Wednesday, March 10, 2010

တက္ကသိုလ်ဝင်တန်းဖြေဆိုကြမည့် ကျောင်းသားများနှင့် ဖြေရှင်းပေးရမည့်ပြဿနာများ

Tue 02 Mar 2010, ကွန်းချမ်း
တက္ကသိုလ်ဝင်တန်းဖြေဆိုကြမည့်ကျောင်းသားတွေကို အနှောင့်အယှက်ပြုသည့် အခြေအနေဖြစ်ရပ်တွေကိုကြည့်လျှင် ရပ်ကွက်ကျေးရွာတွေမှအစ မြို့နယ်မြို့ကြီးတွေမှာပါ အမျိုးမျိုးတွေ့နိုင်ပါသည်။

အားလပ်ချိန်နွေဦးရာသီကာလတွင် ကျေးရွာအဆင့်အနေဖြင့် အလှူပွဲများ ထိမ်းမြားမင်္ဂလာပွဲများ ပရိတ်ပွဲများကို နေရာတော်တော်များ၌ ကျင်းပပြုလုပ်ပြီး အစဉ်အလာအရ ကျင်းပပြုလုပ်သော ရိုးရာပွဲတော်မဟုတ်သည့် မွေးနေ့ပွဲများ ရေစက်ချပွဲများကို အကြောင်းပြုပြီး ကာလအတန်ကြာလောင်းကစားဝိုင်းတွေအပါအဝင် ဇာတ်သဘင်ပွဲများ ဆက်တိုက် ကျင်းပနေသည်များကိုလည်း တွေ့ရပါသည်။

“မြို့ပေါ်နေကျောင်းသားတွေရဲ့ အဓိကပြဿနာတွေကတော့ လမ်းဆုံလမ်းခွတွေမှာ လက်ဖက်ရည်ဆိုင်ကနေ ထွက်ပေါ်လာလေ့ရှိတဲ့ ခေတ်ပေါ်တေးသီချင်း ဆူညံသံတွေ မီးပျက်တဲ့အချိန်တွေမှာ မီးစက်တွေမောင်းပြီး လုပ်ငန်းလည်ပတ်နေရတဲ့ ဆူညံသံတွေဟာ မြို့က တက္ကသိုလ်ဝင်တန်းဖြေဆိုမယ့်ကျောင်းသားတွေကို အဓိက အနှောင့်အယှက်ပေးနေတာပါပဲ” ဟု ပညာရေးတက္ကသိုလ်မှ ကျောင်းသားမိဘတစ်ဦးက ပြောသည်။ ၄င်းအတွက်ကြောင့် စာမေးပွဲဝင်ဖြေမည့်သူတွေ စိတ်အနှောင့်အယှက်ဖြစ်ကြရသည်။

တချို့နယ်တွင် ပွင့်လင်းရာသီ စတင်နေချိန်မှ ရပ်ကွက်အလိုက် ပွဲတော်များ ဇာတ်ပွဲများကို အလှည့်ကျ ကျင်းပနေကြသည်။ လူပျိုအပျိုအရွယ်ရောက်လာသည့် တက္ကသိုလ်ဝင်တန်း ကျောင်းသားကျောင်းသူသဘာဝ မိတ်ဆွေသူငယ်ချင်းတွေကို ခုံမင်လာသည့်အတွက် အပေါင်းအသင်းဖွဲ့ပြီး သူ့ဆီကိုယ့်ဆီ ယခုလိုပွဲတော်များတွင် လိုက်လံလည်ပတ်ကြသည့်အတွက် စာမေးပွဲတွင် ထိခိုက်နိုင်သည်။ ထို့ကြောင့် ယခုကဲ့သို့သော ပွဲတော်များ ဆက်တိုက်ရှိနေခြင်းက ကျောင်းသားလူငယ်များ၏ သင်ခန်းစာအပေါ်ထားရှိတဲ့ အာရုံများကို လျော့ပါးသွားစေပါသည်။

“ရန်ကုန်က ကျောင်းသားတွေဟာ နယ်ကမြို့နယ်တွေလောက် ပွဲတော်တွေ ဆက်တိုက်မရှိပေမယ့် အဲဒီလိုဆူညံသံတွေဟာ စာမေးပွဲဖြေဆိုကြရမယ့် တက္ကသိုလ်ဝန်တန်းတွေအတွက် နေ့စဉ်ပြဿနာတွေ ဖြစ်နေပါတယ်၊ ပြီးတော့ ငွေကြေးတက်နိုင်တဲ့သူတွေအတွက် အပန်းဖြေနိုင်ဖို့ ရုံးပိတ်ရက် စနေ၊ တနင်္ဂနွေနေ့တွေမှာ ကျင်းပမြဲဖြစ်တဲ့ live show ပွဲတွေကလည်း မြို့ပေါ်နေ တက္ကသိုလ်ဝင်တန်း ကျောင်းသားတွေကို ထိန်းမနိုင်သိမ်းမရဖြစ်စေပါတယ်” ဟု ၄င်းကျောင်းသားမိဘက ပြောသည်။

