Thursday, March 11, 2010

တရားမဝင် ရွေ့ပြောင်းအလုပ်သမား ၁၂၅ ဦး ပြည်တော်ပြန်ပို့ခံရ

Tue 02 Mar 2010, ရာမည
မြန်မာနိုင်ငံမှ မလေးရှားနိုင်ငံရောက် တရားမဝင် ရွေ့ပြောင်းအလုပ်သမားများ မလေးရှားအစိုးရ၏ ဖမ်းဆီးထောင်ချခြင်းခံရပြီး MAI လေယာဉ်အမှတ်-8M ဖြင့် မြန်မာနိုင်ငံသား ၁၂၅ ဦး ပြည်တော်ပြန်ပို့ခံခဲ့ရပြီး ရန်ကုန်မြို့လေဆိပ်၌ ဝန်ကြီးဌာနများမှ သက်ဆိုင်ရာများ ဖေဖော်ဝါရီလ ၂၅ ရက် ကြာသပတေနေ့ ည ၈ နာရီအချိန်ခန့်တွင် လာရောက်ကြိုဆိုခဲ့ကြသည်ဟု လေဆိပ်သို့ သွားကြိုခဲ့သူတစ်ဦးက ပြောသည်။

ဖမ်းဆီးခံထားရသော တရားမဝင် ရွေ့ပြောင်းအလုပ်သမားများကို မလေးရှားအစိုးရက အစောပိုင်းတွင် မလေးရှား-ထိုင်းနယ်စပ် [ Golok (ကလုပ်)] တွင်သာ ပို့ဆောင်ခဲ့ကြသည်။

ဖမ်းဆီးခံထားရသော မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် Golok (ကလုပ်) တွင် မလေးရှားရဲမှတဆင့် လူကုန်ကူးကြသူများလက်ထဲသို့ အပ်နှံလိုက်ပြီး၊ ကိုယ့်ကိုယ်ကို ငွေကြေးဖြင့် ပြန်လည်ရွေးထုတ်ကြရသည်။ ယင်းကဲ့သို့မရွေးထုတ်နိုင်သူများကို လူကုန်ကူးသမားများက အင်းဒိုနီးရှား၊ ထိုင်း၊ ငါးဖမ်းလှေသမားများလက်ထဲသို့ ရောင်းချ၍ Golok (ကလုပ်) နယ်မြေတွင် ကြီးဆိုးနေခဲ့ကြသည်မှာ ကြာခဲ့ပြီးဖြစ်သည်။

မလေးရှားအစိုးရနှင့် မြန်မာအစိုးရတို့သည် နှစ်ဦးနှစ်ဖက်ညှိနှိုင်း၍ ဖမ်းဆီးခံရသော မြန်မာရွှေ့ပြောင်းအလုပ်သမားများကို လူကုန်ကူတို့၏ သွေးစုပ်ချယ်လှယ်ခြင်းအပေါ် ကာကွယ်ရန် ဖမ်းဆီးခံထားရသူများကို လေယာဉ်ဖြင့် မလေးရှားမှရန်ကုန်သို့ ပို့ဆောင်ပေးရန် သဘောတူညီမှု ရယူခဲ့ကြသည်။

လူကုန်ကူး ကိစ္စရပ်များကို ထိထိရောက်ရောက်အရေးယူနေသည့် မြန်မာအစိုးရ၏ အပြုသဘောဆောင်သည့် လုပ်ဆောင်ချက်များကိုလည်း မှန်ကန်သည့် လုပ်ရပ်များဟု ဆိုရပေမည်။ “ဖမ်းဆီးခံထားရသော မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ယင်းကဲ့သို့ပို့ဆောင်ပေးခဲ့သည်မှာ ၂၀၀၉ ကုန်ပိုင်းမှစ၍ ယခုအချိန်ထိဆိုလျှင် ၄ လခန့် ကြာမြင့်ပြီးဖြစ်တယ်။ တစ်လကို ၄ ကြိမ်ခန့် Air-Bagan ဖြင့်၎င်း၊ MAI လေယာဉ်ဖြင့်၎င်း အထူးလေယာဉ်အဖြစ် ပြေးဆွဲပို့ဆောင်ပေးတယ်” ဟု ပွဲစားတစ်ဦးက ပြောသည်။

