နိုင်မတ်ဒိပ် (မတ်လ ၊ ၂၀၁၀)
မှူးကြီးက ဘုရင်ရူး ရူးနေတယ်လို့ ပြောကြတယ်။ ဘုရင်ရူး ရူးနေသူမို့ ရှေးရှေးက မြန်မာဘုရင်တွေကို အတုခိုးနေမှာတော့ သေချာတယ်။ မှူးကြီးက ဘယ်ခေတ်က ဘယ်ဘုရင်ကို အားကျနေလဲ။ ဒါလေး စိတ်ဝင်စားဖို့ မကောင်းဘူးလား။
ပထမမြန်မာနိုင်ငံကို ထူထောင်ခဲ့တဲ့ အနော်ရထာ (အေဒီ ၁၀၄၄-၇၇) ကို ကြည့်ရအောင်။ အနော်ရထာက ရှင်အရဟံနဲ့ပေါင်းပြီး မြန်မာပြည်ကို ပြုပြင်ပြောင်းလဲခဲ့သူပါ။ နိုင်ငံနယ်နိမိတ်ကို လက်ရှိမြန်မာနိုင်ငံမျှ ကျယ်ပြန့်အောင် ချဲ့ထွင်နိုင်ခဲ့သူပါ။ ဒါပေမယ့် လုပ်ကြံခံခဲ့ရတယ်။ အလောင်းတောင် ရှာမတွေ့ခဲ့ပါ။
ဒုတိယမြန်မာနိုင်ငံတော်ကို ထူထောင်ခဲ့တဲ့ တပင်ရွှေထီး (အေဒီ ၁၅၃၁-၅၁) ဆီကို သွားရအောင်။ သူလည်း လက်ရှိမြန်မာနိုင်ငံအတိုင်း နိုင်ငံ့နယ်နိမိတ်ကို သိမ်းသွင်းအုပ်စီးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အောက်ခြေလွတ်သူဖြစ်လို့ သူလည်း လုပ်ကြံခံခဲ့ရတယ်။
တတိယမြန်မာနိုင်ငံကို ထူထောင်ခဲ့သူ အလောင်းဘုရား (အေဒီ ၁၇၅၂-၆၀) ကလည်း သက်စိုးမရှည်ခဲ့ပါဘူး။ မွန်တွေကို (၃) နှစ်မျှ ခုခံပြီး (၂) နှစ်အတွင်း အပြီးအပိုင်တိုက်ခိုက်နိုင်ခဲ့တဲ့ ရွာသူကြီးတစ်ဦးပါ။ မွန်တို့ကို အောင်နိုင်ပြီး (၃) နှစ်အကြာ ၁၇၆၀-ခုမှာ မွန်ပြည်နယ်မှာပဲ ကံကုန်ခဲ့ရတယ်။
စတုတ္ထမြန်မာနိုင်ငံတော်လို့ ပြောရမယ့် လက်ရှိပြည်ထောင်စုမြန်မာနိုင်ငံရဲ့ ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းကိုလည်း လေ့လာဖို့ ကောင်းတယ်။ တိုင်းရင်းသားတို့နဲ့ ယုံကြည်မှု တည်ဆောက်နိုင်ခဲ့ပြီး ပင်လုံစိတ်ဓာတ်ကို ပြုစုပျိုးထောင်ခဲ့သူပါ။ သူလည်း လွတ်လပ်ရေးကိုတောင် မမြင်လိုက်ရဘူး။ အမျိုးသားရေးဝါဒီ ဂဠုန်ဦးစော လုပ်ကြံတာကို ခံခဲ့ရပြန်တယ်။
