Wednesday, April 7, 2010

မွန်ပြည်သစ်နှင့် ဗိုလ်ချုပ်ရဲမြင့်တွေ့ဆုံ

လွတ်လပ်သောမွန်သတင်းအေဂျင်စီ
ဧပြီလ ၇ ရက်

ဗိုလ်ချုပ်ရဲမြင့်နှင့် မွန်ပြည်သစ်ပါတီမှ ဗဟိုကော်မတီဝင်များ ယနေ့နံနက် ၉ နာရီခန့်မှာ မော်လမြိုင်မြို့ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှာ တွေ့ဆုံကြသည်။

မြန်မာစစ်အစိုးရဘက်မှ ဗိုလ်ချုပ်ရဲမြင့်နှင့်အတူ အရာရှိ ၇ ဦးခန့်နှင့် မွန်ပြည်သစ်ပါတီဘက်မှ ဒုဥက္ကဌ နိုင်ရဿ၊ တွဲဖက်အတွင်းရေးမှူး နိုင်ချမ်းတွဲ့၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ နိုင်ထာဝရ၊ မော်လမြိုင်မြို့တာဝန်ခံ ဗဟိုအလုပ်အမှုဆောင်ကော်မတီ နိုင်တလညီ၊ ဗိုလ်မှူးလရီဂကောင်း၊ ဗဟိုကော်မတီဝင် နိုင်ခိုဆိုက်၊ နိုင်ချမ်းနိုင်၊ နိုင်ဘခိုင်တို့ပါဝင်ကြသည်။

“ဒီနေ့မှာ တွေ့ဆုံဖို့ မြန်မာစစ်အစိုးဘက်က ကမ်းလှမ်းလာတာပါ၊ ဒါကတော့ ထူးထူးခြားခြားတွေ့ဆုံတာတော့မဟုတ်ပါဘူး တွေ့ဆုံဖို့ သူတို့ရဲ့ လုပ်ငန်းစဉ်တွေပဲ၊ ဖိအားပေးတာတို့ ဘာတို့တော့ ဘာမှမရှိဘူး” ဟု မော်လမြိုင်မြို့တာဝန်ခံဗဟိုအလုပ်အမှုဆောင် နိုင်တလညီက ပြောသည်။

ယနေ့တွေ့ဆုံခြင်းမှာ မွန်ပြည်သစ်ပါတီမှာသာမက မြန်မာစစ်အစိုးရတို့နှင့် ပူးပေါင်းထားသည့် နိုင်အောင်နိုင်အဖွဲ့၊ ကရင်အမျိုးသားအစည်းအရုံးမှ ခွဲထွက်ထားသည့် ဒီကေဘီအေအဖွဲ့တို့နှင့်လည်း တွေ့ဆုံခဲ့သည်။

“အဓိကထွေထွေထူးထူးပြောတာမဟုတ်ပါဘူး၊ ဒါပေမယ့် သူတို့ဘက်ကပြောတာတော့ ဝဘက်မှာ ကချင်ဘက်မှာ နယ်ခြားစောင့်တပ်အတွက် လက်ခံနေကြပြီး မွန်ပြည်သစ်ပါတီဘက်မှာလည်း ဘယ်လိုအခြေအနေရှိလဲ အဲဒီလောက်တော့ ပြောသွားတယ်၊ ဖိအားပေးပြီး ပြောသွားတာတော့မရှိပါဘူး” ဟု ထိုတွေ့ဆုံခြင်းမှာ ပါဝင်ခဲ့သူတစ်ဦးက ပြောသည်။

မွန်ပြည်သစ်ပါတီအနေဖြင့် မြန်မာစစ်အစိုးရတို့ ကမ်းလှမ်းထားသည့် နယ်ခြားစောင့်တပ်နှင့် ၂၀၁၀ ရွေးကောက်ပွဲကိုလည်း လက်မခံကြောင်းကို မတ်လနောက်ဆုံးအပတ်မှာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ထံ အကြောင်းပြန်ခဲ့ကြောင်း မွန်ပြည်သစ်ပါတီအသိုင်းအဝိုင်းမှ သိရသည်။

ပြီးခဲ့သည့် မတ်လ ၁၆ ရက်နေ့မှာလည်း မွန်ပြည်သစ်ပါတီဗဟိုကော်မတီဝင်များနှင့် အရှေ့တောင်တိုင်း တိုင်းမှူးဗိုလ်ချုပ်သက်နိုင်ဝင်း တွေ့ဆုံခဲ့သည်။

၂၀၀၉ ဇွန်လ ၇ ရက်နေ့တွင် မွန်ပြည်သစ်ပါတီခေါင်းဆောင်တချို့နှင့် နအဖခေါင်းဆောင် တချို့တို့သည် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင် တိုင်းမှူးဗိုလ်ချုပ်သက်နိုင်ဝင်းနှင့် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ၂၀၀၉ မတ်လတွင် ပထမအကြိမ်အဖြစ် တွေ့ဆုံခဲ့ကြသည်။

0 comments:

Post a Comment