Sunday, April 4, 2010

စပါးဈေးများ တရွေ့ရွေ့တက်နေဆဲ

မိလရီထော

မွန်ပြည်နယ်အတွင်း လက်ရှိအခြေအနေအရ စပါးဈေးအဆမတန်မြင့်တက်နေပြီး ဆက်လက်မြင့်တက်ရန်လည်းရှိသည်ဟု ဒေသခံတို့က ပြောသည်။

“စပါးဈေးကတော့ ပြောမနေပါနဲ့၊ ဒီလိုတက်တာ တခါမှမတွေ့ဖူးဘူး၊ စပါးအရောင်းအဝယ်လုပ်နေတဲ့ပွဲစာတွေပြောတာက ဒီ့ထက်တက်အုံးမယ်တဲ့ ဒီနှစ်က စပါးအထွက်ကလည်းနည်းတာနဲ့ နောက်ထပ်ဘယ်လောက်တက်အုံးမလဲမသိတော့ပါဘူး” ဟု မုဒုံမြို့ခံတစ်ဦးက ပြောသည်။

လက်ရှိစပါးဈေးမှာ ယခင်က ကောက်ကြီးစပါးတင်းတစ်ရာလျှင် (၅) သိန်းကျော်သာရှိသည်ကို ယခု (၇) ကျော်အထိမြင့်တက်သွားသည်။

ပြီးခဲ့သည့် စပါးမရိတ်သိမ်းခင်ကာလမှာ လယ်ခင်းတော်တော်များများ ပိုးထိထားခြင်းကြောင့် စပါးရိတ်သိမ်းချိန်မှာ စပါးအထွက် ထက်ဝက်ကျော်လျော့နည်းခြင်းကြောင့် ယခုလို စပါးဈေးအဆမတန်မြင့်တက်နေရခြင်းဖြစ်သည်။

“တချို့လယ်တွေမှာ တဝက်ကျော်အထွက်လျော့တယ်၊ တချို့ဆို အကုန်နီးပါးထိတယ်၊ တချို့ဆိုရင်လည်း သုံးပုံတစ်ပုံလောက်ပဲကျန်တယ်၊ ရောင်းဖို့မပြောနဲ့ စားဖို့တောင်မလောက်မငှပဲ” ဟု လယ်သမားတစ်ဦးက ပြောသည်။
ထိုကဲ့သို့ စပါးအထွက်လျော့နည်းပြီး၊ စပါးသိုလှောင်ရန် လိုက်လံဝယ်ယူနေကြသည့် စပါးကုန်သည်တို့ကြောင့် စပါးဈေးလည်း တရွေ့ရွေ့မြင့်တက်နေသည်။ ထိုထက်မြင့်တက်ရန်လည်းရှိသည်ဟု စပါးကုန်သည်တို့က ပြောသည်။

“ဆန်ဈေးတွေလည်း တက်နေတယ်၊ ကောက်ကြီးတစ်အိတ်ကို အခုဆို ၃ သောင်းကျော်သွားပြီး၊ မိုးတွင်းရောက်ရင် ဘယ်လောက်ထိထပ်တက်အုံးမလဲတော့မသိဘူး၊ ဘာပဲဖြစ်ဖြစ်ပေါ့ မိုးတွင်းမှာစားဖို့တော့ နည်းနည်းလှောင်ထားရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ထိုသို့ စပါးအထွက်နည်းပြီး စပါးဈေးလည်း အဆမတန်မြင့်တက်နေခြင်းကြောင့် စပါးကုန်သည်တချို့တို့က ပဲခူးဘက်မှ စပါးများကို ဝယ်ယူပြီး စပါးအထွက်နည်းသည့် မုဒုံ၊ သံဖြူဇရပ်၊ ရေးအစရှိသည့်မြို့နယ်သို့ အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်သည်တစ်ဦးက ပြောသည်။

“ကျမတို့ရွာမှာ လွန်ခဲ့တဲ့တစ်လလောက်မှာတော့ စပါးတစ်တင်းကို (၄၃၀၀) ကျပ်နှုန်းပဲ၊ ဒါပေမယ့် အခုတော့ (၅၆၀၀) ကျပ်ထိတက်သွားတယ်၊ လယ်မရှိတဲ့လူတွေတော့ ခက်ရပြီးပေါ့” ဟု လမိုင်းမြို့ဒေသခံတစ်ဦးက ပြောသည်။

ယခုနှစ်အတွင်း စပါးပိုးထိပြီး စပါးအထွက်နည်းခြင်းကြောင့် လယ်သမားအများစုတို့ကလည်း စပါးထုတ်ရောင်းချခြင်းမရှိပဲ စားဖို့အတွက်သာ သိုလှောင်ထားကြကြောင်း လယ်သမားတို့က ပြောသည်။

ယခုလို စပါးဈေးများအဆမတန် တရွေ့ရွေ့တက်လာနေခြင်းကြောင့် တစ်နေ့လုပ် တစ်နေ့စား လုပ်ကိုင်စားသောက်နေရသူများအတွက် စားဝတ်နေရေးအခက်အခဲဖြစ်နေကြရပြီး၊ တောင်သူလယ်သမားများအတွက်လည်း လာမည့်နှစ်အတွက် လုပ်ငန်းသစ်စတင်ရန် အခက်အခဲမျိုးစုံနှင့် ကြုံတွေ့နေကြသည်။

ပြီးခဲ့သည့် စပါးရိတ်သိမ်းခါနီးအချိန်မှာ မွန်ပြည်နယ်အတွင်းရှိ မုဒုံမြို့နယ်၊ သံဖြူဇရပ်မြို့အပါအဝင် တချို့သောမြို့နယ်များမှ စပါးခင်းများ ပိုးထိပြီး ဆိုးရွားစွာ ပျက်စီးခဲ့ရသည်။

0 comments:

Post a Comment