စိစစ်ကြည့်ပါ။ မှူးကြီးက မြန်မာ့ဦးစွန်းကို မြှင့်တင်ပေးခဲ့တဲ့ အထက်ပါ ခေါင်းဆောင်လေးဦးနဲ့ လုံးလုံးမတူကြောင်း သိသာပါတယ်။ ကောင်းတာဖြစ်စေ၊ မကောင်းတာဖြစ်စေ အထက်ဖော်ပြပါခေါင်းဆောင်တို့နဲ့ ပမာပြုဖို့ မှူးကြီးမှာ ဘာတစ်ခုမှ မရှိပါ။
မှူးကြီးက လက်ရှိစစ်အစိုးရရဲ့ ပထမလူ မဟုတ်လို့ပါ ပြောချင်ပြောလို့ရတယ်။ ဒါဆို ဒုတိယလူတို့နဲ့ ချိန်ကိုက်ကြည့်ရအောင်လား။
အနော်ရထာကို ဆက်ခံသူ စောလူး (၁၀၇၇-၈၄) က ဒုတိယလူလို့ ပြောလို့မရလောက်အောင် နန်းစံနှစ် တိုတောင်းလှတယ်။ သူ့ကို မင်းလုလင်လို့လည်း ကျောက်စာမှာ ပါတယ်။ အရည်အချင်းရှိသူ မဟုတ်လို့ ဗဂိုးက မွန်ခေါင်းဆောင် မွန်ကင်း (ငရမန်းကန်း) လက်ထဲမှာ ကံကုန်ခဲ့ရတယ်။
တပင်ရွှေထီးကို ဆက်ခံသူ ဘုရင့်နောင် (အေဒီ ၁၅၅၁-၈၁) က နှလုံးရည် လက်ရုံးရည်နဲ့ ပြည့်ဝတဲ့ မင်းကောင်းမင်းမြတ်တစ်ပါး ဖြစ်ကြောင်း မွန်သမိုင်းက ဆိုပါတယ်။ မဏိပူရ၊ အာသံ၊ ထိုင်း၊ လာအို အစရှိသည်ဖြင့် အောင်နိုင်ခဲ့ပြီး တရားသဖြင့် အုပ်ချုပ်ခဲ့ကြောင်း မွန်ကျောက်စာတွေက ဖော်ပြပါတယ်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို တည်ဆောင်နိုင်ခဲ့သူ ဖြစ်တယ်။ အောင်နိုင်ရာတိုင်းပြည်နဲ့ လူမျိုးများရဲ့ ကြည်ညိုလေးစားမှုကို ခံယူရရှိခဲ့တဲ့ မင်းတစ်ပါး ဖြစ်တယ်။
ဦးအောင်ဇေယျ အရိုက်အရာကို သူ့သားတော် နောင်တော်ကြီး (အေဒီ ၁၇၆၀-၆၃) က ဆက်ခံတယ်။ ဇင်းမယ်ကို စစ်ချီသိမ်းပိုက်နိုင်ပေမယ့် နိုင်ငံတော်ကို တည်ငြိမ်အောင် မအုပ်ချုပ်နိုင်ခဲ့ရုံမက မွန်နဲ့ဇင်းမယ်သားများကို နှိပ်စက်ခဲ့တဲ့ မကောင်းမှုကံကို တွေးပြီး စိတ်ခြောက်ခြားတဲ့ရောဂါနဲ့ ကံတော်ကုန်ခဲ့သူ ဖြစ်တယ်။
ဗိုလ်ချုပ်အောင်ဆန်းကျပြီး တက်လာသူ ဝန်ကြီးချုပ်ဦးနု (၁၉၄၈-၆၂) က စတုတ္ထမြန်မာနိုင်ငံရဲ့ ဒုတိယလူလို့ ပြောကြပါစို့။ ကွန်မျူနစ်တွေက ဖောက်၊ ဆိုရှယ်လစ်တွေက ချောင်း၊ စစ်တပ်က လက်ဖြောင်ရိုက်လိုက်တာနဲ့ သူကြိုးပမ်းခဲ့သမျှ သဲထဲရေကျခဲ့ရတယ်။ ပြည်တော်သာစီမံကိန်းလည်း ပျက်၊ ပြည်ထောင်စုစစ်စစ်မူလည်း ပျောက်၊ စစ်တပ်လက်အောက် အကုန်ရောက်ခဲ့ရတယ်။
မှူးကြီးက စောလူလောက် မညံ့သလို ဘုရင့်နောင်လောက်လည်း မတော်မကောင်းဘူး။ ပုတီးအမြဲတမ်း စိပ်တတ်တဲ့ ဦးနုနဲ့ တူဖို့နေနေသာသာ လက်ထဲပုတီးမိတဲ့ အရင်က လယ်ယာဝန်ကြီးမြင့်အောင် အဟောက်ခံရသေး။ မတူဘူးဆိုရင်လည်း တတိယဂမ္ဘီရခရီးစဉ်ကို နှင်ရအောင်ပါ။
ပုဂံနိုင်ငံတော်ရဲ့ တတိယလူက ကျန်စစ်သားပါ။ ပုဂံနိုင်ငံတော်နှစ်ပေါင်း (၃၀၀) နီးပါး (အေဒီ ၁၀၄၄-၁၂၉၈) တည်တံ့အောင် အုတ်မြစ်ချခဲ့သူပါ။ မြန်မာနိုင်ငံသမိုင်းမှာ ပြိုင်စံရှားတဲ့မင်းတစ်ပါး ဖြစ်တယ်။ လေ့လာချက်များအရ အနော်ရထာနဲ့ စောလူး ကြမ်းခဲ့သမျှ အတိဒုက္ခရောက်ခဲ့ရတဲ့ မွန်မြန်မာတွေကို ဖြေသိမ့်နိုင်သူ ဖြစ်တယ်။ ခမာတွေနဲ့အပြိုင် ဗမာတို့ရဲ့ဂုဏ်ရောင်ကို ထွန်းပြောင်အောင် သိက္ခာရှိရှိ ကြိုးပမ်းနိုင်ခဲ့သူ ဖြစ်တယ်။
ဟံသာဝတီနိုင်ငံတော်ရဲ့ တတိယလူက နန္ဒဘုရင် (အေဒီ ၁၅၈၁-၉၉) ပါပဲ။ မိသားစုပြဿနာ၊ လူမျိုးစုပြဿနာ၊ အုပ်ချုပ်ရေးပြဿနာ ပြဿနာပေါင်းများစွာကို ရင်ဆိုင်ဖြေရှင်းရသူ ဖြစ်ပြီး မနိုင်ဝန်ကို ထမ်းရင်း ထိုင်းနဲ့ စစ်ခင်းရသူ ဖြစ်တယ်။ ကစားဖော်ကစားဖက် ထိုင်းမင်းသားနရဲစွမ်ကို စစ်ရှုံးပြီး အင်းဝ၊ ရခိုင်၊ တောင်ငူတို့ကို မထိန်းချုပ်နိုင်တော့ဘဲ နောက်ဆုံး သူကိုယ်တိုင် တောင်ငူကို ခိုလှုံခဲ့ရတယ်။
တတိယမြန်မာရဲ့ တတိယလူက အလောင်းဘုရားသားတော်တစ်ပါးဖြစ်တဲ့ မြေဒူးမင်းပါ။ နန်းတက်ပြီးနောက် ဆင်ဖြူရှင်မင်းလို့ ထင်ပေါ်လာတယ်။ သူက အင်းဝမှာ နန်းစိုက်တယ်။ ကုန်းဘောင်ခေတ်မှာ စစ်ဘုရင်တစ်ဆူလို့ ပြောလို့ရတယ်။ ထိုင်းကို သိမ်းပိုက်ပြီး အယုဒ္ဓယမြို့ကို သုဿာန်တစပြင် ဖြစ်အောင် ဖြိုဖျက်ခဲ့သူ ဖြစ်တယ်။ နယ်စပ်ဒေသရှိ ရှမ်းတိုင်းရင်းသားများကို အကြောင်းပြုပြီး မန်းချူးတရုတ်တို့နဲ့ စစ်ပွဲ (၄) ကြိမ်တိုက်ခဲ့သူပါ။ တရုတ်မြန်မာ စစ်ပြေငြိမ်းရေးစာချုပ်ကိုလည်း သိက္ခာရှိရှိ ချုပ်ဆိုနိုင်ခဲ့သူ ဖြစ်တယ်။
