Sunday, April 4, 2010

အိမ်ခွန်မပေးနိုင်သူ ရွာခံများကို ဥပဒေရုံးသို့ ခေါ်ဆောင်ခံရ

မိယဉ်မွန်၊ မိလရီထော

မွန်ပြည်နယ်၊ မုဒုံမြို့နယ်အတွင်းတွင် အိမ်ခွန်များကောက်ခံနေပြီး၊ ထိုအခွန်မပေးနိုင်သူ နှီးပဒေါရွာသား အယောက် (၁၀၀) နီးပါးခန့်ကို မတ်လ ၃၁ ရက်နေ့ နံနက်ပိုင်းက မုဒုံမြို့နယ်ရှိ ဥပဒေရုံးသို့ ခေါ်ဆောင်သွားခဲ့သည်။

“ပထမနေ့ခေါ်တော့ ဘာမှမပြောလိုက်ရဘူး၊ နောက်နေ့လာခဲ့ဆိုပြီး မနေ့က သွားရပြန်တယ်၊ သူတို့ပြောတာက အခုကောက်တဲ့ပိုက်ဆံကို မပေးနိုင်ရင် အချုပ်ခန်းထဲထည့်လိုက်မယ်တဲ့ အဲဒီလိုပဲ ပြောခဲ့တယ်” ဟု နှစ်ရက်ဆက်တိုက် မုဒုံဥပဒေရုံးသို့ သွားခဲ့ရသူတစ်ဦးက ပြောသည်။

အိမ်ခွန်များကို ၆ လ အတွင်း ၃ ကြိမ်ဆက်တိုက်ကောက်ခံခဲ့သည်။ ၃ ကြိမ်မြောက် ကောက်ခံရာ မပေးဆောင်နိုင်သူများကို မုဒုံမြို့ရှိ ဥပဒေရုံးသို့ ခေါ်ဆောင်မည်ဖြစ်ကြောင်း စည်ပင်သာယာရေးဌာနမှ ငွေကြေးလိုက်လံကောက်ခံ နေသူတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ နှီးပဒေါရွာခံတစ်ဦးက ပြောသည်။

ထိုသို့ရွာသားများ ဥပဒေရုံးသို့ ခေါ်ဆောင်သွားပြီး ယခုကောက်ခံသည့်အိမ်ခွန်ကို ပေးရန်ပြောကြားသည်။ ရွာခံများကလည်း မလွှဲရှောင်သာပေးရမည်ဖြစ်သည့်အတွက် လက်ရှိကောက်ခံသည့်နှုန်းထားထက် လျှော့ပေးရန်တောင်းခံခဲ့သည်။ ထိုကြောင့် ယခင်က တစ်အိမ် ၄ သိန်းကို ၃ သိန်းငါးသောင်းသို့လျှော့ချပေးကြောင်း ၄င်းက ပြောသည်။

“အိမ်အရွယ်အစားမရွေးဘူး၊ တစ်အိမ်ကို ၄သိန်း ပေးရမယ်လို့ ရွာက စည်ပင်တွေလာကောက်နေတယ်၊ ဒီလိုအိမ်ခွန်ကောက်တာ တစ်ခါမှမဖြစ်ဖူးဘူး၊ ပြီးခဲ့တဲ့ စက်တင်ဘာလကနေ စပြီးကောက်တာ အခုချိန်အထိပဲ၊ နောက်ဆုံးကောက်တာမပေးနိုင်လို့ ဥပဒေရုံးကိုခေါ်သွားတယ်” ဟု ထိုအခက်အခဲနှင့် ရင်ဆိုင်ကြုံတွေ့နေသူတစ်ဦးက ပြောသည်။

မုဒုံမြို့နယ်အတွင်းရှိ ညောင်ကုန်ကျေးရွာတွင်လည်း အသစ်ဆောက်ထားသော တိုက်အိမ်များကို မြို့နယ်စည်ပင်မှ စာရင်းကောက်ယူပြီး၊ တစ်နှစ်တစ်ခါ စည်ပင်ဌာနသို့ ငွေကျပ် (၂၅၀၀) ပေးဆောင်နေရသည်ဟု ညောင်ကုန်ရွာခံတစ်ဦးက ပြောသည်။

အကောက်ခွန်ဥပဒေများထဲတွင် အိမ်ခွန်များကို အိမ်စတင်ဆောက်လုပ်သည်မှ ၁၄ နှစ်အထိ အခွန်ဆောင်ရပြီး ၁၄ နှစ်ကြာပြီးနောက်ပိုင်း ဌာနမှ အခွန်ကောက်ပိုင်ခွင့်မရှိဟု အကောက်ခွန်ဌာနနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

မွန်ပြည်နယ်၊ မုဒုံမြို့နယ်အတွင်းရှိ ကျေးရွာများတွင်လည်း အသစ်ဆောက်ထားသော အိမ်များကို အိမ်အရွယ်အစားပေါ်မူတည်ပြီး ငွေကျပ် (၅-၆) သိန်းနှုန်းဖြင့် ပေးဆောင်နေရကြောင်းသိရပါသည်။

ယင်းငွေများကို အရစ်ကျ ပေးဆောင်နေရပြီး တစ်ခါပေးလျှင် ၅ သောင်းမှ ၁ သိန်းအထိ ပေးဆောင်နေရကြောင်း မုဒုံမြို့ခံတစ်ဦးက ပြောသည်။

အမြတ်တော်ခွန်ပေးဆောင်နေရသည်မှာ တစ်နှစ်ကျော်ကြာပြီး ကာလတန်းဖိုး၏ ပေါက်ဈေးဖြင့် ကျပ်ငွေ ၃၀၀၀ လျှင် စည်ပင်သို့ ၁၅၀၀ အခွန်ပေးဆောင်နေရသည်။ တိုက်အိမ်ရော သစ်အိမ်ရော ပေးဆောင်နေရပြီး၊ ပျဉ်းကတိုးသစ်နဲ့ ဆောက်ထားတဲ့ အိမ်ဆိုလျှင် သိန်းချီပေးဆောင်ရကာ ရိုးရိုးသစ်နှင့်ဆောက်ထားသည့် အိမ်လျှင် သောင်နှင့်ချီပေးဆောင်ရကြောင်း မုဒုံမြို့နယ်ရှိ အမျိုးသားတစ်ဦးက ပြောသည်။

၂၀၀၈ ခုနှစ်က အိမ်ဆောက်ထားသူတစ်ဦးက ခြံ၊ လယ်မြေ သို့မဟုတ် ပစ္စည်းတခုခုရောင်းပြီးမှ အိမ်ဆောက်ပါက ကုန်ကျငွေ၏ ၁၀ ရာခိုင်နှုန်းကို စည်ပင်သို့ ပေးဆောင်ရသည်။ မည်သည့်ပိုင်ဆိုင်မှုကိုမှ မရောင်းဘဲ အိမ်ဆောက်လုပ်ခြင်းဖြင့် ထိုကုန်ကျစရိတ်အတွက်၏ ပိုင်ဆိုင်မှုကို မရှင်းပြနိုင်ပါက ၅၀ ရာခိုင်နှုန်းထိ စည်ပင်ဌာနသို့ ပေးဆောင်ရမည်။

0 comments:

Post a Comment