Thursday, March 18, 2010

အသစ်ဖွဲ့စည်းထားသည့် ကော်မတီမှ နိုင်ငံရေးပါတီထောင်ရန်ရှိ

Thu 18 Mar 2010, နိုင်မာန်
မွန်ခေါင်းဆောင်တချို့တို့မှ ဖွဲ့စည်းထားသည့် စည်းရုံးရေးကော်မတီအသစ်တို့က မြန်မာစစ်အစိုးရမှ ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်နိုင်ရန်အတွက် နိုင်ငံရေးပါတီ ဖွဲ့စည်းတော့မည်ဖြစ်သည်။

မြန်မာစစ်အစိုးရမှ ရွေးကောက်ပွဲဆိုင်ရာဥပဒေပြဌာန်ချက်များကိုထုတ်ပြန်ကြေငြာလိုက်ပြီးနောက် စည်းရုံးရေးကော်မတီသစ်မှ အဖွဲ့ဝင် ၁၅ ဦးတို့က ထိုဥပဒေထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး အစည်းအဝေးလုပ်ခဲ့သည်။

ထိုအစည်းအဝေးမှာ ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ရလဒ်တစုံတရာ မထွက်ရှိခဲ့ခြင်းကြောင်း လာမည့် ယခုလနောက်ဆုံးအပတ်မှာ နာယကအဖွဲ့ဝင်သုံးဦးတို့နှင့်အတူ နောက်ထပ် အစည်းအဝေးတစ်ရပ်ပြုလုပ်ရန်ရှိပြီး၊ နိုင်ငံရေးပါတီဖွဲ့စည်းရန်အတွက် ဆုံးဖြတ်ချက်ချမည်ဖြစ်သည်။

“အစည်းအဝေးကို ဘာဖြစ်လို့ ဒီလ ၃၁ ရက်နေ့မှာရွေ့လိုက်ရတာလဲဆိုတော့ ကျနော်တို့က အန်အယ်လ်ဒီအဖွဲ့၊ တိုင်းရင်းသား အပစ်ခတ်ရပ်စဲရေးအဖွဲ့တွေကို စောင့်ကြည့်ရအုံးမယ် ပြီးတော့မှ ဆုံးဖြတ်ချက် ပြတ်ပြတ်သားသားချလို့ရမှာ” ဟု စည်းရုံးရေးကော်မတီသစ်မှ ပါတီဝင်တစ်ဦးက ပြောသည်။

ကော်မတီအဖွဲ့ဝင် ၁၅ ဦးတို့သည်လည်း ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး အမြင်နှစ်မျိုးထွက်ပေါ်နေသည်။ တချို့က ၂၀၀၈ ဖွဲ့စည်းပုံကို ဆန့်ကျင်ကြောင်းနှင့် တချို့က လာမည့် ၂၀၁၀ ရွေးကောက်ပွဲမှာ မွန်အမျိုးသားတို့အနေနှင့် ပါဝင်သင့်သည်ဆိုပြီး ရွေးကောက်ပွဲဝင်ရန်လိုအပ်ကြောင်း အမြင်နှစ်ခုထွက်ပေါ်နေသည်။

“နိုင်ငံရေးလှုပ်ရှားမှုမှာ အမြင်မတူကြတာတွေတော့ဖြစ်တက်ပါတယ်၊ ဒါပေမယ့် လူမျိုးအရေးနဲ့ပတ်သက်ပြီးတော့ အမြင်တမျိုးပဲ ဖြစ်စေချင်တယ်” ဟု တခြားပါတီဝင်တစ်ဦးက ပြောသည်။

“ဥပဒေကော်မရှင်ကိုပဲကြည့်ကြည့် နိုင်ငံရေးပါတီဘက်ကိုပဲကြည့်ကြည့် ကျနော်တို့အတွက်တော့ ကျဉ်းကြပ်တဲ့အနေအထားမှာပါ၊ ပါတီထောင်တဲ့လူတွေက ပါတီထောင်၊ ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံတဲ့လူတွေ ရွေးကောက်ပွဲကို လက်မခံတဲ့လူတွေကျတော့ ကျနော်တို့ရဲ့ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့တို့နဲ့ ပူးပေါင်းပြီးတော့ ဆက်ပြီး ဆန့်ကျင်သွားမယ်” ဟု မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ အထွေထွေအတွင်းရေးမှူး ဒေါက်တာမင်းစိုးလင်းက ပြောသည်။

စည်းရုံးရေးကော်မတီကို ဇွန်လ ၂၉ ရက်နေ့တွင် ကျရောက်သည့် မွန်ပြည်သစ်ပါတီနှင့် မြန်မာစစ်အစိုးရတို့ အပစ်အခတ်ရပ်စဲထားသည့် ၁၄ နှစ်ပြည့်နေ့တွင် ကော်မတီဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။

0 comments:

Post a Comment