မိယဉ်မွန်၊ မိလရီထော
မော်လမြိုင်-ရေး ကားလမ်းတစ်လျှောက် ပြေးဆွဲနေသော မော်တော်ကားများ လမ်းအကောက်ခွန် ပိုများလာခြင်းကြောင့် ကားသမားများ အခက်အခဲကြုံတွေ့နေရကြောင်း မော်လမြိုင်-ရေးသို့ ပြေးဆွဲနေသော ကားသမားတစ်ဦးက ပြောသည်။
လမ်းအကောက်အခွန်များကို ဧပြီလ ပထမအပတ်မှစပြီး ကောက်ခံနေကြောင်း ကားသမားတို့ကပြောသည်။
“မော်လမြိုင်နဲ့ ရေးကားလမ်းတစ်လျှောက်မှာတော့ ဂိတ်တွေအများကြီးပဲ၊ တစ်ဂိတ်ကို နှစ်ထောင်ပေးရတယ်၊ တချို့ဂိတ်ဆို တစ်ထောင်၊ အခုဆိုရင် ဂိတ်တွေလည်းများလာတယ်၊ တနေ့ဆွဲတာ ထမင်းဖိုးတောင်မကျန်တော့ဘူး၊ ကြားထဲမှာ ခရီးသည်တွေကလည်း ခရီးစရိတ်လျှော့ခိုင်းသေးတယ်” ဟု စပယ်ယာတစ်ဦးက ပြောသည်။
ယခင်က မော်လမြိုင်-ရေး ကားလမ်းတလျှောက်မှာ ရဲမှ ၁ ဂိတ်၊ မော်တော်ပီကယ် ၁ ဂိတ်၊ စစ်တပ် ၁ ဂိတ်၊ ငြိမ်းချမ်းရေးအဖွဲ့မှ ၁ ဂိတ်နှင့် ကရင်ဒီကေဘီအေ ၂ ဂိတ်ရှိပြီး၊ ဒီကေဘီအေ ၁ ဂိတ်လျှင် (၁၀၀၀) ကျပ်ပေးနေရကာ ကျန်သည့်တခြားဂိတ်များအားလုံးကို (၂၀၀၀) ကျပ်ပေးရသည်ဟု ရွှေဝါဖူး ကားစပယ်ယာတစ်ဦးက ပြောသည်။
ပုဂ္ဂလိကမှ (express) ကားများနှင့် ခရီးသည်တင်ကားများကို တစ်စီးလျှင် လမ်းခွန် (၂၀၀၀) ကျပ်နှုန်းဖြင့် ကောက်ခံနေကြောင်း သိရသည်။
ထိုအကောက်အခွန်များကို မော်လမြိုင်မြို့အဝင် ရိုးဂိုးဂိတ်၊ သံဖြူဇရပ်မြို့အဝင် ဖောင်စိန်ဂိတ်၊ မော့ကနင်ဂိတ်နှင့် ရေးမြို့အဝင်သချိုင်းကုန်းနားဂိတ် စုစုပေါင်းဂိတ် ၄ ဂိတ်ရှိသည်။
မော်လမြိုင်မှ ရေးသို့ ကားခနှုန်းမှာ တစ်ဦးလျှင် (၂၅၀၀) ကျပ်ဖြစ်ပြီး၊ ယခုလို အကောက်ခွန် ပိုမိုများလာခြင်းကြောင့် ကားခဈေးနှုန်းလည်း တက်လာမည်ကို ခရီးသည်များ စိုးရိမ်နေကြသည်။
“ဒီလိုမျိုး အကောက်ခွန်တွေများလာတယ်ဆိုတော့ ကားခတွေလည်းဈေးတက်မှာ သေချာတယ်” ဟု ၄င်း ခရီးသည်တစ်ဦးက ပြောသည်။
Thursday, April 8, 2010
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment