Thursday, March 11, 2010

အရှင်ဥက္ကံသ အဖမ်းခံရပြီးနောက် မွန်လူငယ်များ လှုပ်ရှားမှု ကျဉ်းကျပ်

Mon 08 Mar 2010, နိုင်မာန်
မွန်ရဟန်းပျိုတစ်ပါးဖြစ်သော အရှင်ဥက္ကံသ အဖမ်းခံရပြီးနောက်တွင် မွန်လူငယ်များကို စရဖတို့က စောင့်ကြည့်နေမှုကြောင့် မိမိတို့၏ လှုပ်ရှားမှုများ ကျဉ်းကျပ်လွန်းကြောင်း မော်လမြိုင်မြို့ မွန်လူငယ်အဖွဲ့မှ ဦးဆောင်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

“ကျနော်တို့ မွန်လူငယ်တွေ ဘုန်းကြီးကျောင်းမှာ ဆွမ်းကျွေးဖို့ မွန်ဝတ်စုံနဲ့ သွားတာကို စရဖတွေက စောင့်ကြည့်နေကြတယ်၊ အရှင်ဥက္ကံသ အဖမ်းခံရပြီးတော့ ကျနော်တို့လူငယ်တွေ ဘာမှကို လှုပ်ရှားလို့ မရတော့ဘူး၊ နောက်ကနေ တကောက်ကောက်ပဲ လိုက်ကြည့်နေတယ်” ဟု သူက ပြောသည်။

ယခုကဲ့သို့ နွေရာသီရောက်ရှိချိန်တွင် မွန်တို့၏ ရိုးရာယဉ်ကျေးမှု အစဉ်အလာအရ ဒေသအသီးသီး၌ ပွဲတော်များဖြင့် စည်ကားစွာကျင်းပလေ့ရှိပြီး မွန်လူငယ်များက မိမိတို့၏ ရိုးရာဝတ်စုံများကို ဝတ်ဆင်လေ့ ရှိကြသည်။

“မနေ့ကတောင် ကျနော်တို့ ဘုရားထီးတော် တင်ဖို့အတွက် လူငယ်အယောက် ၅၀ လောက် ဆိုင်ကယ်နဲ့ သွားကြတယ်၊ အဲဒါကို စရဖတွေက လာပြီးစစ်ဆေးတယ်၊ ဒါပေမယ့် ကျနော်တို့ကို တိုက်ရိုက်တော့ မစစ်ဘူး၊ ကျနော်တို့နဲ့ ခပ်လှမ်းလှမ်းမှာ နေပြီးတော့ အဲဒီဘေးက လူတွေကို မေးမြန်းနေတယ်၊ အဲလို မေးမြန်းပြီးတော့ ဘာမှမပြောပဲနဲ့ ထွက်သွားကြတယ်” ဟု မုဒုံမြို့မှ မွန်လူငယ်တစ်ဦးက ပြောသည်။

လွန်ခဲ့သည့် ဇန်နဝါရီလ ၇ ရက်နေ့တွင် အရှင်ဥက္ကံသည် လက်ဆွဲကွန်ပြူတာတစ်လုံးနှင့် ကွန်ပြူတာအပိုပစ္စည်းများ၊ ဗွီဒီယိုကင်မရာနှစ်လုံး၊ ဒစ်ဂျစ်တယ် အိတ်ဆောင်ကင်မရာတစ်လုံးနှင့် ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်သည့် စာရွက် ၄ ရွက်နှင့်အတူ အဖမ်းခံရသည်။

0 comments:

Post a Comment