Monday, May 24, 2010

ခြံထွက်သစ်သီး အထွက်နှုန်း လျော့နည်း

မင်းဇနူ၊ မိယဉ်မွန်

မွန်ပြည်နယ်အတွင်း သစ်သီးစိုက်ပျိုးရာ မုဒုံမြို့နယ်နှင့် ရေးမြို့နယ်ဘက်မှာ ယခုနှစ် ရာသီဥတုပူပြင်းမှုကြောင့် သစ်သီးပင် သေဆုံးမှုရှိကာ သစ်သီးအထွက်နှုန်း လျော့နည်းသည်ဟု ဒေသခံတို့က ပြောသည်။

ရေးချောင်းဖျားဒေသဘက်တွင် ဒူးရင်းသီး၊ မင်းဂွတ်သီး၊ နာနတ်သီး အစရှိသည့် သစ်သီးဝလံများ အများဆုံးထွက်ရှိရာ အရပ်ဒေသဖြစ်သည့်အတွက် ယခုနှစ် ရာသီဥတုပူပြင်းခြင်း၊ ရေရရှိမှုနည်းခြင်းကြောင့် အပင်သေဆုံးမှုရှိကာ သစ်သီးအထွက်နှုန်းလည်း သုံးပုံတစ်ပုံခန့် လျော့သွားပြီး သစ်သီးဈေးနှုန်းလည်း တက်နေကြောင်း ရေးမြို့မှ သစ်သီးခြံပိုင်ရှင်တစ်ဦးက ပြောသည်။

“ဒီနှစ်မှာ နွေရှည်လို့ အပင်တွေ သေတာ၊ သစ်သီးအထွက်လည်း လျော့တယ်၊ အရင်နှစ်တွေဆို သစ်သီးတွေ အများကြီးရောင်းရတယ်၊ ဒီနှစ်တော့ ရောင်းဖို့မပြောနဲ့ အိမ်မှာစားဖို့တောင် မရှိဘူး၊ ဝယ်စားဖို့ကလည်း သစ်သီးတွေကဈေးကြီးလာတယ်၊ မနှစ်က ဒူးရင်းသီး သုံးလုံးဆို (၁၀၀၀)၊ ဒီနှစ်တော့ တစ်လုံး (၁၀၀၀) တောင် ဖြစ်လာတယ်” ဟု ၄င်းခြံရှင်က ပြောသည်။

သစ်သီးဖူးပွင့်ချိန်၊ အသီးကင်းစချိန်တွင် ရာသီဥတုပူပြင်းမှုကြောင့် ရေရရှိမှုနည်းခြင်း၊ အကင်းကင်းချိန်တွင် နှင်းမိုးထိသဖြင့် အကင်းများကြွေကျခြင်း၊ အပင်သေဆုံးမှုရှိခြင်းတို့ကြောင့် သစ်သီးများယခင်ကထက် အလုံးသေးခြင်း၊ သစ်သီးထွက်ရှိမှုနည်းပါးခြင်းကြောင့် သစ်သီးခြံပိုင်ရှင်များအတွက် စီးပွားရေး ဆုံးရူံးမှုနှင့် ရင်ဆိုင်နေရကြောင်း ကျောင်းရွာကျေးရွာမှ ခြံရှင်တစ်ဦးက ပြောသည်။

“အရင်နှစ်တုန်းက သင်္ကြန်လွန်ပြီး တစ်ရက်၊ နှစ်ရက်ဆိုရင် မိုးရွာနေပြီး၊ ဒီနှစ်ကတော့ ဝါထပ်ထားလို့ မိုးရွာတာနောက်ကျတာလည်းဖြစ်နိုင်တယ်၊ ရာသီဥတုကလည်း ပူပြင်းတယ်၊ မိုးမရွာဘဲနဲ့ မိုးအုတ်နေတာကများတော့ သစ်သီးအကင်းတွေ နှင်းမိုးထိသွားပြန်ဆိုတော့ သစ်သီးတွေ ယခင်နှစ်ကထက် အလုံးသေးသွားတယ်”ဟု ၄င်းက ပြောသည်။

မုဒုံမြို့နယ်ဘက်တွင်လည်း သစ်သီးထွက်ချိန်တွင် နှင်းမိုးထိခြင်း၊ နေပူပြင်း၍ ရေရရှိမှုနည်းခြင်းကြောင့် အပင်သေဆုံးခြင်း၊ သစ်သီးပျက်စီးဆုံးရူံးမှုများသည်။ ယခုနှစ်သည် ခါတိုင်းနှစ်တွေထက် သစ်သီးအလုံး (၁၀၀) လျှင် အလုံး (၃၅) လောက် ပျက်စီးမှုရှိကြောင်း ကွမ်တာကျေးရွာမှ သစ်သီးခြံရှင်တစ်ဦးက ပြောသည်။

“ရေတွေခန်းခြောက်သွားလို့ ဆည်မြောင်းကရေကိုလည်း ခဏဖြတ်ထားတယ်၊ အကင်းထွက်တဲ့အချိန်မှာလည်း နှင်းမိုးထိသွားတယ်၊ ရာသီဥတုကလည်းပူ ရေကလည်းမရတော့ သစ်သီးပျက်စီးတာများတယ်၊ အဲဒါကြောင့် ဒီနှစ်သစ်သီးအထွက်နည်းတယ်”ဟု ၄င်းသစ်သီးခြံပိုင်ရှင်က ပြောသည်။

0 comments:

Post a Comment