စတုတ္ထမြန်မာရဲ့ တတိယလူက ဦးနေဝင်းလို့ပဲ သတ်မှတ်ပါရစေ။ ဦးဘဆွေတို့ ရှိပေမယ့် သူ့ကိုပဲ သတ်မှတ်ကြည့်ရအောင်ပါ။ တစ်ပါတီအာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်းက ကချင်ရွာ (၅) ရွာကို တရုတ်အား လက်ဆောင်ပေးလိုက်ခြင်းဖြင့် တရုတ်နဲ့ ချစ်ကြည်ရေးတည်ဆောက်နိုင်ခဲ့ပါတယ်။ မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်စနစ်နဲ့ ခရီးဆက်ရင်း တိုင်းပြည်ကြီးကို ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံဖြစ်အောင် လုပ်နိုင်ခဲ့သူပါ။
တတိယဆက်တွေကို လေ့လာကြည့်ရင် မှူးကြီးစရိုက်နဲ့ နည်းနည်းဆင်တာလေးတွေ ရှိနေတယ်လို့ မခံစားရဘူးလား။ မှူးကြီးက လက်ရှိစစ်အစိုးရရဲ့ ဒုတိယလူဖြစ်ပေမယ့် တတိယရင်ခုန်သံနဲ့ အောင်လံထူနေသူပါ။ သူက ကျန်စစ်သားရူးရူးခဲ့တဲ့ ကြောင်စစ်သားစောမောင်ကို လုပ်ကြံပြီး ဆက်ခံခဲ့တယ်။ ကျန်စစ်သားကို ကြိုက်မယ်မထင်ဘူး။ ကျန်စစ်သားကို ကျော်ပြီး နန္ဒဘုရင်ကို ကြည့်ရအောင်ပါ။
နန္ဒဘုရင်နဲ့ မှူးကြီးတို့ ရင်ဆိုင်နေရတဲ့ ပြဿနာက တူသလိုလို ရှိတယ်။ နန္ဒဘုရင်လိုပဲ မှူးကြီးမှာ အမျိုးသားရေးပြဿနာ၊ တိုင်းရင်းသားရေးရာပြဿနာ၊ မိသားစုပြဿနာ ရှိပါတယ်။ နန္ဒဘုရင်က ဗဂိုးမှာ ကျပ်လွန်းလို့ တောင်ငူကို လစ်ရသလို မှုးကြီးလည်း ရန်ကုန်ကနေ ကြပ်ပြေးနေပြည်တော်ကို ခွာတော်မူပါတယ်။ ထိုင်းနိုင်ငံရေး ရှုပ်ထွေးအောင် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို မြှောက်ပေးနိုင်ခဲ့သူ ဖြစ်ပြီး တရုတ်နဲ့ ပြဿနာတက်အောင် ရှမ်းပြည်နယ်ရှိ ကိုးကန့်၊ ဝ၊ မုန်လား၊ ရှမ်းတွေကို အခြောက်တိုက် ရန်ရှာပြီး တရုတ်ဘက်က လေယာဉ်ပစ်အမြောက်တပ် ဖြန့်ထားရတဲ့အထိပါပဲ။
