Thursday, March 11, 2010

ကမ္ဘာ့လူတုပ်ကွေးရောဂါကာကွယ်ဆေး အခမဲ့ ထိုးပေးတော့မည်

Fri 05 Mar 2010, ကွန်းချမ်း
ကမ္ဘာ့လူတုပ်ကွေးရောဂါဟုခေါ်သည့် A(H1N1) ရောဂါ၊ မြန်မာနိုင်ငံဒေသအနှံ့အပြားမှာ ဖြစ်ပွားခဲ့ပြီး၊ နှစ်လတာအတွင်း ရောဂါကူးစက်ခံရသူစုစုပေါင်း ၅၆ ဦးရှိကြောင်း၊ အာဏာပိုင်မှ ထုတ်ပြန်ကြေငြာထားသည်။ ယခုလို အရှိန်မြင့်ကူးစက်လာမှုကို တားစီးနိုင်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO မှ ကာကွယ်ဆေး အလုံးရေ လေးသန်းခွဲခန့်ကို အခမဲ့ ထိုးပေးတော့မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးဌာနလက်အောက်ရှိ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ပြင်ပလူနာဌာနမှ သိရသည်။

ယခုလဆန်းပိုင်းမှစပြီး၊ ကာကွယ်ဆေး အလုံးကိုးသိန်းကို အခမဲ့ ထိုးပေးသွားမှာဖြစ်ပြီး၊ ဒုတိယအသုက်အနေနှင့် ကျန်သုံးသိန်းကျော်ကို ဆက်လက်ချပေးသွားရန်ရှိကြောင်း အဆိုပါဌာနရှိ ဝန်ထမ်းတို့က ပြောသည်။ ကာကွယ်ဆေးများချပေးသည့်အခါ ကျန်းမာရေးဝန်ကြီးဌာနသို့ တိုက်ရိုက်ဆက်သွယ် ချပေးမှာဖြစ်ကြောင်းလည်း သိရသည်။

တစ်ကြိမ်ထိုးပြီးလျှင် တစ်နှစ်တာရောဂါကူးစက်မှုကို အကာအကွယ်ပြုနိုင်သည့် ရောဂါကာကွယ်ဆေးထိုးပေးမည့် အ စီအစဉ်မှာ ရောဂါပိုးကူးစက်ရန်အခွင့်အလမ်းများနိုင်သည့် ကျန်းမာရေးဝန်ထမ်းများ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးသူငယ်များကို ပထမအသုတ်မှာ ဦးစားပေး ထိုးပေးသွားမှာဖြစ်ကြောင်း၊ ထူးသဖြင့် မကြာခင်က ရောဂါပြန့်ပွားစေခဲ့သည့် အဓိကနေရာတွေကို ဦးစားပေး ထိုးပေးသွားမှာဖြစ်တယ်လို့လည်း ၎င်းကဆိုသည်။

ယခုနှစ်ဆန်းပိုင်းမှ နှစ်လတာအတွင်း ရောဂါကူးစက်မှုဟာ ၂၀၀၉ ခုနှစ် တနှစ်တာပမာဏနီးပါးရှိသွားပြီး၊ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်းမှာပင် ၅၆ ဦးရှိခဲ့ကာ ယမန်နှစ်အရေအတွက်နှင့် ပေါင်းလျှင် ၁၁၅ ဦးအထိ ကူးစက်ခံခဲ့ရကြောင်း နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြထားသည်။ နှစ်လတာအတွင်း အများဆုံးကူးစက်ခံရသည့် မြို့နယ်များမှာ ရန်ကုန်တိုင်းမှ ဗဟန်းမြို့နယ်၊ တာမွေမြို့နယ်၊ မြောက်ဒဂုံ၊ အရှေ့ဒဂုံ၊ ရွှေပြည်သာနှင့် လှိုင်သာယာမြို့နယ်ဖြစ်ပြီး၊ နယ်မှ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ရှမ်းပြည်နယ်မှ ကျောက်မဲမြို့နယ်တို့ဖြစ်ကြကာ အသေအပျောက်မရှိသေးကြောင်း သက်ဆိုင်ရာမှ သတင်းထုတ်ပြန်ထားပါသည်။

ဆက်တိုက်ဆိုသလို ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်းမှာ ရောဂါကူးစက်မှု တိုးပွားလာနေပြီး၊ မတ်လမှစတင်ကာ ရောဂါကူးစက်မှု ငြိမ်းသက်နေသည်ကို တွေ့ရသည်။ နေပြည်တော် ကျန်းမာရေးဝန်ကြီးဌာနမှလည်း ရက်သတ္တပတ်ကျော်ကာလအတွင်း ရောဂါကူးစက်မှုထပ်မံဖြစ်ပွားခြင်း မတွေ့ရသည့်အတွက် ရောဂါပိုးကူးစက်မှုကို ထိန်းချုပ်နိုင်ပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။ သို့သော် အခြေအနေရပ်ရပ်ကို ဆက်လက်သသိထားစောင့်ကြည့်နေကြောင်းကိုလည်း ထုတ်ပြန်ထားသည်။

