Monday, April 5, 2010

၂၀၁၀ ရွေးကောက်ပွဲအတွက် နအဖ ဗိုလ်မှူးကြီးဟောင်း မြေအောက်စည်းရုံးရေးဆင်းနေ

မင်းအာသံ
မြန်မာစစ်အစိုးရတို့မှ ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲကို စစ်အစိုးရ ဗိုလ်မှူးကြီးဟောင်း စောခင်စိုးဦးဆောင်သည့်အဖွဲ့က ကရင်ပြည်နယ်အတွင်း၌ ဒေသခံများအကြာ ၄င်းတို့အဖွဲ့ကို ဝိုင်းဝန်းထောက်ခံမဲပေးသွားရန် မြေအောက်စည်းရုံးရေးစနစ် ပြုလုပ်နေကြောင်း သိရသည်။

ပြီးခဲ့သည့်လက အဆိုပါနေရာ၌ မြေအောက်စည်းရုံးရေးဆင်းခဲ့သော ၄င်းတို့အဖွဲ့ဝင်များသည် များသောအားဖြင့် စစ်အစိုးရမှ ပင်စင်ယူထားသည့် ခရိုင်အဆင့်၊ မြို့နယ်အဆင့်နှင့် ရှေ့နေအဆင့် စသည့်လူတန်စားများသာ ပါဝင်လှုပ်ရှားနေသည်ဟု ၄င်းတို့အဖွဲ့နှင့် နီစပ်သောရှေ့နေတစ်ဦးက ပြောသည်။

“လောလောဆယ်မှာတော့ သူတို့အဖွဲ့ တရားဝင်လှုပ်ရှားခွင့် မရသေးဘူး၊ ဒါပေမယ့် မြေအောက်စနစ်ကိုသုံးပြုပြီးတော့ ကရင်ပြည်နယ်အတွင်းမှာ စည်းရုံးရေးဆင်းနေတယ်၊ အထူးသဖြင့်တော့ မွန်ကျေးရွာတွေကို အဓိကထားသွားတယ်၊ ဒေသခံတွေကို ပြောတာကတော့ ဒီရွေးကောက်ပွဲမှာ ကရင်ပြည်နယ်ကိုယ်စာပြု သံအမတ်အဖြစ် ဗိုလ်မှူးကြီးဟောင်း စောခင်စိုးပဲ ရမယ်” ဟု ၄င်းက ပြောသည်။

ယနေ့ ကရင်ပြည်နယ်အတွင်း လှုပ်ရှားနေသော ဗိုလ်မှူးကြီးဟောင်း စောခင်စိုးကို မြန်မာစစ်အစိုးရက တဖက်တလှမ်းမှ ဝိုင်းဝန်းထောက်ခံအားပေးနေကြောင်း ၄င်းက ဆက်ပြောသည်။

မြန်မာစစ်အစိုးရသည် မြို့နယ်ပညာရေးမှူး၊ ပြည်နယ်ပညာရေးမှူး စသည့် အဆင့်မြင့်လူတန်းစားများကို ခေါ်ဆိုပြီး မြို့နယ်နှင့် ပြည်နယ်အလိုက် ၂၀၁၀ ရွေးကောက်ပွဲအတွက် ပြည်သူများကို စည်းရုံးရေး ဆင်းခိုင်းသည်ဟု ပညာရေးမှူး (အငြိမ်းစား) တစ်ဦးက ပြောသည်။

“အခုကျိုက်မရောမြို့နယ်အတွင်းမှာ၂၀၁၀ ရွေးကောက်ပွဲအတွက် စည်းရုံးရေးဆင်းနေတယ်၊ နအဖက လိုက်လံပြီး ဝန်ထမ်းတွေကို ရှောက်ခိုင်းနေတယ်၊ စိတ်ပါပါနှင့် လုပ်တဲ့မြို့နယ်ပညာရေးမှူးရှိသလို မပါတဲ့သူလဲရှိတယ်၊ ပြည်နယ်ပညာရေးမှုးတွေကိုခေါ်ပြီးတော့ ပြည်သူတွေကို စည်းရုံးခိုင်းနေတယ်” ဟု အဆိုပါ ပညာရေးမှူးက ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲအတွက် မြန်မာစစ်အစိုးရအာဏာပိုင်တို့၏ လက်အောက်ခံအဖွဲ့အစည်းများဖြစ်သည့် တစည (တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ)၊ မယကအဖွဲ့အစည်း၊ ဒေသခံဆရာဝန်များနှင့် မြို့နယ်ပညာရေးမှုး၊ ပြည်နယ်ပညာရေးမှုးတို့မှ ဒေသအလိုက် စည်းရုံးရေးစည်းနေသည်။

“အခုလို ပညာတက်တွေ ပညာရှိတွေကို အာဏာပိုင်တွေက စည်းရုံးရေးဆင်းခိုင်းနေတော့ မဲထည့်တဲ့နေရာမှာ သူတို့ပဲ နိုင်ဖို့များတယ်၊ တိုင်းရင်းသားတွေဘက်တော့ ရူံးဖို့ပဲများတယ်” ဟု ၄င်းက ဆက်ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲအတွက် မွန်ပြည်နယ်အတွင်းရှိ ကျိုက်မရောမြို့နယ်၊ မုဒုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ်နှင့် ရေးမြို့နယ်အပါအဝင် ကရင်ပြည်နယ်ဘက်မှာလည်း မြန်မာစစ်အစိုးရအဖွဲ့အစည်းတို့က စည်းရုံးရေး ဆင်းနေကြောင်းသိရသည်။

မြန်မာစစ်အစိုးရတို့မှ ၂၀၁၀ ရွေးကောက်ပွဲဥပဒေကို ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့စပြီး နေ့စဉ်ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြထားသည်။

0 comments:

Post a Comment