သူရိန် ငွေလာတောင်းခဲ့သေးသည်။ နောက်ဆုံးတောင်းမရ၍ ယခုညတွင် ၎င်းတို့ရဲအဖွဲ့မှ တည်းခိုခန်းကို စီးနင်းဝင်ရောက်ကာ လိင်အပျော်ညအိပ်မိန်းကလေးများကို ဖမ်းသွားကြပါသည်။

ရဲစခန်းတွင် နာရီပေါင်းများစွာ စစ်ဆေးရင်း “မင်းတို့ တစ်ယောက်ကို ဒဏ်ငွေ ၅ဝဝဝ၀ ကျပ် ဆောင်ရမယ်။ မဆောင်နိုင်ရင်တော့ အချုပ်ထဲမှာနေခဲ့ရမှာ၊ ဆောင်နိုင်ရင်တော့ ပြန်လွှတ်ပေးမယ်….ဒါပဲ။ မင်းတို့ကို ထောင်လည်း မချချင်ဘူး၊ ရှုပ်တယ်” ဟု မာဗဲလ်စီးကရက်တိုကို တအားရှိုက်ရင်း ရဲအရာရှိတစ်ဦးက မျက်နှာမာမာနှင့် အော်ပြောလိုက်သည်။

အားကိုးခိုကိုးရာမဲ့ချိန်တွင် အားငယ်စွာဖြင့် ပိုမိုခံစားတတ်သော မိန်းမသား၏ သဘာဝအတိုင်း ယိုစီးလာသော မျက်ရည်စများကို သုတ်ရင်း စခန်း၏အမိုးကို မော့ကြည့်ကာ အဘယ်မှာ ထိုကျပ်ငွေငါးသောင်းကို ချက်ချင်းရနိုင်ပါ့မလဲဟု စိတ်ထဲတွင် တမ်းတရင်း အရသာမဲ့တံတွေးကို မျိုချကာ အားငယ်စွာဖြင့် အမှောင်ညကို ရဲအချုပ်ခန်းမှာ လွန်မြောက်စေခဲ့ရပါသည်။

ဂျူးဂျူး (နာမည်ရင်းမဟုတ်) တစ်ယောက် လိင်ဖျော်ဖြေရေးရုံးတစ်ရုံးမှာ လုပ်ကိုင်သူတစ်ဦး ဖြစ်သည်။ သူ့ဘဝအစမှာတော့ ၁၀ တန်းအောင်ပြီး တက္ကသိုလ်တက်ခွင့် ရခဲ့ပါသည်။ အိမ်က ငွေမတတ်နိုင်သဖြင့် ဘီယာဘားတစ်ခုတွင် ညပိုင်း အလုပ်လုပ်ခဲ့ရပါသည်။ အိပ်ရေးလည်းပျက် အိနြေ္ဒသိက္ခာလည်း တခါတရံ ထိပါးခံခဲ့ရပါသည်။ လစာကလည်း တစ်လရှင်းပြီးရင် ဘာမှလည်းမကျန်၊ နောက်ဆုံး အပြောင်းအလဲတစ်ခုကို သူမ လုပ်ချင်ခဲ့သည့်အတိုင်း အလုပ်လုပ်ခွင့် ရခဲ့ပါသည်။

ပွဲစားတစ်ယောက်အိမ်တွင် စောင့်နေရင်း ဂျူးဂျူးတစ်ယောက် နှလုံးခုန်သံ ပိုပိုမြန်လာသည်။ အကြောင်းမှာ ပွဲစားအန်တီ ပြောစကားအရ ယခုည ၇း၃၀ တွင် သူမနှင့် တွေ့ချင်သူကို ဤနေရာမှာ ချိန်းထားသောကြောင့် ဖြစ်သည်။ ၇း၃၀ ကျော်မှ ကားတစ်စီး ရောက်လာပြီး သူမကို အပြင်သို့ ခေါ်ထုတ်သွားခဲ့ပါသည်။