မြေဒူးမင်း (ဆင်ဖြူရှင်) ကို အားကျလို့လား မသိပါနော်။ မှူးကြီးက ဆင်ဖြူရှင်လိုပဲ ငါးကြင်ဆီနဲ့ ငါးကြင်းကြော်ချင်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေကို နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းဖို့ ဖိအားပေးနေပြီး လက်မခံတဲ့ဒေသတွေမှာ ပြည်သူ့စစ်တွေကို မွေးထုတ်နေလေရဲ့။ ဆင်ဖြူရှင်က ထိုင်းကို ဝင်တိုက်တဲ့အချိန်မှာ တိုင်းရင်းသားတွေကို အသေခံတပ်အဖြစ်နဲ့ အသုံးချခဲ့ပါတယ်။ ဗညားစိန်ကို ယိုးဒယား ချီစေပြီး ကျန်ရစ်သူမိသားစုများကို ပြန်ပေးဆွဲခဲ့တဲ့ မုတ္တမမြို့စား ဂါမဏိစန္ဒာဆိုတာ ဆင်ဖြူရှင်ခန့်အပ်ခဲ့တဲ့ မင်းကြီးတစ်ဦးပါ။ ဆင်ဖြူရှင်ဟာ မွန်တွေကို တိုက်ဖို့ ရှမ်းတွေကို သုံးသလို ရှမ်းတွေကို တိုက်ဖို့ ချင်းကချင်မုဆိုးတွေကို ဆင့်ခေါ်ပါတယ်။ ဆင်ဖြူရှင်လုပ်ရပ်နဲ့ မှူးကြီး လက်ရှိလုပ်ဆောင်နေတာကို တူမတူ ချင့်ချိန်ကြပါ။
မှူးကြီးက ဆင်ဖြူရှင်လို စစ်ဘုရင် ဖြစ်ချင်နေတာပါ။ ဆင်ဖြူရှင်မင်း စစ်ပြင်သလိုလည်း ပြင်ပါတယ်။ ဆင်ဖြူရှင် ယိုးဒယားမှာ ဥမင်တူးသလို သူလည်း နေပြည်တော်ဘက်မှာ တူးပါတယ်။ အိမ်နီးချင်းတွေထက် စစ်ရေးအင်အားသာအောင် ကြိုးပမ်းနေပြီး နျူကလီးယားလက်နက် ပိုင်ဆိုင်တဲ့အထိ လုပ်သွားမယ့်သဘောကို တွေ့ရတယ်။ မြောက်ကိုရီးယားကို အသေဖားပြီး အင်အားကြီးနိုင်ငံတွေကို ဆော့ကစားလျက် ရှိပါတယ်။
မှူးကြီး ဆင်ဖြူရှင်ရူး ရူးပုံကို လူတိုင်းသတိပြုမိတဲ့ အထင်ရှားဆုံး အချက်တစ်ချက်မှာ ဆင်ဖြူရှာပုံတော်ဖွင့်ခဲ့ခြင်း ဖြစ်တယ်။ ဆင်ဖြူရှင်ရူး ရူးလွန်းလို့ မောင်ခင်ညွန့် အတော်ဒုက္ခရောက်ခဲ့ရပါတယ်။ ဆင်ဖြူရှင်ဖြစ်အောင် ဆင်ဖြူများကို ရှာရရာ အိန္ဒိယမှာ သစ်ဆွဲနေတဲ့ဆင်တွေကို သွားဖမ်းမိလို့ ပြဿနာလည်း တက်၊ ပိုက်ဆံလည်း ကုန်ခဲ့ရသေးတယ်။ မှူးကြီးရောဂါက တစ်နေ့ပြီးတစ်နေ့ အခြေအနေဆိုးလာပါတယ်။
