Wednesday, April 21, 2010

တစ်ရွာလျှင် မဲကော်မရှင် ၁၂ ဦး စာရင်းပေးပို့ရန် မယကမှ ညွှန်ကြား

လွတ်လပ်သောမွန်သတင်းအေဂျင်စီ

မြန်မာစစ်အစိုးရမှ ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲအတွက် မဲကော်မရှင်များကို တစ်ရွာလျှင် ကော်မရှင် ၆ ဦးနှင့် အရန်ကော်မရှင် ၆ ဦး တို့ကို ယခုလ နောက်ဆုံးအပတ်မှာ သက်ဆိုင်ရာ မြို့နယ်မယကရုံးသို့ ပို့ဆောင်ရမည်ဖြစ်သည်။

“ရွာတိုင်း ကော်မရှင် ၆ ယောက် အရန် ၆ ယောက်ကို ဒီလမကုန်ခင် စာရင်းပို့ပေးရမယ်၊ ကော်မရှင်လုပ်မဲ့လူတွေအတွက် သူတို့ရဲ့ နေရပ်လိပ်စာ ပညာအရည်အချင်း သူတို့ရဲ့ ကိုယ်ရေးရာဇာဝင် အစုံရေးပြီး မယကရုံးကို ပို့ပေးရမယ်” ဟု ရယကဥက္ကဌတစ်ဦးက ပြောသည်။ ထိုမဲကော်မရှင်အတွက် မြန်မာစစ်အစိုးရတို့မှ တရားဝင် အမိန့်စာထုတ်ပြန်ကြေညာထားပြီ ဖြစ်သည်။

သက်ဆိုင်ရာ မြို့နယ်မယကဥက္ကဌတို့မှ တရွာလျှင် ကော်မရှင် ၁၂ ဦးနှုန်းဖြင့် ဧပြီလပထမအပတ်မှ စုဆောင်းရွေးချယ်ထားရမည်ဖြစ်ပြီး၊ လကုန်မှာအပြီးသတ် စာရင်းပေးဆောင်ရမည်ဖြစ်သည်။

“ကျမတို့ရွာမှာတော့ နှစ်ဆန်းတရက်နေ့က ရယကရုံး လူကြီးတွေ ဓာတ်ပုံရိုက်နေတာတွေ့တယ်၊ မေးကြည့်တော့ မဲကော်မရှင်အတွက်တဲ့ တရွာကို ၁၂ ယောက်ပါရမယ်၊ သူတို့ရဲ့ဓာတ်ပုံတွေ ကိုယ်ရေးရာဇဝင်တွေကိုလည်း ယူထားတယ်” ဟု ဘီလူးကျွန်မှ ဒေသခံတစ်ဦးက ပြောသည်။

ထိုမဲကော်မရှင်များ ရွေးချယ်ရာတွင် အထူးသဖြင့် မြန်မာစစ်အစိုးရမှ အငြိမ်းစားယူထားကြသည့် ကျောင်းဆရာဟောင်းများ၊ ဝန်ထမ်းများနှင့် ရွာမှ လူကြီး လူကောင်းများပါဝင်ကြသည်ဟု ၄င်းဒေသခံက ပြောသည်။

“တော်တော်လေး ရွေးရတယ် မဲကော်မရှင်လုပ်ဖို့ လူတွေကို၊ ရွေးကောက်ပွဲကိုထောက်ခံတဲ့လူတွေချည်ပဲမများရအောင်၊ သူတို့ကို ထောက်ခံတဲ့လူတွေ များသွားရင်လည်း ကိုယ်ရွာရဲ့အကျိုးအတွက်က အခွင့်အလမ်းနည်းသွားမယ်” ဟု မုဒုံမြို့နယ်အတွင်းရှိ ကျေးရွာဥက္ကဌတစ်ဦးက ပြောသည်၊

0 comments:

Post a Comment