Thursday, March 11, 2010

တောင်သူလယ်သမားများနေ့နဲ့ တောင်သူလယ်သမားအခွင့်အရေး

Tue 02 Mar 2010, ကွန်းချမ်း
လူ့အခွင့်အရေးကို တန်ဖိုးထားလာတဲ့ ယခုခေတ်ကာလမှာ အတိတ်က ကိုယ်ပိုင်အခွင့်အရေးဆုံးရှုံးပြီး အထွေထွေနစ်နာမှုတွေကြောင့် တောင်သူလယ်သမားများ ဦးဆောင်လှုပ်ရှားမှု ဖြစ်ပေါ်လာရာက တောင်သူလယ်သမားနေ့ ဖြစ်ပေါ်လာပုံကို ယခုခေတ် တောင်သူလယ်သမားတော်တော်များများ လျစ်လျူရှုထားသလိုမျိုးတောင် ဖြစ်နေပါတယ်။

အကြောင်းက လက်ရှိ နိုင်ငံတော်အစိုးရတွေတော့ အကြောင်းတရားတခုခုကြောင့် ပြည်သူများမှ လူထုလှုပ်ရှားမှုတွေ ဖြစ်ပေါ်စေနိုင်တဲ့ အတိတ်က သမိုင်းကြောင်းအားလုံးကို အတတ်နိုင်ဆုံး မေ့ပစ်စေချင်ကြလို့ဖြစ်ပါတယ်။ ဒါကြောင့်လည်း လူတန်းစားအလွှာပေါင်းစုံပါဝင်ခဲ့တဲ့ အရေးအခင်းတွေ၊ ကျောင်းသားလှုပ်ရှားမှုတွေ၊ တောင်သူလယ်သမားများနှင့် သက်ဆိုင်တဲ့ တောင်သူလယ်သမားနေ့၊ အလုပ်သမားများနဲ့ သက်ဆိုင်တဲ့ အလုပ်သမားနေ့တွေ စတဲ့ လူထုလှုပ်ရှားမှုများမှ ဖြစ်ပေါ်လာစေတဲ့ နေ့ထူးတွေကို အစိုးရမှ မေ့ပစ်စေချင်ကြပြီး တခါတလေ မလွဲသာလို့ ရှားရှားပါးပါး ကျင်းပခွင့်ပြုခဲ့တာ သဝဏ်လွှာလေးပို့တာမျိုးလောက်ပဲ ရှိပါတယ်။

ရှေးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက စိုက်ပျိုးရေးကို အခြေခံခဲ့တဲ့ မြန်မာနိုင်ငံဟာ လူဦးရေအားလုံးရဲ့ ၇၀ % ကျော်က တောင်သူလယ်သမားများ ဖြစ်နေကြပါတယ်။ ဒါကြောင့်မို့ နိုင်ငံရဲ့ ထူထောင်ရေးအပါအဝင် တော်လှန်ရေး၊ စည်းရုံးရေးတွေမှာလည်း တောင်သူလယ်သမားများဟာ အလွန်အရေးပါတဲ့ အခန်းကဏ္ဍများစွာမှာ ပါဝင်ရလေ့ရှိပါတယ်။ ၁၉၃၀ ခုနှစ်လောက်မှာ တောင်သူလယ်သမားများအနေနဲ့ လယ်ယာလုပ်ငန်းနဲ့ လုပ်ပိုင်ခွင့် မကျွမ်းကျင်မှုကြောင့် အထွက်နှုန်းနည်းခြင်း၊ ချေးငွေရဲ့ အတိုးနှုန်း မြင့်မာခြင်းတို့ကြောင့် လယ်ယာမြေ ဆုံးရှုံးလာရတဲ့ အခက်အခဲပေါင်းစုံ အပါအဝင် ရသင့်ရထိုက်တဲ့ ကိုယ်ပိုင်အခွင့်အရေး ဆုံးရှုံးလာခဲ့ရပါတယ်။