သိပ်မကြာမီ ဟိုတယ်တစ်ခုရှေ့ကို ရောက်နေကြောင်း သူမသိလိုက်ပါသည်။ ဟိုတယ်ပေါ်တက်ကာ အခန်းတစ်ခန်းသို့ ကားမောင်းသမား လိုက်ပို့ပေးခဲ့ပါသည်။ အခန်းတစ်ခန်းရှေ့ ရောက်ချိန်တွင် တံခါးနှစ်ချက် ခေါက်ရင်း တစ်စုံတစ်ယောက်က တစ်ခါးကို လာဖွင့်ပေးခဲ့ပါသည်။ သူမကို အခန်းထဲသို့ ဝင်လာရန် ရင်းနှီးစွာ ၎င်းက ဖိတ်ခေါ်လိုက်သည်။ ထိုသူသည် “ဝ” သူဌေးတစ်ဦး ဖြစ်ကြောင်း၊ အတွေ့အကြုံမရှိသော သူမကို ဧည့်သည်က မညှာမတာ ဆက်ဆံခဲ့သဖြင့် ဝေဒနာအပြင်းအထန် ခံစားရပြီး ထိုရသောငွေကျပ် ၁၅၀၀၀ ဖြင့် တစ်ပတ်မျှ အလုပ်မလုပ်နိုင်သေးပဲ နားနေခဲ့ရကြောင်း သူမက သူ့ဘဝဖြတ်သန်းခဲ့ရပုံကို ရိုးသားစွာ ဖွင့်ပြောပြသည်။

ယခုလက်ရှိစားသောက်ဆိုင်၊ အနှိပ်ခန်းစသော ဖျော်ဖြေရေးလုပ်ငန်းများတွင် စီးပွားရေး ပျက်ကပ်ကြောင့် ဖောက်သည်များ ပုံမှန်မလာရောက်နိုင်ကြတော့ပဲ ၎င်းဆိုင်အားလုံးနီးပါးတို့တွင် ရှိနေကြသော အမျိုးသမီးငယ်များတို့သည်သည်လည်း ရရာလုပ်ငန်းကို လုပ်ကိုင်ကြရသည့်အခြေအနေသို့ ရောက်ရှိကြရသည်။ ညဥ့်ပိုင်းတွင် အဆင်ပြေသလို နီးကပ်ရာ ဟိုတယ်၊ တည်းခိုခန်းတို့တွင် လိင်ပိုင်းဆိုင်ရာ ဖျော်ဖြေမှုလုပ်ငန်းများကို လုပ်ကိုင်နေကြရကြောင်း မော်လမြိုင်မြို့ မြေနီကုန်းရပ်ကွက်ရှိ တည်းခိုခန်း မန်နေဂျာတစ်ဦးက ပြောသည်။

ထိုမြေနီကုန်း ခရီးသွားအဝေးပြေးကားဝင်းတွင် မထသ၊ စည်ပင်၊ ရဲနှင့် လုံခြုံရေးအတွက် စစ်တပ်များကိုလည်း ထားရှိထားပါသည်။ ထိုကားဝင်းအတွင်းရှိ စားသောက်ဆိုင်များ၊ အခြားမှောင်ခို ယိုးဒယား (ထိုင်း) ပစ္စည်းများ တင်ဆောင်လာသော ကုန်တင်ကားများ၊ ကုန်သည်များနှင့် လိင်ဖော်အမျိုးသမီးများကို ထားရှိသော စားသောက်ဆိုင် တည်းခိုခန်းတို့မှ ရရှိသောအောက်ဆိုဒ်များသည် ရဲများအတွက် ဝန်ထမ်းလစာနှင့်စာလျှင် များစွာ ကွာခြားလှပါသည်။

၎င်းဆိုင်ခန်းတွေ တစ်နှစ်စာ အခွန်အနေဖြင့် အနည်းဆုံး အရောင်းအဝယ်မရှိသော ဆိုင်ဆိုလျှင် တစ်နှစ်စာ နှစ်သောင်းပေးရပြီး ကုန်ပစ္စည်းအစုံတင်ထားလျှင် ခြောက်သောင်းအထက် ပေးရပါသည်။ ထိုငွေကောက်ခံရာတွင် စည်ပင်စသော သက်ဆိုင်ရာ အဖွဲ့အစည်းများမှ လာရောက်ကောက်ခံခြင်း မဟုတ်ဘဲ တစ်ဦးတည်းသာ လာရောက်ကောက်ပါသည်။ သတ်မှတ်ဈေးနှုန်း ရုံစည်းရိုက်ထားခြင်းလည်း မရှိ၊ အပေးအယူ အတင်းလျော့ကို ဆိုင်ရှင်နှင့် ထိုငွေလာရောက်ကောက်ခံသူတို့က ညှိကြရပါသည်။ တိတိကျကျလည်း မရှိပါ၊ ငွေမရှိ၍ “ဆရာတို့ရုံးခန်းကို အမေပြန်ရောက်ရင် သွားပို့ပေးမယ်လေ….” ဟု ဆိုင်ရှင် ကောင်လေးက ပြောတော့ "မရဘူး၊ သွားပေးလို့ ရမလား၊ ငါလာကောက်တာ မင်းငါ့ကိုပဲ ပေးရမှာပေါ့ ဟုတ်ပြီလား သွားမပို့နဲ့ ငါလာယူမယ် ဟုတ်ပြီလား” အလောတကြီးဖြင့် ထိုစည်ပင်ဝန်ထမ်းက ရုံးသို့သွားမပို့ရန် တားမြစ်လိုက်ပါသည်။ ထိုလုပ်ငန်း လိုင်စင်တွင် ရေးထားသည်မှာ ကျပ်နှစ်သောင်း ဖြစ်သော်လည်း အမှန်တကယ် ပေးရသည်မှာ နှစ်သောင်းခွဲ ဖြစ်သည်။ အပိုငါးထောင်က စာရွက်ကြေးဟု ဆိုပါသည်။

