Friday, May 21, 2010

ဆန်ဈေးနှုန်း နောက်ထပ်တက်ရန် အလားလာရှိဟု ဒေသခံတို့ပြော

မိကျလွန်းထော
Thu 20, May 2010

ယခုနှစ် စပါးပျိုးချိန်နောက်ကျခြင်းနှင့် ယမန်နှစ်က စပါးအထွက်လျော့နည်းခြင်းတို့ကြောင့် စပါးဈေးများ လက်ရှိဈေးထက် ပိုတက်လာဖွယ်ရှိကြောင်း တောင်သူလယ်သမားတို့က ပြောသည်။

“မနှစ်ကဆိုရင် လယ်သမားတိုင်းက စပါးအထွက်လျော့ကျတယ်၊ ဒီနှစ်လည်း ခုချိန်ထိ မိုးမရွာသေးဘူး၊ စိုက်ချိန်လည်း နောက်ကျတယ်၊ ရေကလည်း ရှားနေတယ်ဆိုတော့ ဘယ်လိုလာဦးမလဲတော့မသိဘူး ဆန်ဈေးကတော့ နေ့တိုင်းဆိုသလို တက်တက်လာနေတယ်” ဟု မုဒုံမြို့မှ လယ်သမားတစ်ဦးက ပြောသည်။

မေလ ပထမအပတ်စပြီး ဆန်ဈေး တစ်အိတ်လျှင် ၃၀၀၀ ကျပ် အထိတက်သွားသည်။ လက်ရှိပေါက်ဈေးအရ ဆန်မွှေးတစ်အိပ်လျှင် ၃ သောင်း ၁ ထောင်၊ ကောက်ကြီးဆန် တစ်အိပ်လျှင် ၂ သောင်း ၈ ထောင်ကျပ်နှင့် ဆန်ကြမ်း တစ်အိပ်မှာ ၂ သောင်း ၂ ထောင်ကျပ်အထိ တက်သွားသည်ဟု မော်လမြိုင်မှ ဘုရားသုံးဆူမြို့သို့ ဆန်တင်ပို့နေသည့် ကုန်သည်တစ်ဦးက ပြောသည်။

“မနှစ်က ဒီအချိန်ဆိုရင် ကောက်ကြီးဆန်တစ်အိပ်ကို ၁ သောင်း ၇ ထောင်ကျပ်ပဲရှိတယ်၊ အခု မိုးတောင်မကျသေးဘူး ဒီလောက်ထိတက်သွားပြီးဆိုတော့ စပါးထွက်ချိန်ရောက်ဖို့ ဆိုရင် ဘယ်လောက်တက်ဦးမလဲတော့ မသိဘူး” ဟု ၄င်းကုန်သည်က ပြောသည်။

အပူဒဏ် ပြင်းထန်ခြင်းနှင့် ရေခန်းခြောက်ခြင်းတို့ကြောင့် ရာဘာစေး အထွက်နည်းသည့်အပြင် ဆန်ဈေးလည်း အဆမတန်တက်လာနေခြင်းကြောင့် ရာဘာခြံရှင်များနှင့် ရာဘာခြံလုပ်သားများ မိုးတွင်းချိန် စားဝတ်နေရေးအတွက် ပူပန်နေရသည်ဟု မုဒုံမြို့နယ်အတွင်းရှိ ရာဘာခြံပိုင်ရှင်တို့က ပြောသည်။

“ပူလို့ ရာဘာအစေးလည်းသိပ်မထွက် ဈေးလည်မကောင်း၊ ဆန်ဈေးပဲ ဆက်တိုက်တက်နေတယ်၊ မိုးတွင်းလည်းရောက်လာတော့မယ်ဆိုတော့ ဆန်ဈေး ဒီ့ထက်ပိုတက်မှာတော့ သေချာပါတယ်” ဟု ၄င်းက ပြောသည်။

ယမန်နှစ်က မွန်ပြည်နယ်အတွင်း ရေကြီးခြင်း၊ စပါးခင်းများ ပိုးကိုက်ဖျတ်စီးမှုရှိခြင်းကြောင့် စပါးအထွက်နှုန်းနည်းရခြင်းဖြစ်သည်ဟု အထက်ပါ လယ်ပိုင်ရှင်က ပြောသည်။

“လယ် ၃၀ ဧကမှာ စပါးတင်း ၅၀၀ ပဲထွက်တယ်၊ ပုံမှန်အရဆိုရင် တင်း ၁၄၀၀ ထွက်ရမယ်၊ ကျမတို့လယ်မှာပဲ မဟုတ်ဘူး၊ လယ်တော်တော်များများက စပါးအထွက်နည်းကြတယ်၊ ဒါကြောင့် ဆန်ဈေးတွေ တအားခုန်တက်သွားတာပေါ့” ဟု ၄င်းက ပြောသည်။

ယမန်နှစ်က မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အများစုမှာ စပါးမရိတ်သိမ်းခင်အချိန်က စပါးခင်းအများအပြား ပိုးထိထားခြင်းကြောင့် စပါးအထွက်နှုန်း ထက်ဝက်ကျော် လျော့ကျသွားခြင်းကြောင့် ယခုလို စပါးဈေး အဆမတန်တက်နေခြင်းဖြစ်သည်။ အထူးသဖြင့် မုဒုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ်နှင့် ရေးမြို့နယ်တို့တွင် စပါးအထွက်နှုန်း အနည်းဆုံးဖြစ်သည်။

၎င်းတို့သာမက ကရင်ပြည်နယ်နှင့် ဧရာဝတီတိုင်း အစရှိသည့်ဒေသတို့မှာ မိုးတွင်းစပါးစိုက်ပျိုးချိန်အတွင်းတွင် စပါးပင်များကြွက်ကိုက် ခံရခြင်း၊ ရေကြီးဒဏ်၊ ပိုးကျသည့်ဒဏ် ခံရခြင်းတို့ကြောင့် စပါးအထွက်လျှော့ကျရာမှ ယခုကဲ့သို့ စပါးဈေးများ ထိုးတက်လာသည်ဟု သိရသည်။

1 comments:

Unknown said...

Good this new is need for all.
Your post is very important for all people . You will keep a thinking .
That it need for your website future .

Post a Comment