ပြန်လည်ပို့ဆောင်ပေးခဲ့ရသည့် မြန်မာအလုပ်သမားများသည် လေယာဉ်ခအဖြစ် Ringgit-1200 ပေးဆောင်ရပြီး မှတ်ပုံတင်မိတ္တူနှင့် သန်းခေါင်စာရင်းမိတ္တူကို မလေးရှားရှိ မြန်မာနိုင်ငံသံရုံးတွင် ကာယကံရှင်များ၏အသိမိတ်ဆွေသည်လည်းကောင်း၊ ဆွေမျိုးသည်လည်းကောင်း လာရောက်ပေးဆောင်မှသာ ပြည်တော်ပြန်မည့်သူများတွင် စာရင်းပါဝင်မှ ပို့ဆောင်ပေးသည်။ မှတ်ပုံတင်နှင့် သန်ခေါင်းစာရင်းမိတ္တူ မပေးနိုင်သူများသည် နိုင်ငံမရှိသူအဖြစ်သတ်မှတ်၍ မြန်မာသံရုံးမှ အရေးတယူ လုပ်ဆောင်ပေးမည်မဟုတ်ပေ။

ပြည်ပြန်ပို့ခံရသည့် ရွေ့ပြောင်းအလုပ်သမားတစ်ဦး၏ ပြောပြချက်အရ “ဖမ်းဆီးခံထားရတဲ့ အလုပ်သမားတွေကို မလေးရှားမှာ ဖမ်းဆီးခံရစဉ် တစ်လအတွင်း ရုံးတင်စစ်ဆေးခံရပြီးတော့ ပြစ်ဒဏ်အဖြစ် ၂ လ သတ်မှတ်တယ်၊ စုစုပေါင်း ၃လ ကြာတယ်၊ ၃လ အတွင်း တစ်လလျှင်ကြိမ်ဒဏ် တစ်ချက်စီရိုက်တယ်၊ ၃ လဆိုတော့ ၃ ချက်ခံရတာပေါ့။ အဖမ်းခံရတဲ့အထဲမှာ ငွေကြေးတတ်နိုင်သူတွေကို ပွဲစားမှတဆင့် Ringgit-4000 နီးပါး အကုန်ကျခံပြီး၊ အချုပ်မှာတလသာကြာပြီးတော့ စောစော ပြန်ပို့ဆောင်ခံရတယ်။ လေယာဉ်ခသာ ပေးဆောင်သူတွေအနေနဲ့ ၃လ ကြာပြီးမှသာ မြန်မာနိုင်ငံသို့ ပို့ဆောင်ခံရတယ်၊ ပွဲစားမှတဆင့် Ringgit-4500 ပေးသူများ ကြိမ်ဒဏ်တစ်ချက်မျှ အရိုက်မခံရပါဘူး” ဟု ၄င်းက ပြောသည်။

မလေးရှားနိုင်ငံတွင် တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ကျယ်ပြန့်စွာ လုပ်ကိုင်နေကြပြီး၊ ယခုကဲ့သို့ အရေးတယူ ဖမ်းဆီးပို့ဆောင်မှုများကြောင့် အနေအထိုင်နှင့် အလုပ်လုပ်ကိုင်မှု ကြပ်သည်းစွာရှိနေကြသည်။ များသောအားဖြင့် ထိုင်းနိုင်ငံမှရွှေ့ပြောင်း၍ မလေးရှားတွင် အလုပ်အကိုင် ရှာဖွေကြသူများ ဖြစ်ကြသည်။

ရန်ကုန်လေဆိပ်တွင် အစိုးရမှ သက်ဆိုင်ရာအရာရှိများက ဓါတ်ပုံနှင့်တကွ၊ လက်ဗွေရာများ၊ လက်မှတ်များရယူ၍ အမည်၊ နေရပ်၊ မိဘဆွေမျိုးသားချင်း အစရှိသည်တို့ကို ဖော်ပြပေးရပြီး၊ လေဆိပ်မှာ (၁) နာရီကြာ စစ်ဆေးခံခဲ့ရပြီး၊ အေးအေးဆေးဆေးဖြင့် ပြန်လည်စေလွှတ်ခဲ့သည်။

0 comments:

Post a Comment