Thursday, April 8, 2010

ဆရာတော်ဦးဆောင်မှုဖြင့် ကွန်ပြူတာသင်တန်းဖွင့်

ကွန်းဟဒေ့

ကျေးရွာအတွင်းရှိ ကျောင်းသားလူငယ်များ ခေတ်ပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်ပြီး၊ ရေးမြို့နယ် လမိုင်းမြို့နယ်ခွဲ မော့ကနင်ရွာသစ်မှ ဆရာတော်ကဦးဆောင်ပြီး အခမဲ့ ကွန်ပြူတာသင်တန်း သင်ကြားပေးနေသည်။

“သင်တန်းတက်ရောက်ဖို့ ပညာအရည်အချင်းကတော့ ရွာထဲမှာ ၈ တန်းအောင်ပြီးတဲ့ ဘယ်ကျောင်းသားကိုမဆို တက်ရောက်နိုင်တယ်၊ သင်ကြားဖို့ကွန်ပြူတာတွေ လောလောဆယ် မဝယ်ရသေးဘူး၊ အသိတွေဆီကပဲ ခဏငှားထားတယ်၊ နောက်တော့ အဆင်ပြေတော့မှ အသစ်ဝယ်ဖို့ စီစဉ်မယ်” ဟု ဦးဆောင်သူ ဆရာတော်က မိန့်ကြားသည်။

သင်တန်းရက်ကိုမူ ဧပြီလ ၉ ရက်နေ့မှာ စတင်ဖွင့်လှစ်မည်ဖြစ်ပြီး၊ အစိုးရစာသင်ကျောင်းဖွင့်လှစ်သည်အထိ သင်ကြားပေးမည်ဟု ဆရာတော်မှ ဆက်လက်မိန့်ကြားခဲ့သည်။

“ရွာက ကျောင်းသားလူငယ်တွေ ကွန်ပြူတာသင်တန်းတွေ အခဲမဲ့တက်ရောက်ခွင့်ရတော့ သူတို့အတွက် အများကြီးအကျိုးဖြစ်ပါတယ်၊ ဘာလို့လဲဆိုတော့ တစ်ချို့က နာမည်ပဲ ကြားဖူးကြတယ်၊ ကွန်ပြူတာကို တစ်ခါမှ မမြင်ဖူးကြတဲ့လူတွေလည်းရှိတယ်၊ အခုဗဟုသုတလည်းရ ပညာလည်းရတာပေါ့” ဟု လူငယ်တစ်ဦးက ပြောသည်။

သင်တန်းဖြစ်မြောက်ရေးအတွက် လိုအပ်သော ငွေကြေးများကို နိုင်ငံခြားရောက် မော့ကနင်ရွာသစ်မှ ရွာခံများ ထောက်ပံ့ပေးမည်ဖြစ်ပြီး၊ ဆရာတော်က ဦးဆောင်တာဝန်ယူခဲ့သည်။

သင်တန်းဆရာကို မော်လမြိုင်ရှိ MCC ကွန်ပျူတာစင်တာမှ ငှားရမ်းထားပြီး ကျောင်းသားများကို အခမဲ့သင်ကြားပေးမည်ဖြစ်သည်။ MCC မှ သင်တန်းဆင်းလက်မှတ်ရရှိရန် ဦးဆောင်ဆရာတော်နှင့် ကျောင်းသားမိဘများက တိုင်ပင်ကြပြီး၊ ကျောင်းသားတစ်ဦးလျှင် တစ်သောင်းခွဲ ပေးဆောင်ရမည်ဟု ယခုရက်သတ္တပတ်မှာ ကျင်းပသည့် အစည်းအဝေးတွင် သဘောတူခဲ့ကြသည်။

“MCC က သင်တန်းဆင်းလက်မှတ်ရရင်တော့ ကွန်ပြူတာသင်တန်းပြီးဆုံးကြောင်း အလုပ်လျှောက်တဲ့အခါ သူတို့အတွက် အဆင်ပြေအောင်လို့ ရည်ရွယ်ပြီးတော့ သင်တန်းဆင်းလက်မှတ်အတွက် စီစဉ်လိုက်တယ်” ဟု ဆရာတော်က ဆက်လက်မိန့်ကြားခဲ့သည်။

0 comments:

Post a Comment