“ရပ်ကွက်ကျေးရွာ တချို့တွေမှာ ယခုလိုစာမေးပွဲနီးလာချိန်မှာ ဆူဆူညံညံမပြုကြဖို့ တိုက်တွန်းထားတာရှိပါတယ်၊ နယ်က တချို့ရွာမှာဆိုရင် ဖျော်ဖြေရေးပွဲတော်တွေကို ခေတ္တရွှေ့ဆိုင်းထားစေခဲ့တာတွေလည်းရှိတယ်လို့ကြားရပါတယ်၊ ရန်ကုန်မြို့ပေါ် တချို့ရပ်ကွက်တွေမှာတော့ စာမေးပွဲရာသီဖြစ်လို့ ရပ်ကွက်နေပြည်သူတွေ စည်းကမ်းမဲ့ ဆူညံခြင်းမပြုကြဖို့ တိုက်တွန်းရေးသားထားတာတွေ့ရပါတယ်” မော်လမြိုင်မှ ရန်ကုန်သို့ ပြန်လာခဲ့သူ အမျိုးသားတစ်ဦးက ပြောပါသည်။

သို့သော်လည်း ဒီလိုတိုက်တွန်းချက်တွေ ပိတ်ပင်တားမြစ်မှုများသည် အတိုင်းအတာအားဖြင့် နည်းပါးနေသည်ကို တွေ့ရပါသည်ဟု မော်လမြိုင်မှ ပြန်လာခဲ့သူ ထိုအမျိုးသားက ပြောပါသည်။ တချို့ပွဲတော်များအတွက် ကပြမည့်ဇာတ်ပွဲ များကို ရက်ရွှေ့ကျင်းပဖို့ တားမြစ်မိန့်ထုတ်ပြန်ထားတာ ရှိကြောင်း သိရသည်။

အနာဂတ်လူငယ်များ၏ ဘဝအဆုံးအဖြတ်ကိုပေးသော လာမည့် မတ်လ ၁၀ ရက်တွင် စတင်ကျင်းပတော့မည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် ကိုယ်ပိုင်အသိတရားသုံးပြီး ကျောင်းသားများ အနှောင့်အယှကမဖြစ်ရလေအောင် ရပ်ကွက်နေပြည်သူတွေအနေနှင့် မိမိကြောင့်ဖြစ်ပေါ်လာနိုင်သော ဖျော်ဖြေရေးဆူညံသံများကို အသိတရားရှိရှိ ရှောင်ပေးနိုင်ပါသည်။ အစဉ်အလာမဟုတ်သော ပွဲလမ်းသဘင်များကို ရက်ရွှေ့ကျင်းပနိုင်ကြပါသည်။ သို့သော် လျှပ်စစ်မီးပြတ်လပ်ပြီ လုပ်ငန်းလည်ပတ်ရာမှ ထွက်ပေါ်လာတဲ့ဆူညံသံများအတွက် အာဏာပိုင်ကတဆင့် ဖြေရှင်းပေးရမည့်ပြဿနာဖြစ်သည်။

“သူတို့အသက်အရွယ်ပိုင်းအရ ကိုယ်ကြိုက်တဲ့အဆိုတော်တွေ ဖျော်ဖြေတဲ့ဂီတပွဲဆိုရင် သူငယ်ချင်းတွေ အုပ်စုဖွဲ့ပြီးသွားကြည့်တက်ကြတာ ခဏခဏတွေ့ရတယ်၊ ဒီလိုပြဿနာတွေ ဖျော်ဖြေရေးအစီအစဉ်တွေကြတော့ အာဏာပိုင်တွေက ဖြေရှင်းပေးရမယ့်ပြဿနာတွေလည်းဖြစ်တယ်” ဟု အထက်ပါ ပညာရေးတက္ကသိုလ်မှ ကျောင်းသားမိဘက ပြောသည်။

လူအများစု အသက်မွေးဝမ်းကြောင်းပြုကြသည့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းမှ အားလပ်ရက်တွေဖြစ်သည့် ယခုလိုနွေဦးရာသီမှာ ရာသီပွဲတွေ အစဉ်အလာအရာ ကျင်းပလာခဲ့သည့် ပွဲတော်တွေကိုနေရာဒေသအနှံမှာ ပိုမိုစည်ကားစွာ ကျင်းပလေ့ရှိကြသည်။

ယခုချိန်တွင် တက္ကသိုလ်ဝင်တန်းကျောင်းသားများအနေနှင့် တဘဝစာ အဆုံးအဖြတ်ပေးမည့် စာမေးပွဲကို ဖြေဆိုဖို့သူသူငါငါ ကြိုးစားနေကြသည့် အချိန်လည်းဖြစ်သည်။

မြန်မာနိုင်ငံ၏ ပညာရေးစနစ်အရ ဘဝအဆုံးအဖြတ်ကို ဒီတစ်ခုတည်းသော တက္ကသိုလ်ဝင်စာမေးပွဲက အဆုံးအဖြတ်ပေးမှာဖြစ်လို့ ဒီလိုစာမေးပွဲနီးလာချိန်မှာ မိဘ၊ ဆရာသမားများမက ပတ်ဝန်းကျင် အသိုင်းအဝိုင်းတွေကပါ စာမေးပွဲဖြေဆိုကြမည့် ကျောင်းသားတွေကို ဂရုတစိုက်အလေးထားပေးသင့်သည့် အချိန်အခါလည်းဖြစ်သည်။

0 comments:

Post a Comment