Tuesday, June 1, 2010

နယ်စပ်ဘက် ကြက်သွန်ဖြူဈေးနှုန်း အဆမတန်မြင့်တက်နေ

မင်းအာသံ
ဂျောန် ၁၊ ၂၀၁၀

ထိုင်း-မြန်မာနယ်စပ်ဒေသဘက်မှာ ကြက်သွန်ဖြူဈေးနှုန်း အဆမတန် သိသာစွာ မြင့်တက်နေ ကြောင်း ကုန်သည်တို့က ပြောသည်။

မြဝတီနှင့် ဘုရားသုံးဆူနယ်စပ်ဘက်ခြမ်းမှ ကားဖြင့် တင်ပို့မှုလမ်းကြောင်းကို ဒေသခံ အာဏာပိုင်တို့က ပိတ်ပင်ထားသဖြင့် ယခုကဲ့သို့ ကြက်သွန်ဈေးနှုန်း မြင့်တက်လာသည့်အပြင် ကုန်သည်များလည်း အခက်နှင့် ရင်ဆိုင်နေရဆဲပင် ဖြစ်သည်ဟု မြဝတီမှ ကုန်သည်တစ်ဦးက ပြောသည်။

“ဒီနှစ် တော်တော် ပိတ်ပင်ထားတယ်၊ မနှစ်က လွယ်လွယ်ကူကူနှင့် သယ်ယူကုန် သွယ်ခွင့်ရှိသလို အမြတ်လည်း ရာခိုင်းနှုန်းအလိုက် မြတ်တယ်၊ မနှစ်က တပိဿာကို ၅၀၀ နဲ့ပဲ ဝယ်ယူရတယ်၊ ဒီနှစ်က တပိဿာ ၃၅၀၀-၄၀၀၀ လောက် တက်သွားတယ်၊ ကျနော်တို့တော့ မလုပ်ရဲဘူး၊ ဘာဖြစ်လို့လဲဆိုတော့ တင်ပို့လို့မှ မရတာ” ဟု မြဝတီမှ ကုန်သည်တစ်ဦးက ပြောသည်။

ဧပြီလမှစပြီး ကြက်သွန်ဖြူဈေးနှုန်းသိသာစွာ မြင့်တက်နေသဖြင့် ဈေးဝယ်သူများအတွက် စိတ်ဒုက္ခရောက်ရာကျသလို ဈေးသည်များအတွက်လည်း ပစ္စည်းရောင်းရနှုန်း နှောင့်နှေး စေသည်ဟု ထိုင်း-မြန်မာနယ်စပ်၊ ဘုရားသုံးဆူမြို့ခံ ဈေးသည်တစ်ဦးက ပြောသည်။

“ဟုတ်တယ်၊ ဒီနှစ် ကြက်သွန်ဖြူ ဈေးတော်တော် တက်တယ်၊ ဘာကြောင့် တက်သလဲတော့ ကျမတို့ မသိဘူး၊ ကျမတို့ ဈေးများများနဲ့ ဝယ်ထားတော့ ဈေးများများနဲ့ ပြန်ရောင်းရမှာပဲ၊ ဧပြီမတိုင်ခင်ကဆို တစ်ကီလိုကို ဘတ် ၄၀ လောက်ပဲရှိတယ်၊ အခုဆို တစ်ကီလိုကို ဘတ် ၇၀ လောက်နဲ့ ရောင်းနေရတယ်၊ နည်းနည်းနဲ့ စတက်နေတာ အမြင့်ဆုံးဈေးဖြစ်သွားတာက ဒီလထဲမှာပေါ့” ဟု ၄င်းက ပြောသည်။

ယခုလို ကြက်သွန်ဖြူဈေးနှုန်း အဆမတန်တက်နေခြင်းနှင့် တင်ပို့ခွင့် ပိတ်ပင်ခံထားရခြင်း ကြောင့် ကုန်သည်အများစုက ကုန်သွယ်သယ်ယူပို့ဆောင်ရန် ခတ္တခဏရပ်ဆိုင်းထားကြသည်။

“ကျမတို့ ကြားတာက ကော့သောင်းဘက်ခြမ်းမှာ လှေနဲ့ တင်ပို့လို့ရတတ်၊ ဒါပေမယ့် မထူးပါဘူး၊ အားလုံးက ဈေးတက်နေတာပဲ၊ မရင်းချင်တော့ဘူး၊ တကယ်လို့ ရင်းထားပြီး ချက်ချင်း ဈေးကျသွားရင် ကျမတို့ပဲ ရှုံးမယ်”ဟု ၄င်းက ပြောသည်။

ယခုလို မိုးရာသီဝင်လာသည့်ကာလမှာ နယ်စပ်ဒေသ ကုန်သွယ်ရန် ကားလမ်း အခက်အခဲရှိနေခြင်းကြောင့် မြန်မာပြည်တွင်းမှ တင်ပို့နေကြ ကြက်သွန်ဖြူအပါအဝင် ပုတ်သိုးလွယ်သည့်ကုန်ပစ္စည်းများ ဈေးနှုန်းသိသာစွာ မြင့်တက်နေ ကြောင်း နယ်စပ်ရှိ ကုန်သည်အသိုင်းအဝိုင်းတို့၏ ပြောချက်အရ သိရသည်။

0 comments:

Post a Comment