ဆိုင်ခန်းတစ်ခန်းကို တစ်လလျှင် တစ်သိန်းမှ တစ်သိန်းခွဲထိ ဈေးကြီးစွာ ငှားရန်းရသည့်အတွက် စားသောက်ဆိုင်ဖွင့်နေသော ဆိုင်တစ်ဆိုင်မှ ဆိုင်ရှင်က “အမျိုးသမီးတွေကို လခတော့ မတတ်နိုင်ဘူး။ ထမင်းပဲ ကျွေးမယ်၊ ကိုယ့်ဘာသာ ကိုယ့်ဖောက်သည်တွေနဲ့ အဆင်ပြေအောင် ရေရှည်အောင့်ပြီးတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆက်သွယ်ကြ” ဟု ဆိုင်ရှင်က ပြောသည်။ ထိုနေရာတစ်ဝိုက်မှာ တည်းခိုခန်းမြောက်မြားစွာ ရှိပြီး ညဥ့်နေစောင်းတွင် ထော့မဲပါ၊ ရာမညစသော တက္ကစီသမားများက heaven တည်းခိုခန်းဆီသို့ အလောတကြီး ဦးတည်ဆိုက်ရောက်လာကြပြီး ဆိုင်ရှင်မှာထားသည့်အတိုင်း မိန်းသမီးများကို တင်ဆောင်ပြီး ကိုယ်စီထွက်သွားကြပါသည်။

ထိုအမျိုးသမီးများ ဝတ်စားဆင်ယင်ထားသည်မှာ ရုတ်တရက် ကြည့်လိုက်ပါက အနောက်တိုင်းသူ တစ်ဦးဟု ထင်မှားမိပါလိမ့်မည်။ လမ်းလျောက်လျှင်လည်း ကိုယ်လုံးကို ဟိုဘက်ရမ်းလိုက် ဒီဘက်ရမ်းလိုက်နှင့် ကြည့်ရသည်မှာ ပတ်ဝန်းကျင်နှင့် လိုက်ဖက်မှု ကင်းနေပါသည်။ ဖောက်သည်များကို ဟိုစောင်း ဒီစောင်းနှင့် ကြည့်ရသည်မှာ သားကောင်များကို အလွတ်မပေးသည့် မုဆိုးအတိုင်းပင် ဖြစ်သည်။

ကာင်တာက ဖုန်းနှင့်အော်ဒါမှာထားသော ဧည့်သည်များ ရောက်မလာသေး၍ “မာလာတို့အဖွဲ့ ခဏစောင့်နှင့်ဦး၊ ခဏနေကြရင် ဧည့်သည်တွေ ရောက်လာလိမ့်မယ်” ဟု တည်းခိုခန်းကောင်တာက ပြောတော့ မာလာက “ရပါတယ် ကျွန်မတို့ ဘယ်အခန်းမှာ စောင့်နေရမှာလဲ” ။ ဆိုင်ရှင်က အခန်းညွန်ပေးပြီး မကြာခင်မှာပဲ Super saloon မီးခိုရောင်ကားလေးတစ်စီး heaven တည်းခိုခန်းဆီသို့ ရောက်လာခဲ့ပါသည်။ ထိုလူသည် တည်းခိုခန်းထဲရှိ ကောင်တာနှင့် စကားပြောပြီး အခန်းထဲကို တန်းဝင်သွားပါသည်။ ဘီယာ၊ အရက်နှင့် စားစရာတွေကို အခန်းထဲရှိဖုန်းဖြင့် operator 0 နှိပ်ပြီး စိတ်ကြိုက်မှာယူနိုင်ပါသည်။