မြန်မာခေါင်းဆောင်အတော်များများက တိုင်းပြည်ရဲ့အခြေအနေကို ဂရုစိုက်လေ့ မရှိပါဘူး။ သူတို့ဖြစ်ချင်တာကိုပဲ ဇွတ်လုပ်လေ့ ရှိပါတယ်။ ဘယ်ဘုရင်ခေတ်က ဘယ်ဘုရားကို ဘယ်လောက် ကြီးအောင်၊ ဘယ်နိုင်ငံကို သိမ်းပိုက်ပြီး ဘယ်လောက်တန်ခိုးထွားအောင် လုပ်နိုင်ပုံကို စိတ်ဝင်စားလေ့ ရှိပါတယ်။ သူ့ဘုရားထက် ကိုယ့်ဘုရားက သာအောင် တည်ရတယ်။ တစ်ခါတလေ ပြည်သူတွေ မတတ်သာလွန်းလို့ ဒီဘုရားပြီးရင် ဒီမင်းကျမယ်လို့ တဘောင်လွှတ်မှ နောက်ဆုတ်ကြတဲ့ မင်းတွေ ရှိပါတယ်။ မှူးကြီးက သူ့နေပြည်တော်မှာ ဥပါတသန္တိစေတီတော်ကို တည်တုန်း ဘုရားထီးတော်တင်ရင် မှူးကြီးသက်တော် ကုန်မယ်လို့ ခြောက်တာတောင် မကြောက်ခဲ့တဲ့သူပါ။
အခုလည်း ဘယ်သူပဲ ခြောက်ခြောက် မှူးကြီး မကြောက်ပါဘူး။ ကုလသမဂ္ဂပဋိညာဉ်စာချုပ်တို့၊ သုံးပွင့်ဆိုင်ဆွေးနွေးပွဲတို့၊ သပိတ်မှောက်ဆန္ဒပြတာတို့၊ ရွှေဂုံတိုင်ကြေညာစာတမ်းတို့၊ ပိတ်ဆို့မှုတို့ ဘာတစ်ခုမှ မှူးကြီး မကြောက်ပါဘူး။ မကြောက်လို့ပဲ သူ့ရွေးကောက်ပွဲဥပဒေကို ထုတ်ပြန်လိုက်ပြီ ဖြစ်တယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ မပါရင် နိုင်ငံတကာက ရွေးကောက်ပွဲကို အသိအမှတ်ပြုဖို့ ခက်ကြောင်းသိပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားခေါင်းဆောင်အချို့ ရွေးကောက်ပွဲဝင်လို့ မရအောင် စည်းခြားထားပြီ ဖြစ်တယ်။
ဂျပိုးကို လိပ်၊ လိပ်ကို ဂျပိုးဖြစ်အောင် မလိမ့်တပတ် မျက်လှည့်ပြတတ်တဲ့ မှူးကြီးက တပြည်ထောင်ရွေးကောက်ပွဲဥပဒေကို ပြည်ထောင်စုဥပဒေလို့ ပြောနေပြန်ပြီ။ မှူးကြီးက ပြည်ထောင်စုစိတ်ဓာတ်နဲ့ မျိုးချစ်စိတ်ဓာတ် မွေးကြဖို့ တိုင်းရင်းသားတွေကို တဖွဖွမှာရင်း တပြည်ထောင်စနစ်နဲ့ စစ်တပ်နိုင်ငံတော်ကို ထူထောင်ဖို့ ပြောင်ပြောင်တင်းတင်း ကြေညာလိုက်ပါပြီ။ နှစ်ပေါင်း (၂၀) ကျော် အတိတ်နိမိတ်တွေ ပြနေရက်သားနဲ့ မှူးကြီးဆိုတာ ဘာလဲလို့ နားမလည်ဘဲ ဒုံးဝေးချာနေတဲ့ ဒီမိုကရေစီဘက်တော်သားတွေနဲ့ တိုင်းရင်းသားတွေကို အရှင်းလင်းဆုံး ကိုယ်ထင်ပြလိုက်တာပါပဲ။
