Tuesday, April 6, 2010

မွန်တေးဂီတအဖွဲ့များ ခေတ္တရပ်နားထားရ

လွတ်လပ်သောမွန်သတင်းအေဂျင်စီ

ခေတ်ရေစီးကြောင်းနှင့်အညီ ပရိသတ်အကြိုက်ကို မလိုက်နိုင်ခြင်းကြောင့် အငှားနည်းပါးပြီး မွန်တေးဂီတအဖွဲ့များ ရပ်နားထားရကြောင်း ဂီတမွန်တေးဂီတအဖွဲ့မှ ဒါရိုက်တာနိုင်ဇာတိ က ပြောသည်။

“လွန်ခဲ့တဲ့ ၂၀၀၈ လောက်ကဆို မွန်တေးဂီတအဖွဲ့ ၉ ဖွဲ့ ရှိတယ်။ ဒါပေမယ့် ဒီနှစ် (၂၀၀၉-၂၀၁၀) မှာဆို ၃ ဖွဲ့လောက်ပဲ ကျန်တော့တယ်။ ဂီတအဖွဲ့ ပျက်စီးသွားတာတော့ မဟုတ်ဘူးနော်၊ အခြေအနေအရ ခေတ္တရပ်နားထားရတာပါ” ဟု သူက ပြောသည်။

မွန်တေးဂီတအဖွဲ့များတွင် ဂီတမွန်တေးဂီတအဖွဲ့မှာ ပရိသတ်အကြိုက်ဆုံး တေးဂီတအဖွဲ့ ဖြစ်ပြီး အဖွဲ့တိုင်းတွင် ဖျော်ဖြေရက်များ တစ်နှစ်ထက်တစ်နှစ် ကျဆင်းနေကြောင်း သိရသည်။

“ကျနော်တို့အဖွဲ့ဟာ ၂၀၀၇-၂၀၀၈ ဂီတရာသီမှာဆိုရင် ရက် ၇၀ လောက် ဖျော်ဖြေခဲ့ရတယ်။ ၂၀၀၈-၂၀၀၉ မှာဆို ရက် ၅၀ ကျော် ရှိပြီး ဒီရာသီမှာဆို ရက် ၄၀ ကျော်လောက်ပဲ ဖျော်ဖြေရတယ်။ တခြား မွန်တေးဂီတအဖွဲ့တွေလည်း ကျနော်တို့လိုပါပဲ” ဟု နိုင်ဇာတိက ဆိုသည်။

ယခင်က မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရ်ီတိုင်းတို့တွင် ဖျော်ဖြေနေသည့် မွန်တေးဂီတအဖွဲ့များမှာ ဂီတမွန်တေးဂီတအဖွဲ့၊ ဂီတအလင်္ကာ၊ အနာဂတ်မွန်၊ လရီဂီတ၊ ဂီတမွန်ဟံသာ၊ ဂီတဟွန်းဒိန်း၊ ပါဝါမြူးဇစ်၊ လရီဟံသာနှင့် ရော့ချန်ဂီတတေးဂီတအဖွဲ့များ ဖြစ်ကြပြီး ၄င်းတို့အနက် ယခုနှစ်တွင် ဂီတမွန်တေးဂီတအဖွဲ့၊ ပါဝါမြူးဇစ်တေးဂီတအဖွဲ့နှင့် ဂီတအနာဂတ်တေးဂီတအဖွဲ့ ၃ ဖွဲ့သာ စင်တင်ဂီတများတွင် ဖျော်ဖြေကြသည်။

“ကျနော်တို့ မွန်ပရိသတ်တွေဟာ ထိုင်းနဲ့ မလေးရှား ခေတ်ပေါ်စင်တင်တေးဂီတတွေနဲ့ ယဉ်ပါးလာတာရယ်၊ ကျနော်တို့တေးဂီတအဖွဲ့တွေကလည်း ပရိသတ်အကြိုက်အတိုင်း မဖျော်ဖြေနိုင်သေးတာရယ်၊ ဒါတွေကြောင့် အငှားနည်းလို့ ရပ်နားလိုက်ရတာပဲလို့ ကျနော်မြင်တယ်။ ပရိသတ်အကြိုက်ကို လိုက်ပြီး ဖျော်ဖြေရမယ်ဆိုရင်လည်း ကျနော်တို့ ယဉ်ကျေးမှုနဲ့ သွေဖီသွားတာ ရှိမယ်။ ဒီအစွန်းနှစ်ဖက်ကို အတတ်နိုင်ဆုံး ညှိပြီး ကျနော်တို့ ဆက်ကြိုးစားသွားမှာပါ” ဟု မွန်ဂီတညွန့်ပေါင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မွန်တေးဂီတအဖွဲ့များအနက် လရီဟံသာတေးဂီတအဖွဲ့မှာ ရှေးအကျဆုံးတေးဂီတအဖွဲ့ ဖြစ်ပြီး လွန်ခဲ့သည့် နှစ်သုံးဆယ်ခန့်က တည်ထောင်ခဲ့သည်။

0 comments:

Post a Comment