မော်လမြိုင်မြို့ အနှံ့တွင် စားသောက်ဆိုင်၊ အနှိပ်ခန်းနှင့် လိင်ဖျော်ဖြေသည့်ဆိုင် များစွာ ရှိကြပါသည်။ ထိုဆိုင်များမှ အမျိုးသမီးများမှာ လက်ခံရသည့် ဧည့်သည်တစ်ယောက်မှ ရသောငွေ၏ ငါးပုံ နှစ်ပုံကိုသာ ၄င်းတို့ ရရှိကြပြီး ကျန်သည့်သုံးပုံမှာ ဆိုင်ရှင်များက ရကြပါသည်။

ညပိုင်းအိပ်မငိုက်အောင် ခံနိုင်ရည်ရှိအောင် ဆေးခြောက်၊ မြင်းဆေးတွေကိုလည်း ဆိုင်ရှင်များက သုံးခိုင်း၍ ဘုမသိဘမသိနှင့် ၄င်းတို့ သုံးကြရသေးသည်ဟု မာလာက ပြောသည်။

“အိမ်မှာ မာလာတို့ အမေက အသက်ကြီးနေပါပြီ။ အဖေက သမီးတို့ငယ်ငယ်ကတည်းက အရက်တအားသောက်လို့ အောက်ပိုင်းလေဖြတ်နေတယ်။ ဘာမှ လုပ်လို့မရတော့ဘူး အဖေကတော့။ မိသားစုတစ်ခုလုံးတာဝန်ကို အမေက တာဝန်ယူခဲ့ရပါတယ်။ မောင်နှမတွေ ၃ ဦးရှိတော့ မောင်လေးနဲ့ ညီမလေးတွေကျောင်း နေစရိတ်အတွက် သမီးက (၇) တန်းကတည်းက အမေ့ကို ကူညီဖို့ ကျောင်းထွက်ခဲ့ရပါတယ်။ အစက ရန်ကုန်အပ်ချုပ်ရုံ တစ်ခုမှာ အလုပ်လုပ်တယ်၊ ဒါပေမယ့် လစာလည်းနည်းတော့ အလုပ်ရှာရင်း အလုပ်ကောင်းကောင်းနဲ့ လစာကောင်းကောင်းရမယ်ဆိုပြီး ဒီကိုရောက်လာတာ၊ အစပိုင်းက ဒီလိုအလုပ်ကို လုပ်ရမယ်လို့ မစဉ်းစားခဲ့မိပါဘူး။ ဒီဘက်ကို တစ်ခါမှ မရောက်ဖူးတော့ ဘယ်လိုမှ အလုပ်သစ်ကို ရှာလို့မလွယ်ဘူး ဖြစ်နေတာ။ နောက်ပိုင်းတော့လည်း မတတ်နိုင်တော့ ဒီအလုပ်ကို လက်ခံခဲ့ရပါတယ်။ မာလာတို့အမေက သူ့သမီးဘဝ ဒီလိုဖြစ်နေတာကိုသိရင် သူရင်ကျိုးလိမ့်မယ်၊ ဘယ်လိုမှ သူယုံနိုင်မှာ မဟုတ်ဘူး” ဟု မိသားစုဝန်တစ်ခုလုံးကို ရင်နာသော ညပုံရိပ်လေးနှင့် မာလာ ရေးဆွဲခဲ့ရပါပြီ။

မာလာကဲ့သို့သော မိန်းကလေးများခမျာ ကျန်းမာရေးဗဟုသုတလည်း မရှိ။ သူတို့မှာ HIV ရောဂါပိုးများကို လက်ခံသူနှင့် ပွားများအောင် ဖြန့်ဝေပေးနေသူကဲ့သို့ ဖြစ်နေပါသည်။ သူတို့ဘဝအတွက် ငွေလုံးများသာ အဓိကဖြစ်ပြီး နောက်ပိုင်းဖြစ်ပေါ်လာမည့် ဆိုးကျိုးကို မရှိ မသိဟု ခံယူထားသည့် ရှေ့တန်းစစ်မျက်နှာက ရဲဘော်များကဲ့သို့ တွေဝေခြင်းမရှိ၊ ရင်ဆိုင်တိုက်ခိုက်ရန် အသင့်။ လူပေါင်းစုံနှင့် ဘဝရဲ့အဓိပ္ပါယ်ကို ပုံဖေါ်ခဲ့ကြပါပြီ။ တစ်ခါတစ်လေလည်း ရဲများက လူကြီးလာတယ်ဆိုပြီး အလကား သွားပြုစုပေးရတဲ့ အချိန်တွေမှာဆိုရင် မာလာလို မိန်းကလေးများအတွက် အဆိုးဆုံးဖြစ်တဲ့ ညတစ်ညပါပဲ။ ။

0 comments:

Post a Comment