Wednesday, March 10, 2010

တောင်သူလယ်သမားအခက်အခဲနှင့် တောင်သူလယ်သမားနေ့

Tue 02 Mar 2010, လွတ်လပ်သောမွန်သတင်းအေဂျင်စီ
နှစ်စဉ် မတ်လ ၂ ရက်နေ့ကို တောင်သူလယ်သမားများနေ့အဖြစ် သတ်မှတ်ထားကြသော်လည်း အစိုးရရုံးပိတ်ရက်အဖြစ်သာ ပြည်သူအများသိရှိကြပြီး လက်ရှိ လယ်သမားများ ရင်ဆိုင်ကြုံတွေ့နေကြရသည့် စားဝတ်နေရေးအခတ်အခဲပြဿနာများနှင့်အတူ အခွင့်အရေးဆုံးရှုံးမှုတွေကြောင့် ထိုနေ့ကိုပင် အသိအမှတ်မပြုနိုင်ကြတော့ပေ။

ယနေ့ထုတ် စစ်အစိုးရသတင်းစာမှာ နိုင်ငံတော်၏လယ်ယာစိုက်ပျိုးရေးကဏ္ဍကို အရှိန်အဟုန်ဖြင့် တိုးတက်အောင်မြင်စေရေးအတွက် စိုက်ပျိုးမြေဧကများ ရှာဖွေတိုးချဲ့ခြင်း၊ သီးနှံအထွက်နှုန်း တိုးတက်စေရေးအတွက် စိုက်ပျိုးရေးနည်းပညာ၊ မျိုးကောင်း မျိုးသန့်နှင့် ဓာတ်မြေသြဇာရရှိရေး၊ ဆောင်ရွက်ပေးခြင်း၊ စိုက်ပျိုးရေးရရှိစေရန် ဆောင်ရွက်ပေးပြီး သီးထပ်သီးညှပ်စိုက်ပျိုးနိုင်ရန် စီမံပေးခြင်း အဓိကသီးနှံ (၁၀) မျိုး သတ်မှတ်ကာ အဘက်ဘက်က အားပေးကူညီခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

သို့သော်လည်း မုဒုံမြို့မှ လယ်သမားတစ်ဦးက “ကျမတို့တောင်သူလယ်သမားတွေဟာ စစ်အစိုးရဆီက ချေးငွေရရှိဖို့၊ ဈေးနှုန်းချိုသာတဲ့ ဓာတ်မြေသြဇာတွေရရှိဖို့ နှစ်စဉ်နှစ်တိုင်းပဲ မျှော်လင့်နေကြတယ်။ ဒါပေမယ့် တခါမှတော့မရဘူး မရတဲ့အပြင် နွေစပါးအတွက်ဆိုပြီး ငွေကြေးတောင်းခံတာမျိုး၊ စပါးရိတ်သိမ်းပြီးလို့ နေကြာစေ့၊ ပိုးသတ်ဆေး၊ နှမ်းတွေကိုပါ ဝယ်နေရသေးတယ်” ဟု ပြောသည်။

မုဒုံမယကဥက္ကဌမှ နေကြာစေ့၊ နှမ်းစေ့နှင့် ပိုးသတ်ဆေးအတွက် လယ်သမားတိုင်းမယူမနေရစနစ်ဖြင့် တစ်အိမ်ကို ကျပ်သုံးထောင်ဖြင့် ပေးဝယ်ကြရသည်။ ထိုသို့မှ ရရှိသည့်မျိုးစေ့များကို တောင်သူလယ်သမားတို့က စိုက်ပျိုးခြင်းမရှိဘဲ အပိုသက်သက်ဝယ်ယူရခြင်းဖြစ်ကြောင်း ၄င်းက ဆက်ရှင်းပြသည်။