အချို့က မှူးကြီးဆိုတာ ဂျိုးနဲ့ပါလားလို့ အစောကြီးကတည်းက သိကြပါသတဲ့။ ဒါပေမယ့် တစ္ဆေကြောက်တတ်တဲ့သူမို့ ညောင်နှစ်ပင်နားကို မျက်စိမှိတ်ပြီး ဖြတ်သွားရင် အဆင်များ ပြေမလားလို့ပါတဲ့။ သွားစရာလမ်းက ဒါပဲရှိတော့ တစ္ဆေသနားမှ ချစ်သူအပါးကို သွားနိုင်မှာမို့ တစ္ဆေကလည်း တစ်ခါတလေ စိတ်ကောင်းဝင်တတ်ပါတယ်လို့ မသိစိတ်ကို ရဲဆေးတင်ပြီး လာခဲ့ပါတယ်။ အခုကျတော့ ညောင်နှစ်ပင်တစ္ဆေက အားနွဲ့သူပါဆိုမှ မသနား ရွေးကောက်ပွဲဥပဒေနဲ့ မျှားပြီး အသေအချာ ကိုင်နေပြီပေါ့။
အာဆီယံအထွေထွေအတွင်းရေးမှူး ဆူရင်ပစ်ဆူးဝမ်း က ဘာပဲဖြစ်ဖြစ် ရွေးကောက်ပွဲက အစတစ်ခုပါတဲ့။ သံတမန်စကားအရ သူပြောတာပါ။ မြန်မာပြည်မှာ ဘာမှမရှိတာနဲ့စာရင် တစ်ခုခုဖြစ်ရင် မဆိုးပါဘူးဆိုတဲ့ သဘောပါ။ သံတမန်အရေခြုံကို ခွာပြီး ပြောရရင် အတိုက်အခံတွေနဲ့ တိုင်းရင်းသားတွေ ဘာမှမတတ်သာတော့ပါဘူး။ ဒီစစ်အစိုးရကို မဖြိုနိုင်မယ့်အတူတူ ညောင်နှစ်ပင်ဇာတ်လမ်းအတိုင်း ကပြအသုံးတော်ခံသွားဖို့က အဆင်ပြေဆုံး၊ ခင်ဗျားတို့ အားမတန်ရင် မာန်ကို လျှော့လိုက်ကြပါတော့လို့ ပြောချင်တာ ဖြစ်တယ်။
ဆူရင်ပစ်ဆူးဝမ်း ရုံတင် ဘယ်ဟုတ်မလဲ။ ပြည်တွင်းက နိုင်ငံရေးသမားအချို့လည်း ဒီလေသံအတိုင်း ပြောနေကြတာပဲ။ မြန်မာပြည်မှာ အခြေခံဥပဒေမရှိတာနဲ့စာရင် ဒီအခြေခံဥပဒေနဲ့ သွားပြီး နအဖကို ပူးသတ်မှသာ စစ်မှန်တဲ့ ချဉ်းကပ်မှု ဖြစ်တယ်လို့ ယူဆကြတယ်။ ဦးသုဝေတို့ အဖွဲ့က ပြောသေးတယ်။ ဒီရွေးကောက်ပွဲနဲ့ စစ်အစိုးရက မသိမသာ နောက်ဆုတ်နေတာပါတဲ့။ နောက်ဆုတ်တာလား၊ ရှေ့တိုးနေတာလား သိဖို့ မခက်ပါဘူး။ မှူးကြီးကို လေ့လာကြည့်ပါ။ လွယ်လွယ်ကလေးနဲ့ သိနိုင်ပါတယ်။
(၁) ဒီမိုကရေစီဆိုတာ လူတန်စားအားလုံး ပါဖို့ လိုတယ်လို့ ဆိုပါတယ်။ ဒီမိုကရေစီစံကို သတ်မှတ်တဲ့နေရာမှာ ဒီအချက်က သိပ်ကို အရေးကြီးတယ်။ ဒီစံနှုန်းကို မှူးကြီးက တန်ဖိုးမထားပါ။ သိလည်း သိပုံမရပါဘူး။
(၂) တိုင်းရင်းသားတို့ရဲ့ဒေသထဲကို ဝင်ပြီး စစ်ပြင်နေတယ်။ တိုင်းရင်းသားတွေကို တစ်နည်းတဖုံ ဖြိုဖို့ အကွက်ဆင်နေတယ်ဆိုတာ သံသယရှိစရာ မလိုပါ။
