Tuesday, April 20, 2010

ဂိတ်ကြေးများလာခြင်းကြောင့် ကားသမားများ အခက်ကြုံနေကြရ

လွတ်လပ်သောမွန်သတင်းအေဂျင်စီ

သံဖြူဇရပ်-ဘုရားသုံးဆူကားလမ်းတစ်လျှောက်တွင် ပြေးဆွဲနေသည့်လိုင်ကားများ လမ်းတွင် ဂိတ်ကြေးအဆမတန်ပေးဆောင်နေရခြင်းကြောင့် ကားသမားများ အခတ်ကြုံနေကြသည်။

“တခေါက်ဆွဲရင် တစ်သိန်းခွဲလောက်ကတော့ ကုန်နေမြဲပဲ အခမသင့်ရင်လည်း အဲဒီထက်ပိုများတယ်၊ ဂိတ်တွေကလည်း သတ်မှတ်နှုန်းထားအတိုင်းမကောက်ဘူး ရရင်ရသလို တောင်းတယ်၊ မပေးပြန်တော့လည်း အမျိုးမျိုး ရစ်တယ်၊ ကျနော်ဆို စကားများများမပြောချင်ဘူး တောင်းရင်ပေးလိုက်တာပဲ၊ ခရီးသည်တွေကိုလည်း အားနာတယ်လေ” ဟု သံဖြူဇရပ်-ဘုရားသုံးဆူတွင်ပြေးဆွဲနေသည့် ကားသမားတစ်ဦးက ပြောသည်။

ခရီးသည်တစ်ဦးကို အများဆုံး ဗမာငွေသုံးသောင်း နှစ်သောင်းခွဲလောက်ပဲတောင်းတာ အဲဒါကို ဂိတ်တွေအများအပြားပေးနေရတယ်၊ ဆီဖိုး၊ ဂိတ်ဖိုး အားလုံးနှုတ်လိုက်ပြီးတော့ ဘယ်လောက်မှ ကိုယ့်အတွက်မကျန်တော့ဘူး တစ်နှစ်ထက်တစ်နှစ်ကလည်း ဂိတ်တွေများလာတော့ ကျနော်တို့ ကားသမားတွေအတွက် အဆင်မပြေဘူးဟု ၄င်းက ဆက်ပြောသည်။

သံဖြူဇရပ်-ဘုရားသုံးဆူလမ်းတစ်လျှောက်တွင် အခွန်ကောက်ခံနေသည့် ဂိတ်စုစုပေါင်း ၃၀ ကျော်ရှိပြီး၊ ထိုဂိတ်များသည် မြန်မာစစ်အစိုးရမှ ဖွင့်ထားသည့်ဂိတ်၊ အပစ်ခတ်ရပ်အဖွဲ့များဖြစ်သည့် မွန်ပြည်သစ်ပါတီဂိတ်၊ ကရင်ဒီကေဘီအေ၊ ကေဘီအဖ်က်၊ ပြည်သူ့စစ်၊ စရဖ၊ ပြီးတော့ ကေအေန်ယူဂိတ်အစရှိသည့်အဖွဲ့အစည်းတို့မှ ဂိတ်ဖွင့်ထားပြီး အကောက်ခွန်များ ကောက်ခံနေသည်။

“လမ်းတစ်လျှောက်မှာတော့ ဂိတ်တွေကြီးပဲ ကြည့်ရတာ ကားသမားတွေကလည်း ဂိတ်ကြေးပေးရသက်သက်နဲ့ သူတို့အတွက် အနည်းငယ်ပဲကျန်မှာ တဂိတ်ဖြုတ်ပြီးသွားလို့ ဘယ်လောက်မှမဝေးဘူး နောက်တဂိတ်ရောက်ပြန်တယ်၊ တချို့ဂိတ်တွေက တင်ထားတဲ့လူအရေအတွက်ပေါ်မူတည်ပြီး ယူတယ်၊ တချို့ဆို တဂိတ်ဘယ်လောက်ဆိုပြီး တောင်းတယ်” ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့သူ ခရီးသွားတစ်ဦးက ပြောသည်။

ဂိတ်တစ်ဂိတ်မှာ အများဆုံးတစ်သောင်းကျပ်ပေးဆောင်နေရပြီး၊ တချို့ဂိတ်မှာ ခရီးသည်တစ်ဦးလျှင် တစ်ထောင်ကျပ်ကောက်ခံကာ တင်ဆောင်လာသည့်ခရီးသည်အနည်းအများပေါ်မူတည်ပြီး အခွန်ဆောင်ရသည်။ ပြည်သူ့စစ်ဂိတ်ကဲ့သို့သော ဂိတ်အသေးတွေကို နှစ်ထောင်ကျပ်ပေးဆောင်နေရသည်။

“ဂိတ်တွေများလွန်းလို့ တစ်လမ်းလုံးရပ်သွားနေရတယ်၊ လိုရာခရီးကို မရောက်နိုင်ဘူး၊ နေ့တဝက်လောက် သွားရတဲ့ခရီးကို တနေကုန်သွားနေရတယ်၊ ခရီးကြန့်ကြာတာပေါ့” ဟု အထက်ပါ ခရီးသည် မိန်းကလေးက ပြောသည်။

ကားပိုင်ရှင်များ၏ ပြောပြချက်အရ သံဖြူဇရပ်-ဘုရားသုံးဆူလမ်းသွားလာနိုင်ရန်အတွက် ကားတစ်စီးလျင် တစ်နှစ်မှာ ကေအန်ယူကို ဘတ်ငွေ ၁၀၃၀၀ ပေးနေရသည်။ မြန်မာစစ်အစိုးရ လမ်းပန်းဆက်သွယ်ရေး ဥပဒေအရ ခရီးသည်တင်ကားများသည် ယာဉ်အသင်းများတွင် အသင်းဝင်လုပ်ရပြီး အသင်းဝင်လုပ်ရန်အတွက် ဘုရားသုံးဆူမြို့မှာ ဘတ်လေးထောင်ပေးဆောင်ရသည်။ သုံးဆူမြို့တွင် ရာမည၊ ပန်းရဂုံ၊ ဖောမဲ့သာ၊ မြို့မ၊ သုံးဆူနှင့် ကြံ့ခိုင်ရေးယာဉ်အသင်းဟူ၍ အသင်းငါးသင်းရှိသည်။

0 comments:

Post a Comment