လယ်ယာမြေဆုံးရှုံးလာရမှုကြောင့် သည်းမခံလာနိုင်တဲ့နောက်ပိုင်း ဆရာစံခေါင်းဆောင်တဲ့ တောင်သူလယ်သမားလှုပ်ရှားမှု ဖြစ်ပေါ်လာခဲ့ပါတယ်။ ဒီလို တောင်သူလယ်သမားအရေးတော်ပုံကို အုပ်ချုပ်သူအင်္ဂလိပ်နယ်ချဲ့အာဏာပိုင်ဘက်မှ သုံးနှစ်ကြာ အချိန်ယူပြီး ပြင်းပြင်းထန်ထန် နှိမ်နှင်းခဲ့ရပါတယ်။ ဆရာစံနဲ့ အပေါင်းအပါများကို ဖမ်းဆီးကွပ်မျက်လိုက်ပြီးနောက် တောင်သူလယ်သမားအရေးတော်ပုံ အရေးနိမ့်ခဲ့ပေမယ့် အလွန်အရေးပါတဲ့ လှုပ်ရှားမှုကြီးအဖြစ် မြန်မာ့သမိုင်းမှာ ထင်ရှားစေခဲ့ပါတယ်။

၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့မှာ တော်လှန်ရေးကောင်စီမှ နိုင်ငံတော်အာဏာကို ရယူခဲ့ပြီး တောင်သူလယ်သမားနေ့နဲ့ တောင်သူလယ်သမားနှီးနှောဖလှယ်ပွဲတွေကိုလည်း ၁၉၆၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ စတင်ကျင်းပခဲ့ပါတယ်။ သို့သော်လည်း တောင်သူလယ်သမားများနေ့ကို ၁၉၆၅ ခုနှစ်မှစပြီး တောင်သူလယ်သမားများ ကောက်ရိတ်သိမ်းချိန်နဲ့ တိုက်ဆိုင်နေသည့် ဇန်နဝါရီလ ၁ ရက်နေ့အစား တော်လှန်ရေးကောင်စီ အာဏာယူနိုင်ခဲ့တဲ့ မတ်လ ၂ ရက်နေ့မှာ စတင်ကျင်းပပြုလုပ်ခဲ့ပါတယ်။

နှစ်ပေါင်းများစွာ ကျင်းပလာခဲ့တဲ့ တောင်သူလယ်သမားနှီးနှောဖလှယ်ပွဲနဲ့ တောင်သူလယ်သမားများနေ့ အမှတ်တရတွေကို ယခုနောက်ပိုင်းမှာ ထူးထူးခြားခြားကျင်းပတာ မတွေ့ရတော့ဘဲ သာမန်ရုံးပိတ်ရက် အဆင့်လောက်သာ ကျန်ရစ်နေပါတော့တယ်။ တောင်သူအများစုပင် တောင်သူလယ်သမားနေ့မှန်း မသိလာတော့တဲ့အထိ ဖြစ်လာပါတယ်။ အရင်တုန်းကလို တောင်သူလယ်သမားနှီးနှောဖလှယ်ပွဲတွေ၊ တောင်သူလယ်သမားနေ့ အခမ်းအနားတွေ မရှိတော့တဲ့အတွက် တောင်သူလယ်သမားတွေဟာ ကိုယ့်ရဲ့ ကိုယ်ပိုင်အခွင့်အရေးကိုတောင် အဆုံးရှုံးခံနေရပါတယ်။

တောင်သူလယ်သမားအရေးတော်ပုံ ပေါ်ပေါက်လာတာ နှစ်ပေါင်းရှစ်ဆယ်ပင် ရှိနေပေမယ့် တောင်သူလယ်သမားများအတွက် သိသာတဲ့ တိုးတက်ပြောင်းလဲမှုတွေ မတွေ့ရသေးပါဘူး။ လက်မှုလယ်ယာစနစ်ကနေ စက်မှုလယ်ယာစနစ်ကို ပြောင်းလဲပေးနေတဲ့ လက်ရှိနိုင်ငံတော်အစိုးရ အစီအစဉ်သည်လည်း မပြောပလောက်တဲ့ အတိုင်းအတာပဲ ရှိနေပါသေးတယ်။ လယ်ယာလုပ်ငန်းခွင်အတွက် လိုအပ်တဲ့နည်းပညာ ပံ့ပိုးမှုသည်လည်း ဖြစ်သင့်သည်ထက်ကို အလွန်နည်းပါးနေသေးတာ တွေ့ရပြီး မလိုလားအပ်တဲ့ အထွက်နှုန်းလျော့ကျမှုနဲ့ အကျိုးအမြတ်နည်းပါမှုတွေ ရှိလာနေပါတယ်။