(၃) ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက နအဖရဲ့သတ်ကွင်း ဖြစ်တယ်။ ပုဒ်မတိုင်းမှာ သေနတ်မောင်းတံ တပ်ထားလို့ ယမ်းနံ့စော်နေတယ်။
စစ်တပ်သဘောကို သိရင် မှူးကြီးက နောက်ဆုတ်နေတယ်လို့ ဘယ်သူမှ ပြောမှာ မဟုတ်တော့ဘူး။ အတိုက်ထုတ် မခံရရင် သူတို့ရထားတဲ့နယ်မြေ တစ်လက်မမှ ပြန်မပေးဘူးဆိုတာ စစ်သားတို့ရဲ့ ဉာဉ်ပဲ။ တက်လာမယ့်အစိုးရမှာ တပ်မတော်ဦးစီးချုပ်က ရွေးချယ်စေလွှတ်တဲ့ တပ်မတော်သား ကိုယ်စားလှယ် (၂၅) ရာခိုင်နှုန်း ပါရမယ်တဲ့။ ဆုတ်မယ့်တပ်က ရှေ့တန်းက နယ်မြေ (၂၅) ရာခိုင်းနှုန်းကို အပိုင်တပ်စွဲထားဖို့ မလိုပါ။
မှူးကြီးက ပြည်ထောင်စုကြီးကို တစ်ပြည်ထောင်ကြီး ဖြစ်အောင် လုပ်မယ်လို့ ကြိတ်ကြံနေသူ ဖြစ်တယ်။ ကျန်စစ်သားရူး ရူးခဲ့တဲ့ ကြောင်စစ်သားစောမောင်ထက် အများကြီး ဆိုးသူပါ။ ဆင်ဖြူရှင်ရူး ရူးတဲ့မှူးကြီးက ဘုန်းကြီးတွေ သတ်ပြနေတာတောင် ထိုင်းအချို့က ဗုဒ္ဓဘာသာကို လုံးဝကိုင်းရှိုင်းတဲ့ နအဖဖြစ်ကြောင်း ဝိုင်းပြီး ထောက်ခံပေးကြသတဲ့။ ဒါဆိုရင်လည်း ပဲခူးကို ဖျက်ပြီး မွန်ဘုန်းကြီးတွေကို သတ်တဲ့ အလောင်းဘုရား၊ အယုဒ္ဓယကို ဖြိုချပြီး ထိုင်းဘုန်းကြီးတွေကို သတ်ခဲ့တဲ့ မြေဒူးမင်း (ဆင်ဖြူရှင်) တို့ကို သာသနာပြုမင်းများ ဖြစ်ကြပါပေတယ်လို့ မြန်မာ့သမိုင်းမှာ ရေးထားတာတွေ မမှားဘူးပေါ့။ အလောင်းဘုရားနဲ့ ဆင်ဖြူရှင်နောက် တကောက်ကောက်ပါအောင် လိုက်နာဆည်းကပ်နေကြောင်း ထင်ရှားစေဖို့ မှူးကြီးက ဒီလောက်လုပ်ပြနေတာတောင်မှ အမြင်မှောက်မှားနေသေးတဲ့ ဆူရင်ပစ်ဆူးဝမ်း ရေ…မြန်မာနိုင်ငံရွေးကောက်ပွဲ ပြီးတာနဲ့ ဘန်ကောက်ကို ဖြိုဖို့ နောက်ထပ်ဆင်ဖြူရှင် မှူးကြီးမင်းတစ်ပါး အလိုရှိပါသလားလို့ မေးလိုက်ချင်ပါရဲ့။
Monday, April 5, 2010
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment