Tuesday, April 20, 2010

နယ်ခြားစောင့်တပ်ကို လက်မခံလျှင် NMSP ကို မတရားမဝင်ပါတီအဖြစ်ကြေငြာမည်ဟု စစ်အစိုးရမှ ဖိအားပေး

ကွန်းဟဒေ့

မြန်မာစစ်အစိုရးမှ တောင်းဆိုထားသော နယ်ခြားစောင့်တပ် (သို့မဟုတ်) ပြည်သူ့စစ်ကို လက်မခံလျှင် မွန်ပြည်သစ်ပါတီကို ၁၉၉၅ မတိုင်ခင် (အပစ်အခတ်ရပ်စဲရေး မဟုတ်သော) ကာလကဲ့သို့ ပြန်လည်သဘောထားမည်ဟု စစ်အစိုးရမှ မွန်ပြည်သစ်ပါတီကို ဖိအားပေးထားသည်။

ပြီးခဲ့သည့် မတ်လမှာ မြန်မာစစ်အစိုးရမှ ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်နှင့် မွန်ပြည်သစ်ပါတီဒုဥက္ကဌ နိုင်ရဿ၊ ဗဟိုအလုပ်အမှုဆောင် နိုင်ထာဝရ၊ နိုင်ချမ်းတွဲ့နှင့် တခြားဗဟိုကော်မတီဝင်များ အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှာ တွေ့ဆုံဆွေးနွေးခဲ့စဉ်က ဖိအားပေး ပြောထားခဲ့သည်ဟု ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တစ်ဦးက ပြောသည်။

“သူတို့တောင်းဆိုထားတဲ့ နယ်ခြားစောင့်တပ် ဒါမဟုတ် ပြည်သူ့စစ် တခုခုကို လက်ခံစေချင်တာပါ တစ်ခုမဟုတ်တစ်ခု စဉ်းစားပြီးလက်ခံပါလို့ ရဲမြင့်က မွန်ပြည်သစ်ပါတီကို ပြောထားခဲ့တယ်၊ တစ်ခုမှ လက်မခံရင်တော့ ၉၅ ခုနှစ်မတိုင်ခင်ကလို မွန်ပြည်သစ်ပါတီကို စစ်အစိုးရက သဘောထားမယ်လို့ ပြောထားတယ်၊” ဟု အထက်ပါကော်မတီဝင်က ဆက်ပြောသည်။

နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ်ကို လက်ခံရေး လက်မခံရေးကိစ္စကို မွန်ပြည်သစ်မှ လာမည့်ဧပြီလတွင် ၂၂ ရက်နေ့တွင် နောက်ဆုံးရက်အနေဖြင့် စစ်အစိုးရကို အကြောင်းပြန်ရမည်ဟု ဗဟိုအလုပ်မှုဆောင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“မွန်ပြည်သစ်ပါတီအနေနဲ့ နယ်ခြားစောင့်တပ်ကိုပဲ လက်ခံမလား၊ ပြည်သူ့စစ်ကိုပဲ လက်ခံမလား နှစ်ခုစလုံးကိုပဲ ငြင်းပယ်မလား ဘယ်လိုဆက်ပြီး ရပ်တည်သွားမလဲဆိုတာကိုတော့ ကျနော်တို့ပါတီအစည်းအဝေးမှာ ဆွေးနွေးပြီးတော့ ဆုံးဖြတ်ချမယ်” ဟု မွန်ပြည်သစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်ချေးမွန်က ပြောသည်။

ဧပြီလ ၂၂ ရက်နေ့တွင် မွန်ပြည်သစ်ပါတီမှ ၄င်းတို့၏သဘောထားကို စစ်အစိုးရအား အကြောင်းပြန်မည်ဖြစ်ပြီး၊ ဧပြီလ ၂၈ ရက်နေ့နောက်ပိုင်းမှာ စစ်အစိုးရမှ မွန်ပြည်သစ်ပါတီအပေါ် ထားရှိမည့်သဘောထားကို ပြန်လည်ထုတ်ပြန်သွားမည်ဖြစ်သည်။

မွန်ပြည်သစ်ပါတီအနေဖြင့် မြန်မာစစ်အစိုးရလိုလားသည့်အတိုင်း လက်မခံနိုင်ကြောင်း ငြင်းပယ်ခဲ့လျှင် စစ်အစိုးရမှ မွန်ပြည်သစ်ပါတီအပေါ် မည်သို့ဆက်လက် ပြုလုပ်သွားမည့်ကို မွန်ပြည်သစ်ပါတီ အငြိမ်းစားဗိုလ်မှူးကြီးဟောင်း နိုင်ကောင်းတလရွတ်က “တကယ်လို့ မွန်ပြည်သစ်ပါတီက ဘာကိုမှ လက်မခံဘူးဆိုရင်တော့၊ စစ်အစိုးရက ဘယ်လိုဆက်ပြီးလုပ်မလဲဆိုတာကို အင်အားကြီးတဲ့ ဝသွေးစည်းညွတ်ရေးပါတီ၊ ကချင်လွတ်မြောက်ရေးပါတီတို့အပေါ်မှာလည်း မူတည်နေတယ်၊ ဘာလို့လဲဆိုတော့ မွန်ပြည်သစ်ပါတီကိုလည်း အဲဒီပါတီတွေနဲ့နည်းတူ သဘောထားထားတယ်၊ ဒီအဖွဲ့တွေကို စစ်အစိုးရက တရားမဝင်အနေနဲ့ ကြေငြာရင် မွန်ပြည်သစ်ပါတီကိုလည်း အဲဒီလိုပဲ လုပ်ဆောင်သွားဖို့ရှိတယ်၊ နည်းပရိယာအနေနဲ့ ဘာမှမကြေငြာပဲနဲ့လည်း ဒီအတိုင်းထားချင် ထားသွားမယ်” ဟု သူ၏အမြင်ကို ပြောသည်။

အကယ်၍ စစ်အစိုးရက ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း တိုင်းပြည်တစ်ပြည်တွင် စစ်တပ်တစ်တပ်သာ ထားရှိရမည်ဆိုသည့်အတိုင်းသာ စစ်အစိုးရမှ လုပ်ဆောင်မည်ဆိုလျှင် ဒီပါတီတွေကို တရားမဝင်အနေဖြင့် ကြေငြာပြီး အရေးယူသွားဖွယ်ရှိသည်ဟု ၄င်းက ဆက်ပြောသည်။

0 comments:

Post a Comment