ပြီးခဲ့တဲ့ စစ်အစိုးရအဆက်ဆက်ကတည်းက ပံ့ပိုးမှုတွေ မရရှိခဲ့တဲ့ တောင်သူလယ်သမားတွေဟာ တာဝန်ကျေစပါးများကိုလည်း တစ်ဧက ၁၀ တင်းမှ ၁၂ တင်းအထိ သွင်းကြရပြီး မသွင်းနိုင်တဲ့ တချို့တောင်သူတွေကြတော့ အစိုးရချုပ်နှောင်တဲ့ အချုပ်ခန်းထဲမှာ လအတန်ကြာ နေခဲ့ရတဲ့ သမိုင်းကြောင်းတွေလည်း ထပ်နေခဲ့ပါတယ်။

၂၀၀၄ ခုနှစ် နောက်ပိုင်း တာဝန်ကျေစပါးများ သွင်းစရာမလိုတော့ပေမယ့် ထိုးကျလာတဲ့ စပါးဈေးနဲ့ ကြီးမားတဲ့ အရင်းအနှီးတွေကြောင့် တောင်သူလယ်သမားများအနေနဲ့ သက်သာရာ မရခဲ့ပါ။ မပြောပလောက်တဲ့ပမာဏနဲ့ ပေးနေတဲ့ အမတော်ကြေးသည်လည်း ပြင်ပအတိုးနှုန်းနဲ့ သိပ်မကွာလှဘဲ အစိုးရလိုအပ်တဲ့အခါမှာ အချိန်မရွေး ပြန်သွင်းရတာကြောင့် တောင်သူလယ်သမားများအတွက် အခက်အခဲတွေ အတန်တန် ဖြစ်စေခဲ့ပါတယ်။ ပိုမိုဆိုးဝါးတာက ဓာတ်ငွေ့ပိုက်လိုင်းဖောက်တဲ့အခါ လမ်းဖောက်တဲ့အခါ သိမ်းယူလိုက်တဲ့ လယ်ယာတွေအတွက် ထိုက်တန်တဲ့ အခကြေးငွေ မပေးတဲ့အပြင် တိုင်တန်တဲ့တောင်သူလယ်သမားတွေကိုလည်း ဖမ်းဆီးအရေးယူလာတဲ့အထိ ပိုဆိုးလာနေပါတယ်။

ဈေးကွက်စီးပွားရေးကို ဖော်ဆောင်နေရာမှာလည်း တရားဝင်အသင်းအဖွဲ့များရဲ့ ကိုယ်ကျိုးရှာ အရင်းရှင်တွေရဲ့ ဆောင်ရွက်မှုတွေကြောင့် နေရာတော်တော်များများမှ တောင်သူလယ်သမားများ ရသင့်တဲ့ အကျိုးအမြတ်မရရှိဘဲ ပင်ပင်ပန်းပန်းနဲ့ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။ ငွေပိုင်ရှင်တွေအနေနဲ့ ဆန်စပါးပေါ်ချိန်မှာ ဈေးနှုန်းချိုချိုနဲ့ ရတဲ့စပါးတွေကို တောင်သူလယ်သမားများထံမှ ဈေးနှိမ်ဝယ်ယူလေ့ရှိပြီး တဖက်နိုင်ငံများသို့ ဈေးကောင်းကောင်းနဲ့ ရောင်းနေကြပါတယ်။

ယခုနှစ်ထဲမှာပင် နိုင်ငံတ်ာရဲ့ ခွင့်ပြုချက်ဖြင့် ဆန်လုပ်ငန်းရှင်များအသင်းကို နယ်၊ မြို့နယ်အဆင့်အထိ ဖွဲ့စည်းလာတာ တွေ့ရပါတယ်။ လက်ရှိအစိုးရအနေနဲ့ ပြည်ပနိုင်ငံသို့ ဆန်စပါးတင်ပို့နိုင်ခွင့်ဟာ လုပ်ငန်းရှင်တွေရဲ့ တောင်သူလယ်သမားအပေါ် အကျိုးအမြတ်ရှိစေနိုင်မှုအပေါ် မူတည်နေပါတယ်လို့ ပြောနေပေမယ့် ခွင့်ပြုပေးလျက်ရှိတဲ့ ပို့ကုန်သွင်းကုန်လွတ်လပ်ခွင့်တွေဟာ သာမန်ပြည်သူ တောင်သူလယ်သမားများအစား ကုန်သည်များအတွက်ပဲ ဖြစ်နေမလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတော့တယ်။

0 comments:

Post a Comment