Tuesday, May 18, 2010

ရေတွင်း ရေကန် ခမ်းခြောက်မှုပြဿနာ ကဒ်ဘေးအသွင်ဆောင်လာ

ကွန်းချမ်း
မေ ၁၇၊ ၂၀၁၀


ခါတိုင်းနှစ်ထက် မုတ်သုံလေအ၀င်နောက်ကျသည့်အပြင် ရာသီဥတုအလွန်ပူပြင်းမှုတို့ကြောင့် မြန်မာပြည်အနှံ့ ရေတွင်းရေကန်မှ ရေခမ်းခြောက်မှုဖြစ်ပွားပြီး ပြည်သူများ ရေပြဿနာနှင့် ရင်ဆိုင်နေရကာ ထိုကဲ့သို့ကာလအတန်ကြာလာသည့်အတွက် ကဒ်ဘေးအသွင်ဆောင်လာပြီး ဖြစ်သည်။

မြန်မာ့မိုးလေ၀သ ခန့်မှန်းချက်များအရ ယခုနှစ် အယ်နီညိုကာလဟာ မေလကုန်ပိုင်းအထိ ဆက်လက်ကြာမြင့်နေမှာဖြစ်သည့်အတွက် ရာသီဥတုပူပြင်းမှု၊ မိုးနည်းမှုများ ဆက်လက်ဖြစ်ပေါ်နိုင်ကြောင်း ခန့်မှန်းထားသည်။ ဘင်္ဂလားပင်လယ်အော် လေထုလှုပ်ရှားမှုတွေ စတင်နေပေမယ့် ယခုလ နောက်ဆုံးအပတ်လောက်မှ မုတ်သုံလေ ၀င်ရောက်မှာဖြစ်ကြောင်း မြန်မာနိုင်ငံ မိုးလေ၀သ သတင်းဌာနမှ သတင်းထုတ်ပြန်ထားသည်။

လယ်ယာစိုက်ပျိုးရေး ကိုအခြေခံသည့် မြန်မာနိုင်ငံမှာ ပုံမှန်စိုက်ပျိုးထွန်ယက်သည့် ရာသီကာလ ရောက်လာပေမယ့် အပူလွန်ကဲနေမှုနှင့် လယ်ကွင်းပြင်ရှိ ရေကန်များ ရေခမ်းခြောက်မှုတို့ကြောင့် စတင်နေကြ လုပ်ငန်းများ မစတင်နိုင်သေးကြောင်း သိရသည်။


“အားလုံးက မိုးကိုမျှော်နေကြတယ်၊ အကုန်လုံးက သောက်ရေ သုံးရေအတွက် အခက်အခဲတွေ့နေရတယ်။ ကျနော်တို့မှာ နောက်တပတ်လောက်သာ မိုးမရွာရင် ရေကန်မှာ ရေလုံးဝ ရှိတော့မှာမဟုတ်ဘူး။ အိမ်ပြန်နေရတော့မယ် အခုလယ်တောမှာက လူအတွက်ကော၊ နွားအတွက်ကော ရေက အဓိကပြဿနာဖြစ်လာနေတယ်။ လယ်မှာဆို ရေမရှိလို့ ငါးတွေ သေနေတာတွေလည်းရှိတယ်” ဟု မုဒုံမြို့နယ် ကမာဝက်ကျေးရွာမှ လယ်သမားတစ်ဦးက ပြောသည်။

သောက်သုံးရေပြတ်လပ်မှုဟာ ရောဂါကူးစက်မှုတွေကိုလည်း တိုးပွားစေသည့်အတွက် သေဆုံးမှုတွေလည်း ရှိလာနိုင်သည်။ အနယ်နယ်အရပ်ရပ်မှာလည်း အပူရှပ်သေဆုံးမှု၊ ၀မ်းပျက်ဝမ်းလျှောကြောင့် သေဆုံးမှုများရှိနေသည်။

“တောင်ပေါ်ကျောင်းတွေမှာ သီတင်းသုံးနေထိုင်နေတဲ့ သံဃာတော်တွေ သောက်ရေ သုံးရေ ရှားပါးတဲ့အခါ လူတွေလိုမျိုး လိုက်လံသယ်ရဖို့ မဖြစ်နိုင်တဲ့အတွက် ဒကာတွေ လာရောက်လှူဒါန်းတာတွေကိုပဲ အားထားနေရပါတယ်။ အခုနောက်ပိုင်း ဒကာတွေကိုယ်တိုင်က ရေပေးဝေလှူဒါန်းတဲ့ ကားတွေကိုပဲ စောင့်မျှော်လာရတဲ့အထိ ဖြစ်လာနေပြီ” ဟု ချောင်းဆုံမြို့နယ်၊ ကမာမိုးကျေးရွာမှ ရွာခံတစ်ဦးက ပြောသည်။

ရေလှောင်တမံ၊ ဆည်အနီး နေထိုင်သူတို့ကလွဲပြီး လူအများ ရေပြတ်လပ်မှုပြဿနာ အရေးပေါ်ဖြေရှင်းရမည့် အနေအထားမှာရှိနေသည့်အတွက် စေတနာရှင်များ၊ အစိုးရမဟုတ်သည့် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ကျေးရွာ ရပ်ကွက် လူ့အဖွဲ့အစည်းတို့မှ သောက်သုံးရေ ရရှိရေးအတွက် အားကြိုး မာန်တက် လုပ်ဆောင်နေကြသည်။

လက်ရှိအချိန် ရေပြတ်လပ်မှုမှာ မြန်မာနိုင်ငံ အထက်မြန်မာပြည်၊ မြစ်ဝကျွန်းပေါ်ဒေသနှင့် ကမ်းရိုးတန်းဒေသတွေမှာ ဆိုးဆိုးဝါးဝါးကြုံတွေ့နေရပြီး၊ လာရောက်လှူဒါန်းသည့် ရေကိုသာ အားကိုးနေရသည်။

မုတ်သုံလေအ၀င်နောက်ကျမှု၊ အပူချိန်လွန်ကဲမှုတွေဟာ သဘာဝအလျောက်သာဖြစ်ပြီး၊ ထိုအကျိုးဆက်ကြောင့် ရေပြတ်လတ်မှု ရေရှည်ဖြစ်ပေါ်လာခြင်းက ကဒ်ဘေးအသွင်ရောက်လုပြီ ဖြစ်သည်။

0 comments:

Post a Comment