Thursday, March 11, 2010

မော်လမြိုင်ခရိုင်အတွင်း နွေစပါးစိုက်ပျိုးမှုဧက လျှော့နည်းလာ

Thu 04 Mar 2010, တော်လဝီ
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် ၆ မြို့နယ်အတွင်း နွေစပါးစိုက်ပျိုးရေးအတွက် စိုက်စရိတ်ကြီးမြင့်မှု ဒီဇယ်၊ ဓာတ်မြေသြဇာစရိတ်ကြီးမြင့်မှုနှင့် လယ်လုပ်သားရှားပါးမှုကြောင့် ယခုနှစ်နွေစပါးစိုက်ပျိုးထုတ်လုပ်မှု ဧကလျော့နည်းနေသည့်အတွက် အထွက်နှုန်းပါ ကျဆင်းသွားနိုင်ကြောင်း သိရသည်။

မော်လမြိုင်ခရိုင်အတွင်းရှိ ၆ မြို့နယ် နွေစပါးစိုက်ပျိုးရန်လျာထားချက်မှာ ဧကပေါင်း ၈၂၇၉၀ ရှိပြီး၊ ဖေဖော်ဝါရီလကုန်အထိ စိုက်ပျိုးပြီး ဧကမှာ ၇၂၀၄၀ ခန့်သာ စိုက်ပျိုးနိုင်သဖြင့် ဧကတစ်သောင်းကျော်လျော့နည်းသွားကြောင်း မော်လမြိုင်ခရိုင် မြေစာရင်းဦးစီးဌာမှ သိရသည်။

“မော်လမြိုင်ခရိုင်အတွင်းမှာရှိတဲ့ မြို့နယ် ၆ မြို့နယ်စလုံးကို မဖြစ်မနေ စီမံကိန်းချပြီးစိုက်ခိုင်းနေပါတယ်၊ ရေမြေဒေသအခြေအနေအပေးဆုံးက ကျိုက်မရေမြို့နယ်ပါ၊ ကျိုက်မရောမြို့နယ်တခုထဲကို နွေစပါးစိုက်ဧက ၅၅၀၀၀ ဧကထိ စိုက်ခိုင်းထားတော့ ခရိုင်တခုလုံးရဲ့စိုက်ဧက သုံးပုံနှစ်ပုံလောက်ရှိနေတယ်၊ ရေငံပါတ်လည်ဝိုင်းနေတဲ့ ချောင်းဆုံမြို့ကိုတောင် ဧက ၁၀၀၀ လျာထားတယ်၊ ကန်ရေနဲ့ စိုက်နိုင်တာက ဧက ၆၀ ပဲရှိတယ်၊ တကယ်တော့ အထက်ကိုတင်ပြတဲ့အခါ ဒေသအာဏာပိုင်တွေက ဧကစာရင်းတိုးပြီးတော့ တင်ခိုင်းတာပါ” ဟု ခရိုင်စိုက်ပျိုးရေးရုံးမှ အရာရှိဟောင်းတစ်ဦးက ပြောသည်။

နွေစပါးတစ်ဧက၏ စိုက်ပျိုးကုန်ကျစရိတ်သည် တစ်သိန်းခွဲမှ နှစ်သိန်းကျော်ကုန်ကျမှာဖြစ်ပြီး၊ ဓာတ်မြေသြဇာ၊ ဒီဇယ်ဆီဈေးနှုန်းလည်း မြင့်မားနေသည့်အတွက် နွေစပါးစိုက်ပျိုးမှုကို လယ်သမားများ စိတ်ဝင်စားမှုနည်းလာသည်။

“ပုလဲမြေသြဇာတစ်အိတ်ကို တစ်သောင်းခွဲဈေးရှိတယ်၊ ကျိုက်မရောမှဆိုရင် ဆည်လည်းမရှိဘူး၊ အတ္တရံမြစ်ရေကို ရေစုတ်စက်နှင့် စုတ်တင်ပြီးမှ စိုက်ရတယ်ဆိုတော့ ဆီဖိုးလည်းရှိသေးတယ်၊ ကျုပ်တို့ရွာမှာဆို ခါတိုင်းနှစ် ဧက ၃၀၀ ကျော်စိုက်နိုင်တယ် ဒီနှစ်တော့ ဧက ၁၅၀ လောက်ပဲစိုက်နိုင်တယ်” ဟု ကျိုက်မရောမြို့နယ် ကွမ်းငန်းရွာမှ လယ်သမားတစ်ဦးက ပြောသည်။

သံဖြူဇရပ်မြို့နယ်၊ ဝါခရူရွာနှင့် ကြာကန်ရပ်ကွက်ကြားရှိရေနက်မြေကိုလည်း နွေစပါးအဖြစ်စိုက်ပျိုးလေ့ရှိရာ ယခုနှစ်မှာ ရေလျော့နည်းလာခြင်း၊ လယ်လုပ်သားမရှိခြင်းတို့ကြောင့် ခါတိုင်းနှစ် ဧက ၁၂၀ ခန့် စိုက်ပျိုးနေသည်ကို ယခုနှစ်အတွက် ဧက ၇၀ ကျော်သာ စိုက်ပျိုးနိုင်ကြောင်း ဒေသခံ နွေစပါးစိုက်ပျိုးသူတို့က ပြောသည်။

မြန်မာတနိုင်ငံလုံး၏ နွေစပါးစိုက်ပျိုးမှု ရန်လျာထားချက်မှာ ဧကသန်းပေါင်း ၃.၂၄ သန်း သတ်မှတ်ထားရာ ဖေဖော်ဝါရီလကုန်အထိ ၂.၀၄ စိုက်ပျိုးပြီးသည်ဟု လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးစီမံကိန်းဦးစီးဌာနမှ သိရသည်။

ဆန်တင်ပို့သည့် လုပ်ငန်းရှင်များသည် နွေစပါးအထွက်ကို စောင့်ကြည့်နေပြီး၊ ပြည်ပနိုင်ငံများမှ ဝယ်ယူရန်ကမ်းလှမ်းနေမှုများအား နွေစပါးထွက်ရှိပြီးမှ လက်ခံတင်ပို့သွားနိုင်မည်ဟု လုပ်ငန်းရှင်များပြောတာကို Weekly Eleven ဂျာနယ်မှာ ဖော်ပြထားသည်။

နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကလည်း မြန်မာနိုင်ငံမှာ မိုးစပါး၊ နွေစပါးစိုက်ဧက သန်း ၂၀ ရှိပြီး၊ စပါးအထွက် တင်းသန်းပေါင်း ၁၅၀၀ ရှိသည်ဟု မတ်လ ၂ ရက်နေ့ တောင်သူလယ်သမားများနေ့၌ ပေးပို့သည့်သဝဏ်လွှာမှာ ဖော်ပြထားသည်။

0 comments:

Post a Comment