Tuesday, April 6, 2010

မီး၊ ရေပြတ်လပ်မှုကြောင့် ရန်ကုန်မြို့နေများ ဒုက္ခဖြစ်နေကြ

လွတ်လပ်သောမွန်သတင်းအေဂျင်စီ

ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့ပေါ်တွင် မီး၊ ရေဆိုးရွားစွာပြတ်လပ်နေခြင်းကြောင့် တိုက်ခန်းငှား နေထိုင်သူများ အခတ်အခဲဖြစ်နေကြသည်။

“မီးမရတာ နည်းနည်းတော်သေးတာ ရေမရတာကတော်တော်ဆိုးတယ်၊ ပိုဆိုးတာကတော့ ၃ ထပ်၊ ၄ ထပ် အပေါ်ဆုံးထပ်မှာ ငှားနေကြတဲ့ကျမတို့လိုအတွက်တော့ အင်မတန် အခြေအနေဆိုးတယ်” ဟု နယ်မှ ရန်ကုန်မြို့ပေါ်ရှိ တိုက်ခန်းတွင် ငှားနေသူအမျိုးသမီးတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်ကျော်မှစပြီး ရန်ကုန်တမြို့လုံးတွင် မီးတခါလာလျှင် မိနစ်ပိုင်းသာလာပြီး၊ ပြန်ပျက်သွားလေ့ရှိသည်။ လာလိုက် ပျက်လိုက်နှင့် တနေ့လျှင် နာရီပိုင်းကျော်ကျော်သာလာလေ့ရှိသည်။

ယခုကဲ့သို့ မီးပျက်လပ်နေခြင်းကြောင့် ရန်ကုန်မြို့နေများထက် နယ်မှ အိမ်ငှားပြီး သင်တန်းတက်နေကြသည့်လူငယ်များ၊ အလုပ်လုပ်နေကြသည့်နယ်မှ ဒေသခံများအတွက် များစွာအခက်အခဲဖြစ်နေကြသည်။

“ကျမတို့ဆို တိုက်ခန်းငှားပြီးနေနေကြတာ ချွေတာပြီးတော့လည်း သုံးနေရတာပေါ့၊ တိုက်ခန်းငှားခနဲ့ စားခနဲ့ဆို တော်တော်ကုန်တယ် တလကို၊ ဒီကြားထဲမှာ မီးကလည်းမလာ ဝယ်စားရ၊ အဆိုးဆုံးကတော့ ချိုးဖို့ရေတောင် ဝယ်နေရတယ် အခုတလောမှာ၊ ရေဝယ်ပြန်တော့လည်း အောက်ထပ်ကနေ ၃/၄ ထပ်ထိ သယ်ရပြန်” ဟု သင်တန်းတက်နေသည့် လူငယ်တစ်ဦးက ပြောသည်။

မီးလာချိန်မိနစ်ပိုင်းမှာ ရေတင်ရန်အတွက် စောင့်နေကြသော်လည်း တကယ်တမ်း မီးလာချိန်မှာ အထပ်မြင့်နေထိုင်သူများအတွက် ရေမတင်နိုင်ကြောင်းလည်း ၄င်းက ပြောသည်။ ကျမနေလာသည့် တနှစ်သာကာလမှာ ယခုရက်ပိုင်းသည် အဆိုးဆုံးအခြေအနေဖြစ်သည်။

ထိုမျှမက ငွေကြေးအကုန်ခံပြီး သင်တန်းတက်နေကြသည့် လူငယ်အများစုမှာ မီးလာလိုက် ပျက်လိုက်ခြင်းကြောင့် သင်တန်းမှာလည်း ကောင်းစွာသင်ကြားမှုမပြုနိုင်ကြောင်း တချို့သင်တန်းများမှာ ကိုယ်ပိုင်မီးစက်မောင်းပြီး သင်ကြားနေသော်လည်း တချို့သင်တန်းမှာတော့ မီးလာမှသာ သင်ကြားရသည့်အတွက် ငွေသာကုန်ပြီး သင်တန်းမှာ ဘာမှမရလိုက်ကြောင်း သင်တန်းမှာ အခက်အခဲကြုံတွေ့နေသူတို့က ပြောသည်။

“တော်တော်စိတ်ကုန်ဖို့တော့ကောင်းတာပဲ တနေ့သွားလည်း မီးမလာ တနေ့သွားလည်းမီးမလာ၊ ပိုက်ဆံကလည်း ပေးထားပြီးပြီ ပြန်ထွက်ဖို့ကလည်း ခက်၊ မီးလာမှ သင်ရတယ်၊ သင်တန်းဆရာကလည်း လုံးဝမီးစက်မမောင်းဘူး၊ အဲဒီမီးကိုပဲစောင့်နေတယ်၊ လာပြန်တော့လည်း မိနစ်ပိုင်းပဲ ပျက်တဲ့အခါကျတော့ တနေကုန် ပျက်တယ်၊ တော်တော်ကို အခြေအနေကဆိုးတယ် ပိုက်ဆံအကုန်ခံထားပြီးတော့ ဘာမှထူးမလာဘူး” ဟု နယ်မှ သင်တန်းတက်နေသူ အမျိုးသားတစ်ဦးက ပြောသည်။

0 comments:

Post a Comment