Thursday, March 11, 2010

စီဒီအမ်အေ (450 MHZ) ဖုန်းများ တနိုင်ငံလုံး ချပေးတော့မည်

Wed 03 Mar 2010, လွတ်လပ်သောမွန်သတင်းအေဂျင်စီ
ကျပ်ငါးသိန်းတန် စီဒီအမ်အေဖုန်းများကို ပြည်သူတို့လိုလာချက်အရ ရန်ကုန်မြို့၊ မန္တလေးမြို့နဲ့ နေပြည်တော်တွင်မကဘဲ တနိုင်ငံလုံးသို့ ဖြန့်ချိသုံးစွဲခွင့် ပေးတော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

စီဒီအမ်အေဖုန်းကို အချိန်အကန့်အသတ်မရှိ ချပေးမှာဖြစ်ပြီး၊ ပြည်နယ်နှင့် တိုင်းအသီးသီးတွေမှာလည်း ယခုလအတွင်းချပေးမည်ဖြစ်ကြောင်း ထိုဌာနမှ သိရသည်။ သတ်မှတ်ထားသည့်နေရာ တော်တော်များများတွင် ဆက်သွယ်နိုင်ရန် တာဝါတိုင် ၆၀၀ ကျော်ကိုလည်း တည်ဆောက်ပြီးစီးခဲ့ပြီးဖြစ်သည်။

ခေါ်ဆိုခနှုန်း တစ်မိနစ် ၅၀ ကျပ်ကျော်ကျသင့်သည့် ငါးသိန်းတန်ဖုန်းကို ငွေကြိုတင်ပေးချေရသည့် ကတ်ဖုန်းစနစ်ဖြစ်ပြီး၊ ကတ်နံပါတ်အသေရခြင်း၊ ဟန်းဆက်နှင့်တွဲသုံးရခြင်းတို့ကြောင့် လူငယ်၊ လူလတ်ပိုင်းအပါအဝင် လုပ်ငန်းရှင်များ အထူးစိတ်ဝင်စားလျှောက်ထားနေကြကြောင်း သိရသည်။ သာမန်ရန်ကုန်မြို့တွင်းဖုန်းမှာ ကုတ်နံပါတ်အပါအဝင် နံပါတ် ၈ လုံးပါရှိပြီး၊ စီဒီအမ်အေအတွက် ကုတ်နံပါတ်အပါအဝင် နံပါတ်မှာ ၁၀ လုံးရှိသည်။

“အစပိုင်းမှာ သတ်မှတ်မြို့နယ်အတွင်းမှာသာ ခေါ်ဆိုနိုင်မယ်လို့ ဆိုထားပေးမယ့် နောက်ပိုင်းမှာတော့ မြို့နယ် ၃/၄ မြို့နယ်အထိ ခေါ်ဆိုနိုင်တဲ့အတွက် ဖုန်းရလာတဲ့သူတွေ တော်တော်ကို ကျေနပ်နေကြတယ်၊ ပြီးတော့ မြန်မာ့ဆက်သွယ်ရေး (JU IBCS) ရဲ့ တရားဝင်သတင်းထုတ်ပြန်ချက်အရ လာမယ့်နှစ်မှာ စီဒီအမ်အေဖုန်းကို သက်ဆိုင်ရာပြည်နယ်နဲ့တိုင်းတွေရဲ့ မြို့နယ်အသီးသီးတွေမှာ ဒေသမရွေး အသုံးပြုလာနိုင်မှာဖြစ်ပြီး ပြည်နယ်ကျော်၊ တိုင်းတွေကျော်ပြီး အသုံးပြုလိုတော့ရမှာမဟုတ်” ဟု တယ်လီဖုန်းအရောင်ဆိုင်တခုမှ ဝန်ထမ်းတစ်ဦးက ပြောသည်။

ယခုလိုဆက်သွယ်ရေးကိရိယာများကို ဈေးနှုန်းသက်သက်သာသာနှင့် ပြည်သူများသုံးစွဲခွင့်ရစေခြင်း ပြောင်းလဲတိုးတက်လာမှုနှင့် နိုင်ငံ့အကျိုးခံစားခွင့်ကိုနိုင်ငံတော်က ခွင့်ပြုလာသည့်သဘောပင်ဖြစ်သည်။ သို့သော် ယခုဈေးနှုန်းဟာ နိုင်ငံတကာနဲ့ယှဉ်လိုက်လျှင် များနေသေးသည်။ ငါးသိန်းတန်တယ်လီဖုန်းကို နေ့စားလုပ်သားများ မသုံးနိုင်သေးကြောင်း၊ နေ့စဉ်လုံလုံလောက်လောက်စားသောက်ရဖို့တောင် နေနေသာသာ၊ လစာတသိန်းဝန်းကျင်အောက်ရရှိသည့် ဝန်ထမ်းတွေလည်း သုံးစွဲနိုင်တဲ့အနေအထားမှာ မတွေ့ရသေးကြောင်း အချို့ဝန်ထမ်းများမှာ လျှောက်ထားသည့်ဖုန်းကျလာပါက နီးစပ်ရာအသိမိတ်ဆွေအကူအညီယူပြီး သွားရောက်ထုတ်ယူကြရသည်။ ယခုဖုန်းဈေးနှုန်း နည်းရန်လည်း မဖြစ်နိုင်သေး ဟု ယာဉ်ထိန်းသိမ်းရေးအမှုထမ်းတစ်ဦးက ပြောသွားပါသည်။

“ကိုယ်တိုင်လက်ကိုင်ဖုန်းတလုံးစီ ကိုင်နိုင်တဲ့နိုင်ငံတွေမှာ အဆင်ပြေနေကြတယ် တဦးနဲ့တဦးချိန်းထားတာလဲ လွဲဖို့မရှိဘူး၊ ပြီးတော့ အလုပ်လျှောက်တဲ့အခါမှာလည်း အင်တာဗျူးကိုဖုန်းနဲ့တောင် ခေါ်တာရှိသေးတယ်။ ဒီမှာက တယောက်နဲ့တယောက်ချိန်းတွေ့ဖို့တောင် အဲလိုအဟန့်အတားတွေကြောင့် အဆင်မပြေတာတွေရှိတယ်။ ဘယ်မှာလဲ ဘယ်အချိန်ရောက်မလဲ စသည်ဖြင့်လှမ်းမေးလို့ရတယ်၊ စိတ်မပျက်ရဘူးပေါ့၊ ဒီလိုမျိုး စီဒီအမ်အေဖုန်းတွေ နေရာအလိုက်ချပေးသင့်နေတာကြာပါပြီး၊ ကျနော်လည်းလျှောက်ထားတယ်၊ ၁ လလောက်ရှိနေပြီး ဘယ်တော့ကျမလဲတော့ မပြောတတ်ဘူး” ဟု စင်ကာင်္ပူနိုင်ငံသို့ အလည်သွားခဲ့သူတစ်ဦးက ပြောသည်။

ငါးသိန်းတန်ဖုန်းကြောင့် အစပိုင်းတွင် စီဒီအမ်အေဖုန်းဟန်းဆက်များ ရောင်းအားကောင်းခဲ့သော်လည်း ယခု နောက်ပိုင်း ဟန်းဆက်အရောင်းဆိုင်တွေများလာသည့်အတွက် သူ့ထက်ငါ ပိုမိုရောင်းနိုင်ရန် အပိုဝန်ဆောင်မှုများ ပေးနေရကြောင်း၊ တဆက်တည်းမှာပင် ယခုကဲ့သို့ ငါးသိန်းတန်ဖုန်းများ ချပေးနေသည့်အတွက် ဖုန်းအရောင်းဌာနများလည်း သိသိသာသာလျော့ကျလာပြီး၊ အငှားအဝယ် လက်အေးလျှက်ရှိကြောင်း အထက်ပါ ဆိုင်ရှင်မှ သိရသည်။

သို့ပေမယ့် ဖုန်းခေါ်ဆိုခ တစ်မိနစ် ၁၅ ကျပ်သာရှိပြီး၊ အင်တာနက်တွဲသုံးရမည့်ဖုန်းလိုင်းများလည်း ဈေးနှုန်းသိသိသာသာပြောင်းလဲမှုမရှိကြောင်း သိရသည်။ ယခုကျယ်ကျယ်ပြန့်ပြန့် ချပေးမည့် ငါးသိန်းတန်ဖုန်းသည် အင်တာနက်တွဲသုံးရမှာမဟုတ်ကြောင်းလည်း သိရသည်။ လူလတ်တန်းစားပြည်သူအများစုမှာ ယခုလို စီဒီအမ်အေဖုန်းချပေးခြင်းဖြင့် အစောပိုင်းကလို အက်ဖ်အီးစီ ၁၀၊ ၂၀ နှင့် ၅၀ တန် ကတ်များကဲ့သို့ နံပါတ်များ ၂ ပတ်၊ ၁ လ ၊ ၃ လတခါ နံပါတ်ဟောင်းနှင့် ပြောင်းနေမည့်အစား နံပါတ်အသေရွေးပြီး လုပ်ငန်းများပိုမိုလည်ပတ်နိုင်ရန် ပိုမိုသုံးစွဲချင်ကြကြောင်း စုံစမ်းသိရှိရသည်။

0 comments:

Post a Comment