Thursday, March 11, 2010

နိုင်ငံရေးနှင့် ပတ်သက်သည့်အကြောင်း ဒေသခံများ မပြောဝံ့

Wed 03 Mar 2010, မိကျလွန်းထော၊ မိယဉ်မွန်
ကျေးရွာအတွင်းနေထိုင်နေကြသည့် ရွာသားများ တစ်ဦးနှင့်တစ်ဦး နိုင်ငံရေးနှင့် ပတ်သက်သည့်အကြောင်းများ ပြောဆိုခြင်းများရှိပါက ရယကမှ လာရောက်မေးမြန်းခြင်းရှိနေသောကြောင့် သတင်းထူးများကိုပင် မပြောဆိုရဲကြကြောင်း သိရသည်။

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ ကျေးရွာတချို့တွေမှာ ရွာသားများ စုဝေးခြင်း၊ မွန်ဝတ်စုံအပြည့်ဖြင့် အုပ်စုအလိုက် သွားလာခြင်းတို့ကို ရယကမှ လာရောက်မေးမြန်းနေသည်ဟု ချောင်းဆုံမြို့နယ်မှ ရွာသားတစ်ဦးက ဆိုသည်။

“အခုချိန်မှာ စုစုဝေးဝေးလုပ်လို့မရဘူး၊ စကားလည်း အရမ်းပြောလို့ရတာမဟုတ်ဘူး၊ ခဏနေ လာဖမ်းသွားမှာ၊ ပြီးခဲ့တဲ့ လွတ်လပ်ရေးနေ့ကလည်း ကျတော်တို့ရွာမှာ အားကစားလုပ်လို့ မြို့နယ်မှူးက ဦးဆောင်လုပ်တဲ့သူကို လာဖမ်းသွားတယ်၊ မနေ့က တောင်သူလယ်သမားနေ့မှာလည်း တိတ်တိတ်ဆိတ်ဆိတ်ပဲ၊ ဘယ်သူမှ ဘာမှမလှုပ်ရဲကြဘူး” ဟု ၄င်းရွာသားက ဆိုသည်။

အချို့သော မွန်ပြည်သစ်ပါတီလက်အောက်ရှိ ကျေးရွာများမှာ မြို့နယ်ရုံးများရှိနေသည့်အတွက် အစိုးရ၏ ထိန်ချူပ်မှုများမှ အနည်းငယ် ကင်းလွတ်နေသည်ဟု မုဒုံမြို့နယ်မှ ရွာသားတစ်ဦးက ဆိုသည်။

“ကျတော်တို့ရွာမှာ အတင်းအကျပ် ပိတ်ပင်တာတို့တော့ မရှိပါဘူး၊ ရွာမှာက မွန်မြို့နယ်ရုံး (မွန်ပြည်သစ်ပါတီ-မြို့နယ်ရုံး) လည်းရှိတယ်၊ မွန်စစ်သားတွေလည်း ရွာမှာအသွားအလာရှိနေတော့ သူတို့ သိပ်ပြီးတင်းတင်းကြပ်ကြပ်မလုပ်ရဲဘူးလို့ ထင်တာပဲ” ဟု ၄င်းက ဆိုသည်။

မြန်မာစစ်အစိုးရအဖွဲ့အစည်းများဖြစ်ကြသည့် ကျေးရွာအတွင်းရှိ ရယကအဖွဲ့ဝင်များ၊ ကြံ့ဖွတ်အဖွဲ့များအား မိမိတို့ကျေးရွာအတွင်းရှိ လှုပ်ရှားမှုဆိုင်ရာများကို စောင့်ကြည့်နေရန် စေလွှတ်ထားသည့်အတွက် နိုင်ငံရေး စိတ်ဝင်စားသူများက အနည်းငယ် ထိတ်လန့်မှု့ရှိနေသည်ဟု မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့မှ အတွင်းရေးမှူး ဒေါက်တာ မင်းစိုးလင်းက ပြောသည်။

လွန်ခဲ့သော ၂၀၀၉ ခုနှစ် ဇွန်လတွင်လည်း မုဒုံမြို့နယ်၌ နိုင်ငံရေးအကြောင်း ပြောသူများ တွေ့ရှိပါက တိုင်းကြားပေးရန် မြန်မာအာဏာပိုင်တို့က လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များကို အစည်းအဝေးခေါ်ယူပြီး မှာကြားခဲ့သည်။

၎င်းအစည်းအဝေးပွဲတွင် မိမိတို့ဆိုင်အတွင်း နိုင်ငံရေးအကြောင်း ပြောသူများကို တွေ့ရှိပါက သက်ဆိုင်ရာဆီသို့ တိုင်ကြားရန်နှင့် အကယ်၍ တိုင်ကြားရန်ပျက်ကွက်ပါက ဆိုင်ရှင်များအား အရေးယူမည်ဟု အစည်းအဝေးပွဲတွင် ဒေသခံရဲအရာရှိများက ပြောကြားခဲ့သည်။

0 comments:

Post a Comment