Thursday, August 5, 2010

ခလရ (၃၂) ဘန်တောင်ယန်စခန်းအတွင်း ဝင်ရောက်လေ့လာ

July 30th, 2010

လွတ်လပ်သောမွန်သတင်းအေဂျင်စီ။ ။ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူဒေသတွင် အခြေချသည့် ရှေ့တန်းတပ်ရင်း ခလရ (၃၂) မှ တပ်သား (၄) ဦး လွန်ခဲ့သည့် (၂) ရက်က ဘန်တောင်ယန်ဒုက္ခသည်စခန်းအတွင်း ဝင်ရောက်လေ့လာသွားကြောင်း စခန်းတာဝန်ရှိသူများနှင့် နီးစပ်သူများက ပြောသည်။

ဒု ဗိုလ်တစ်ဦးအပါအဝင် အထက်ပါတပ်သား (၄) ဦးမှာ ဘုရားသုံးဆူမြို့ အနောက်တောင်ဘက် ဘုရင့်နောင်ကုန်းမှတဆင့် တောတောင်ထူထပ်သည့် ထိုင်းနိုင်ငံ ဗလဲ့ဟနွတ်လမ်းမှ ဝင်ရောက်လာခြင်း ဖြစ်ပြီး ၎င်းတို့အား စခန်းအတွင်းရှိ ဒုက္ခသည်အဖြစ် လျှောက်ထားသူ တပ်ထွက် (၂) ဦးမှ ခေါ်ဆောင်လာခြင်း ဖြစ်ကြောင်း နီးစပ်သူတစ်ဦးက ပြောသည်။

“စခန်းမှာ သုံးရက် နားမယ်လို့ ဧည့်စာရင်း တိုင်ထားတယ်၊ ဒါပေမယ့် စခန်းလုံခြုံရေး တာဝန်ရှိသူတွေက သတင်းကြားလို့ သူတို့ရောက်တဲ့ညမှာပဲ တစ်ညလုံး ကင်းလှည့်ပြီး စောင့်ကြည့်နေတယ်၊ ဒါကို သူတို့လည်း ရိပ်မိပြီး ပေါ်သွားမှာ စိုးလို့ မနက်ပိုင်းမှာ ပြန်ထွက်သွားတယ်” ဟု စခန်းတာဝန်ရှိသူများနှင့် နီးစပ်သူ ကိုသီဟ က ပြောသည်။

“အဓိက ဒီစခန်းကို သူတို့လာတာဟာ နယ်မြေကို လေ့လာချင်တာပါ၊ အဓိကက မွန်ပြည်သစ်ပါတီနယ်မြေနဲ့ နယ်စပ်အခြေအနေကို လေ့လာတာပါ” ဟု ကိုသီဟ ဆက်ပြောသည်။

ယမန်နေ့တွင် ၎င်းတို့ (၄) ဦး စခန်းမှတဆင့် မွန်ပြည်သစ်ပါတီနယ်မြေ ဟလောက်ဟနီလမ်းအတိုင်း ဘုရားသုံးဆူသို့ ပြန်သွားကြသည်ဟု ကိုသီဟ က ပြောသည်။ သို့သော် ဗလဲ့ဒွန်းဖိုက်ရှိ မွန်ပြည်သစ်ပါတီ တပ်ရင်းအမှတ် (၅) မှ တာဝန်ရှိသူတစ်ဦးက အထက်ပါ အဆိုကို ငြင်းဆိုခဲ့သည်။

“ကျနော်တို့လည်း ဒီသတင်းကို ကြားပါတယ်၊ ဗလဲ့ဟနွတ်လမ်းက လာတာပါ၊ ပြန်ထွက်သွားတာလည်း အဲဒီလမ်းပါပဲ၊ ကျနော်တို့နယ်မြေဘက်က ဖြတ်ပြီး ပြန်သွားတာ လုံးဝ မဖြစ်နိုင်ဘူး” ဟု သူက ပြောသည်။

ခလရ (၃၂) နှင့် နီးစပ်သည့် ဘုရားသုံးဆူမြို့ရှိ စရဖတစ်ဦးကလည်း ၎င်းတပ်မှ တပ်သား (၄) ဦး ဘန်တောင်ယန်စခန်းသို့ သွားရောက်ခဲ့သည်မှာ မဟုတ်မှန်ကြောင်း ငြင်းဆိုသည်။

အထက်ပါတပ်သားများအား ခေါ်ဆောင်လာသူ (၂) ဦးကို စခန်းတာဝန်ရှိသူများက ဆက်လက်မေးမြန်းစစ်ဆေးနေဆဲ ဖြစ်သည်။

ဘန်တောင်ယန် ဒုက္ခသည်စခန်းသည် ထိုင်း-မြန်မာ နယ်စပ်တလျောက်ရှိ ဒုက္ခသည်စခန်း ၉ ခုအနက် တစ်ခုအပါအဝင် ဖြစ်ပြီး ထိုင်းနိုင်ငံ ကန်ချနပူရီခရိုင် စံခလပူရီမြို့နယ် ထိုင်းဘုရင်မ၏ ဘေးမဲ့သစ်တောအတွင်း တည်ရှိသည်။ စံခလပူရီမြို့နှင့် (၃၁) ကီလိုမီတာ ကွာဝေးပြီး ဘုရားသုံးဆူမြို့နှင့် တောလမ်းအတိုင်း (၁၀) ကီလိုမီတာခန့် ကွာဝေးသည်။

ထိုင်း-မြန်မာနယ်စပ်တလျှောက် ကူညီစောင့်ရှောက်ရေး ညွန့်ပေါင်းအဖွဲ့ TBBC ၏ (၂၀၀၈) ခုနှစ် ထုတ်ပြန်ချက်အရ ဘန်တောင်ယန်စခန်းအတွင်း လူဦးရေ ၄၃၆၂ ဦး ရှိပြီး ကရင်လူမျိုး အများစုနှင့် ထားဝယ်၊ မွန်စသောလူမျိုးများ နေထိုင်ကြသည်။

0 comments:

Post a Comment