Wednesday, March 10, 2010

ဘုရားပွဲမှ တင်သွင်းသည့်ဂီတ အမြတ်ကြီးစွာရရှိကြ

Tue 02 Mar 2010, သုခ၊ လရီထော်
ယခုနှစ်အတွင်း ကျင်းပသည့် ရေးမြို့နယ်၊ လမိုင်မြို့နယ်ခွဲရှိ ကျိုက်ကေလာသဘုရားပွဲတော်ရန်ပုံငွေအတွက် တင်သွင်းသည့် စင်တင်တေးဂီတမှ အမြတ်ငွေ သိန်းချီရရှိကြောင်းသိရသည်။

“ခါတိုင်းနှစ်တွေမှာတော့ ဗမာအဆိုတော်နဲ့ မွန်အဆိုတော်ပေါင်းပြီးတော့ ဂီတသွင်းတာ၊ သိပ်တော့လူမများဘူး၊ အမြတ်ဆို ၇/၈ သိန်းလောက်ပဲရတယ်၊ နှစ်ည ဆက်တိုက်ဖြစ်သွားလို့ထင်တယ်၊ အဲဒါကြောင့်မို့ ဒီနှစ်မှာ တစ်ညကို တစ်ဖွဲ့စီငှားတယ်၊ ကြည့်တဲ့လူတွေလည်း တော်တော်များတယ်၊ အမြတ်လည်း သိန်း ၃၀ ကျော်ကျော်ရတယ်” ဟု ဂီတတင်သွင်းသူများအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

နာမည်ကျော် ဗမာအဆိုတော်များဖြစ်ကြသည့် စိုင်းစိုင်းခမ်းလှိုင်နှင့် နန္ဒာမိုင်တို့အဖွဲ့နှင့် ဒီဖြိုး၊ ဟန်ထွန်း၊ ချစ်သုဝေ၊ ဂျင်နီအဖွဲ့ဆိုပြီး၊ တပေါင်းလပြည့်ညဖြစ်သည့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ညနှင့် ၂၇ ရက်နေ့ညမှာ ဖြစ်ပွားခဲ့သည်။

လမိုင်ဘုရားလမ်းတစ်လျှောက်အတွက် ကတ္တရာလမ်းခင်းနိုင်ရန် လိုအပ်သည့်ရန်ပုံငွေများရရှိနိုင်ရန် မြို့ခံများစုပေါင်းပြီး ယခုလိုမျိုး စင်တင်တေးဂီတ တင်သွင်းရခြင်းဖြစ်သည်ဟု ၄င်းက ပြောသည်။

ပထမညအဖြစ် စိုင်းစိုင်းတို့အဖွဲ့မှ စီစဉ်တင်ဆက်ပြီး၊ ဒုတိယမှာ ဒီဖြိုးနှင့်အဖွဲ့တို့က တင်ဆက်သွားကြောင်း ထိုအဖွဲ့နှစ်ဖွဲ့အတွက် ငှားခကို တစ်ဖွဲ့လျှင် ၉၅ သိန်းစီဖြင့် ငှားခဲ့ရသည်။

ယခုလိုမျိုး မွန်ပြည်နယ်အတွင်းရှိ မွန်ကျေးရွာအများစုတို့မှ ကျင်းပသည့်ဘုရားပွဲများ၊ ဘုန်းကြီးပျံပွဲများမှာ ငွေကြေးသိန်းပေါင်းများစွာအကုန်ကျခံပြီး၊ ရန်ကုန်မှ နာမည်ကြီးဗမာအဆိုတော်များငှားခြင်းဖြင့်ခေတ်စားလာနေသည်။

“ရုံးဝင်ခကတော့ ပထမညမှာ သုံးထောင်နဲ့ လေးထောင်၊ ဒုတိယညတော့ ငါးထောင်နဲ့ ရှစ်ထောင်ပေးရတယ်၊ ဒီနှစ်မှာ လူများလို့ ဆိုင်ကယ်ထားဖို့တောင် နေရာမရှိဘူး” ဟု ဘုရားပွဲသွားခဲ့သူတစ်ဦးက ပြောသည်။

လမိုင်ဘုရားပွဲကို တပေါင်းလပြည့်နေ့မှာ ကျင်းပကြပြီး၊ ထိုဘုရားပွဲအတွက် စင်တင်တေးဂီတအပြင် မွန်ဇာတ်ပွဲ၊ ဗမာဇာတ်ပွဲများဖြင့် တင်ဆက် ကပြခဲ့ကြသည်။

0 comments:

Post a Comment