ယခုလိုထိန်းချုပ်နိုင်ရန် ဌာနဆိုင်ရာအနေနှင့် ကုသမှုအပိုင်း၊ စောင့်ကြည့်မှုအပိုင်းနှင့် ကာကွယ်တားဆီးရေးအပိုင်းများကို အဆင့်ဆင့်ဆောင်ရွက်ခဲ့ရသည်ဟု အထက်ပါ ကျန်းမာရေးဌာနမှ သိရသည်။ ရောဂါဖြစ်ပွားသူများကို သီးသန့်ခွဲထားပြီး၊ အနီးကပ်ကုသခဲ့သလို နီးစပ်ရာသံသယရှိသူတွေကိုလည်း စဉ်ဆက်မပြတ်စောင့်ကြည့်ခဲ့သည်ဟု သိရသည်။ ကြိုတင်ကာကွယ်တားဆီးရေးအပိုင်းအနေနှင့် တချို့ရောဂါဖြစ်ပွားမှုနှုန်း မြင့်မားသည့်နေရာတချို့မှာ ရောင်းချသည့်ကြက်သား၊ ဘဲသားဆိုင်များကိုလည်း ရောင်းချမှု ခွင့်ပြုချက်ရှိမှသာ ရောင်းခွင့်ရှိသည်အထိဆောင်ရွက်ခဲ့ပြီး၊ လိုအပ်လျှင် ကြက်သားများ တနေရာမှ တနေရာသို့ သယ်ပို့တာကိုလည်း ဟန့်တားခဲ့ရသည်ဟု ၎င်းက ဆိုသည်။

ယခုနှစ်ဆန်းပိုင်းမှာ ရောဂါပြန့်ပွားမှုနှုန်း၊ နေရာအနှံ့ဖြစ်ပွားနေပေမယ့် ပြည်သူလူထုအနေနှင့် အလေးမထားတာကိုလည်း တွေ့ရကြောင်း ရန်ကုန်မြို့ပြည်သူ့ဆေးရုံကြီးမှ လက်ရှိတာဝန်ထမ်းဆောင်နေသူ သူနာပြုတစ်ဦးက ပြောသည်။

“မနှစ်ကဆိုရင် ရောဂါကူးစက်ခံရသူတွေ မြောက်ဥက္ကလာမှာရောက်နေပြီ၊ လသာရောက်နေပြီဆိုတာ ကြားသိကြတာနဲ့ လမ်းသွားလမ်းလာ နေရာအနှံ့တွေမှာ၊ လူဦးရေထူထပ်တဲ့နေရာတွေမှာ ဖြတ်သန်းသွားလာနေတဲ့ လူတော်တော်များများဟာ နှာခေါင်းစီးတွေ တပ်ထားကြတာတွေ့ရတယ်၊ ဒါပေမယ့် မကြာခင်ကမှ ပြန်လည်ကူးစက်လာတဲ့ အဲဒီလူတုပ်ကွေးရောဂါကိုတော့ လူတော်တော်များများက သိပ်အလေးမထားကြတာ တွေ့ရတယ်၊ တနေကုန်စောင့်ကြည့်တာတောင်မှ တယောက်တလေပဲ နှာခေါင်းစီးတပ်ထားတာ တွေ့တယ်၊ ဒါဟာ လူတုပ်ကွေးရောဂါ ဖြစ်ရင် လူနာတွေအနေနဲ့ ဆေးကုသမှုခံယူပြီး၊ ရောဂါပျောက်ကင်းနိုင်တယ်ဆိုတာ သိထားကြလို့ သိပ်အလေးမထားတာ ဖြစ်နိုင်တယ်၊ မနှစ်က အစပိုင်းလောက်မှာ ဒီလိုရောဂါဖြစ်ရင် အသက်အန္တရယ် စိုးရိမ်ရနိုင်တယ်လို့ ယူဆထားကြတော့ ဂရုတစိုက်ရှိကြတာ ဒါပေမယ့် ရောဂါအကူးစက်ခံရသူတွေ အသေအပျောက်သတင်းလည်း မကြားတော့ လူတွေလည်း တအားကြီးစိုးရိမ်ကြတာလည်း မရှိတော့ဘူးပေါ့” ဟု ၎င်းသူနာပြုက ပြောသည်။

စစ်အစိုးရထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ရောဂါကူးစက်ခံရသူများ ၎င်းတို့ ဆေးဝါးကုသနေသည့်နေရာ၊ ရောဂါပျောက်ကင်းပြီး စောင့်ကြည့်ရာကနေ သို့မဟုတ် ဆေးဝါးကုသခံယူရာမှ ပျောက်ကင်းသွားကြောင်း အစရှိသည်ကိုသာ အသေးစိတ်ဖော်ပြပြီး၊ ထိုရောဂါကြောင့် အသေးအပျောက်သတင်း တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေးကြောင်းလည်း သိရသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကာကွယ်ဆေးထိုးပေးရန် အစီအစဉ်သည် ရောဂါပြန့်ပွားမှုနှုန်း မြန်ဆန်ချိန်မှာ စီမံချက်ချထားတာဖြစ်ပြီး၊ ယခုလို ထိန်းချုပ်လာနိုင်သည့် အခြေအနေမှာတော့ အဖွဲ့အနေနှင့် ဆောင်ရွက်မှု နှောင်းနှေးမှာကို စိုးရိမ်နေမိကြောင်း အဆိုပါ သူနာပြုဆရာမမှ ထင်မြင်ချက်ပေးသွားပါသည်။

0 comments:

Post a Comment