Saturday, April 10, 2010

သင်္ကြန်ရက်အတွင်း ယာဉ်အန္တရာယ်ကျဆင်းစေရန် အာဏာပိုင်များ စစ်ဆေးမှုအရှိန်တိုးမြှင့်

လွတ်လပ်သောမွန်သတင်းအေဂျင်စီ

ယခုလို သင်္ကြန်ရက်ကာလအတွင်း ယာဉ်အန္တရာယ်ကျဆင်းစေရန်အတွက် ယာဉ်ထိန်းရဲများနှင့် အဖွဲ့ပေါင်းစုံတို့ပူးပေါင်းပြီး မတ်လတတိယအပတ်မှစကာ စစ်ဆေးမှုများ အရှိန်တိုးမြှင့်ပြုလုပ်နေသည်။

သက်ဆိုင်ရာဂိတ်နေရာတွင် စစ်ဆေးမှုများပြုလုပ်နေပြီး၊ ဆိုင်ကယ်စီးလျှင် ဦးထုပ်ဆောင်းခြင်း၊ ဆိုင်ကယ်တစ်စီးမှာ သုံးယောက်မစီးရ၊ ဆိုင်ကယ်အသံကျယ်လောင်စွာမောင်းနှင်ခြင်း အစရှိသည်တို့ကို အဓိကထားစစ်ဆေးပြီး၊ တချို့ အခမသင့်လျှင် ဆိုင်ကယ်လိုင်စင်၊ မောင်းလိုင်စင်များပါ စစ်ဆေးနေသည်။

ယာဉ်ထိန်းသိမ်းရေးအဖွဲ့တို့နှင့် အဖွဲ့ပေါင်းစုံဟုခေါ်သည့် ရဲ၊ စစ်တပ်၊ မီးသတ်၊ လူဝင်မှုကြီးကြပ်ရေးအဖွဲ့၊ မြို့နယ်မယကပါဝင်ပူးပေါင်းပြီး အထူးစစ်ဆေးနေသည်။

“မော်တော်ဘီကယ်တွေက စစ်ဆေးမှုတိုးထားတော့ ပိုကောင်းတာပေါ့၊ ဒီသင်္ကြန်ရက်မှာ ပြည်ပက အလုပ်လုပ်နေတဲ့ လူငယ်တွေပြန်လာတော့ ဆိုင်ကယ်တွေကလည်းများ မောင်းပုံကလည်း ကြမ်း၊ သူ့လမ်းမှန်းမသိ ကိုယ့်လမ်းမှန်းမသိ မောင်းချင်တိုင်း မောင်းနေကြတာ ယာဉ်တိုက်မှု ဘယ်လောက်ဖြစ်အုံးမလဲတော့မသိဘူး” ဟု လ္ဘက်ရည်ဆိုင် ဖွင့်ထားသည့် မုဒုံမြို့ခံတစ်ဦးက ပြောသည်။

မွန်ပြည်နယ်အတွင်းတွင် နေထိုင်ကြသူများ သွားလာရေးအတွက် ဆိုင်ကယ်ကိုသာ အဓိကထား သုံးဆောင်နေကြခြင်းကြောင့် ယခုလို ယာဉ်ထိန်းသိမ်းရေးမှ သင်္ကြန်ရက်အတွင်း ယာဉ်စစ်ဆေးမှုအရှိန်တိုးမြှင့်ထားခြင်းကြောင့် ဒေသခံများ သွားလာရေးအခက်အခဲရှိနိုင်သည်။

“ခါတိုင်းနှစ်တွေမှာ သင်္ကြန်ရက်ဆို စစ်ဆေးမှုတော့ရှိတယ်၊ ဒါပေမယ့် ဒီလိုမျိုး အဖွဲ့ပေါင်းစုံတွေနဲ့ ပါနဲ့တော့ မဟုတ်ဘူး၊ မော်တော်ဘီကယ်တွေလောက်ပဲ စစ်နေတာ၊ ဂိတ်မရောက်ခင်ဆို လမ်းလွှဲနဲ့သွားလို့ရတယ်၊ အခုဆို လမ်းလွှဲလည်းမလွတ်ဘူး၊ ဖမ်းတာပဲ” ဟု ခရီးသွားတစ်ဦးက ပြောသည်။

မွန်ပြည်နယ်အတွင်းတွင် ထိုင်း-မြန်မာနိုင်ငံမှ လိုင်စင်မဲ့ဆိုင်ကယ်များဝင်ရောက်ခြင်းဖြင့် လိုင်စင်မဲ့ဆိုင်ကယ်စီးသူများလည်း များပြားနေသည်။

မြန်မာစစ်အစိုးရမှ လိုင်စင်မဲ့ဆိုင်ကယ်များကို လိုင်စင်ပြုလုပ်ပေးနေသော်လည်း လိုင်စင်လုပ်ခအဆမတန်မြင့်နေခြင်းကြောင့် ထိုလိုင်စင်ပြုလုပ်သူနည်းပါးသည်။ ဆိုင်ကယ်ဝယ်စီးသူတို့ကလည်း Model လိုက်ပြီး လိုင်စင်မဲ့ဆိုင်ကယ်ကိုသာ အဝယ်စီးများကြောင့် ဆိုင်ကယ်အရောင်းအဝယ်လုပ်သူအသိုင်းအဝိုင်းက ပြောသည်။

0 comments:

Post a Comment