“ကျောင်းတွေပိတ်တယ်၊ ရုံးတွေပိတ်တယ် အဲလောက်ပဲ သိတာ ဘာအတွက်ပိတ်တာလဲဆိုတာ။ တချို့ဆို ကလေးတွေကို မေးကြည့်မှ တောင်သူလယ်သမားနေ့ဆိုတာကို သိရတယ်၊ လယ်သမားတွေက ဝမ်းစာအတွက်ရုန်းကန်နေကြရတာ လက်ရှိရင်ဆိုင်နေရတဲ့အခက်အခဲကိုပဲ အာရုံစိုက်နိုင်တယ်၊ ကလေးတွေသာ ကျောင်းမပိတ်လို့ရှိရင် သိတောင်မသိဘူး” ဟု ချောင်းဆုံမြို့နယ်မှ လယ်သမားတစ်ဦးက ပြောပါသည်။

တောင်သူလယ်သမားများ၏ စားဝတ်နေရေး အခက်အခဲရင်ဆိုင်ကြုံတွေ့နေရမှုအပေါ် နိုင်ငံတော်မှ ဖြည့်ဆည်းပေးခြင်းမရှိသည့်အပြင် တောင်သူလယ်သမားတို့၏ အခွင့်အရေးဆုံးရှုံးမှုများအပေါ် လိုက်လျောပေးခြင်းမရှိသောကြောင့် တောင်သူလယ်သမားများအတွက် သတ်မှတ်ထားသည့် တောင်သူလယ်သမားများနေ့ကိုပင် လယ်သမားများ အလေးထား အသိအမှတ်ပြုမှု တဖြည်းဖြည်းလျော့နည်းလာပြီး၊ မေ့လျော့သွားသည်အထိပင်ဖြစ်ကြသည်။

“ဒီနှစ်မှာ ရေကြီးလို့ ဆည်ကရေတွေလျှံကျလာလို့ လယ်တွေအကုန်လုံးနီးပါး မြုပ်ကြတယ် စပါးတွေလည်း သေကြတယ်၊ လယ်သမားအများစုက အခက်အခဲဖြစ်ကြတယ်၊ ဒါကို ဆည်မြောင်းဌာနက ဘာမှမလုပ်ပေးဘူး၊ အဲဒါတွေကြောင့် ဒီနှစ်စပါးအတွက်ဟာ ထက်ဝက်နီးပါးကို လျော့ကြတယ်” ဟု အထက်ပါ လယ်သမားက ပြောသည်။

လယ်ယာစိုက်ပျိုးရေး ဆည်မြောင်းဦးစီးဌာနမှ တောင်သူလယ်သမားများအတွက် နွေးစပါးစိုက်ပျိုးရာတွင် လိုအပ်သည့် ရေပေးဝေနိုင်ရန် ဆည်းမြောင်းတာတမံများ တည်ဆောက်ပေးနေသော်လည်း လယ်သမားများအတွက် အကျိုးဖြစ်ထွန်းမှုမရှိသည့်အပြင် ဆည်မြောင်းအနီးနားတဝိုက်ရှိ လယ်ယာမြေဧက ရာနှင့်ချီပြီး ရေလွှမ်းမိုးမှုဒဏ်ကြောင့် ပျက်စီးရှုံးဆုံးမှုများရှိနေသည်။

စိုက်ပျိုးရေးမန်နေဂျာဟောင်းတစ်ဦးကလည်း “၁၉၆၂ ခုနှစ် ဦးနေဝင်းအာဏာသိမ်းပြီး မဆလခေတ်မှာဆိုရင် တောင်သူလယ်သမားများနေ့ဆိုပြီးတော့ တိုင်းနဲ့ပြည်နယ်အလိုက် လယ်သမားတွေ စုပေါင်းချီတက်ပွဲတွေနဲ့ အခမ်းအနားပြုလုပ်လာခဲ့တာရှိတယ်၊ လယ်သမားကိုယ်စားလှယ်တွေလည်း တက်ရောက်ကြတယ်၊ အဲဒီနောက် ၁၉၈၈ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာတော့ အဲဒါတွေမရှိတော့ဘူး၊ လယ်သမားအများစုကလည်း လယ်သမားနေ့ဆိုတာတောင် အသိအမှတ်မရှိကြတာတော့ ယခုချိန်ထိပဲ” ဟု ပြောသည်။

0 comments:

Post a Comment