Saturday, April 10, 2010

ယမန်နှစ်ကထက် အဆောင်နေခပိုများ

မင်းဇနူ

၂၀၁၀-၂၀၁၁ ပညာသင်နှစ်အတွက် အဆောင်နေမည့် ၁၀ တန်း ကျောင်းသူ/သားမျာ အဆောင်နေခ ယမန်နှစ်ကထက် ပိုပေးရကြောင်း သိရသည်။

ယမန်နှစ်က ၁၀ တန်းကျောင်းသားတစ်ဦး၏ အဆောင်နေခသည် နာမည်ကြီးသည့်အဆောင်တွေမှာ ၂၇ သိန်း၊ သာမာန်အဆောင်တွေမှာ သိန်း ၂၀ ကျော်ပေးဆောင်ရသည်မှာ ယခုနှစ် မုဒုံမြို့ရှိ နာမည်ကြီးအဆောင်ဖြစ်သည့် ဒေါ်သန်းမြင့်အဆောင်မှာ သိန်း ၃၀ ပေးဆောင်ရကြောင်း ကျောင်းသားမိဘတို့က ပြောသည်။

“နာမည်ကြီးအဆောင်တွေမှာ ဥပမာ ဒေါ်သန်းမြင့်အဆောင်ဆိုရင် သိန်း ၃၀ ပေးရမယ်၊ တချို့ဆို သိန်း ၂၀ ပေါ့၊ အဆောင်ရဲ့သင်ကြားမှု အောင်ချက်ပေါ်မှာမူတည်ပြီးတော့ အဆောင်ခတွေလည်း ကွာတယ်လေ၊ မိဘချမ်းသားတဲ့ သားသမီးဆိုရင် နာမည်ကြီးအဆောင်မှာ နေနိုင်တာပေါ့ တချို့ဆိုရင်လည်း သာမာန်အဆောင်တွေမှာပဲ နေတယ်လေ” ဟု မုဒုံမြို့ခံ ကျောင်းသားမိဘတစ်ဦးက ပြောသည်။

၉ တန်းဖြေဆိုထားသည့်ကျောင်းသားများသည် စာမေးပွဲပြီးပြီးချင်း တစ်ရက် နှစ်ရက်သာ နားပြီး နောက်နှစ်တက်မည့် ၁၀ တန်းအတွက် အဆောင်သို့ ပြောင်းရွှေ့နေထိုင်ကြသည်။ အဆောင်ပိုင်ရှင်များလည်း စာမေးပွဲပြီးလျှင် ပြီးခြင်း အဆောင်နေကျောင်းသားများ စတင်လက်ခံနေသည်။

“ကျနော်တို့ စာမေးပွဲက မတ်လ ၁၉ ရက်နေ့မှာပြီးသွားတယ်၊ အဆောင်တွေလည်း အဲဒီရက်ပိုင်းမှာပဲ ကျောင်းသားတွေ စတင်လက်ခံနေပြီးလေ၊ ၉ တန်းအောင်ဖို့ သေချာနေတဲ့ ကျောင်းသားတွေကျတော့ အပ်ထားပြီးကုန်ပြီ” ဟု အဆောင်မှ ၁၀ တန်းဖြေဆိုထားသည့် ကျောင်းသားတစ်ဦက ပြောသည်။

ယမန်နှစ်က မုဒုံမြို့ပေါ်ရှိ နာမည်ကြီးအဆောင်ဖြစ်သည့် ဒေါ်သန်းမြင့်အဆောင်မှာ အဆောင်နေကျောင်းသား အယောက် ၂၀၀ ခန့်ရှိပြီး၊ ယခုနှစ်မှာသာ ကျောင်းသားများ စတင်လက်ခံစသာရှိသေးသည့်အတွက် ကျောင်းသားမည်မျှ လက်ခံရရှိမည်ကို အတိကျမသိရှိသေးကြောင်း ၄င်းက ပြောသည်။

တချို့ငွေကြေးတက်နိုင်သည့် ကျောင်းသားများအပါအဝင် ကျောင်းသားမိဘများကလည်း အသင်အပြကောင်းပြီး အောင်ချက်များသည့် အဆောင်မှာသာ နေထိုင်များခြင်းကြောင့် နာမည်ရအဆောင်တွေမှာ ကျောင်းသားအရေအတွက် များနေရခြင်းဖြစ်သည်။

တစ်နှစ်ပြီး တစ်နှစ် ကျောင်းသားလက်ခံသည့် အဆောင်များလာသလို အဆောင်နေခ လည်းများလာသည်။ သို့သော် အဆောင်နေခသည် တစ်ဆောင်နှင့် တစ်ဆောင် ကွာခြားမှုရှိနေသည်။ ကျောင်းသားအရေအတွက်လည်း နာမည်ကြီးအဆောင်ထက် သာမာန်အဆောင်တွေမှာ ကျောင်းသားအရေးအတွက်နည်းပါးသည်။

တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာသည့် ကုန်ဈေးနှုန်းကြောင့် အဆောင်ခ သည်လည်း တစ်နှစ်ထက်တစ်နှစ် မတူညီပဲ မြင့်တက်လာနေသည်။ ၂၀၀၀-၂၀၀၁ စာသင်နှစ်တွင် အဆောင်ခ ၂ သိန်း ၃ သိန်းလောက်ရှိရာမှာ ယနေ့အချိန်အခါမှာ အဆောင်ခသည် သိန်း ၃၀ အထိ တိုးမြှင့်တက်လာသည်။

0 comments:

Post a Comment