Thursday, July 29, 2010

အလုပ်သမားများကြား HIV/AIDS ကူးစက်နှုန်း ၃ ရာခိုင်နှုန်းရှိဟု Pattanarak ပြော

July 29th, 2010

မင်းတော်လဝီ ။ ။ပြောင်းရွေ့အလုပ်သမားများ အလုပ်လုပ်သည့် ထိုင်းနိုင်ငံ ကန်ချနပူရီခရိုင်ရှိ VITA FOOD ဗီတာသစ်သီးစုံစက်ရုံတွင် ရောဂါရှာဖွေစစ်ဆေးမှုအရ HIV/AIDS ဖြစ်ပွားမှုမှာ ၃ ရာခိုင်နှုန်းရှိသည်ဟု ပတ်ထနာရပ်ဖောင်ဒေရှင်း (Pattanarak Foundation) က ပြောသည်။

ပတ်ထနာရပ်ဖောင်ဒေရှင်းအဖွဲ့သည် ဇူလိုင်လ ၂၀ ရက်နေ့မှ ၂၆ ရက်နေ့အထိ ကန်ချနပူရီခရိုင် ထားမကာမြို့ (Tahmaka District) ရှိ VITA FOOD ဗီတာစက်ရုံမှာ အလုပ်လုပ်နေသော ရွေ့ပြောင်းအလုပ်သမားများကို ဆေးစစ်ခဲ့ရာ HIV ရောဂါဖြစ်ပွားမှု များနေသည်ဟု ပတ္ထနာရပ်မှ ကွင်းဆင်းစစ်ဆေးမှုအဖွဲ့တွင်ပါဝင်ခဲ့သူ စောအဘွယ်က ပြောသည်။

ရောဂါကူးစက်ပြန့်နှံ့မှုများရခြင်းမှာ ရွေ့ပြောင်းအလုပ်သမားတွေကြား HIV/AIDS နှင့်ပတ်သက်သည့် ဗဟုသုတနည်းပါးခြင်း၊ ပညာပေးမှုနည်းပါးခြင်း၊ လိင်အကြမ်းဖက်မှုများခြင်း၊ လိင်ဆက်ဆံမှုတွင် ကွန်ဒုံးအသုံးပြုခြင်းမရှိသည့်အတွက် ရောဂါကူးစက်ပြန့်နှံ့မှု များသည်ဟု ပတ်ထနာရပ်မှ ရောဂါစစ်ဆေးသူက ပြောသည်။

“VITA FOOD စက်ရုံများမှာ မြန်မာအလုပ်သမား ၁၅၀၀၀ လောက်ရှိတယ်၊ အလုပ်သမား (၈၁၀၀) က အလုပ်လုပ်ခွင့်လက်မှတ်ရှိတယ်၊ အခုလောလောဆယ် လူ ၃၀၀ ကို ဆေးစစ်ကြည့်တာ ရောဂါရှိသူ (ပေါ့စတစ်) က ၉ ယောက်တွေ့ရတော့ (၃) ရာခိုင်နှုန်းဖြစ်နေတယ်၊ ရောဂါဖြစ်ပွားမှုမြင့်နေတယ်” ဟု စောအဘွယ်က ပြောသည်။

ဆေးစစ်ခံသည့် အလုပ်သမား သုံးရာထဲတွင် HIV ပိုးကူးစက်ခံအဆင့် (နက်ကတစ်) ၁၀ ယောက်ကျော် ရှိနေကြောင်း ဆေးစစ်ရန်ကျန်ရှိသည့်အလုပ်သမားများကို ဆက်လက်ဆေးစစ်သွားဦးမည်ဟု စောအဘွယ်က ပြောပါသည်။ ယခုရောဂါဖြစ်နေသူ ၉ ဦးထဲတွင် အမျိုးသမီး ၅ ဦး ပါဝင်နေသည်။

“အလုပ်သမားများကို ဆေးစစ်ရဖို့ စက်ရုံက တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပြီးမှ ဆေးစစ်နိုင်တယ်၊ တချို့အလုပ်သမားတွေ ဆေးစစ်ရမှာကြောက်ပြီး ဆေးစစ်မခံတာလည်းရှိတယ်၊ ဒါပေမယ့် ဆေးမစစ်ရင် အလုပ်ထုတ်မယ်လို့ စက်ရုံတာဝန်ရှိသူကပြောမှ စစ်ကြတယ်” ဟု ပတ်ထနာရပ်ဖောင်ဒေရှင်းနှင့်အတူ လိုက်ပါဆောင်ရွက်နေသော Phamit 2 ပရိုဂရမ် (ရွေ့ပြောင်းအလုပ်သမားများအကြား HIV/AIDS တားဆီးကာကွယ်ရေး) အဖွဲ့ဝင် နော်ထူးက ပြောသည်။

ရောဂါကူးစက်ခံရသူတွေကို ဆေးကုသမှုခံယူနိုင်ရန် ARV ဆေး စားသုံးနိုင်ရန်အတွက် ပတ္ထနာရပ်အနေဖြင့် ထိုင်းနိုင်ငံ ကန်ချနပူရီကျန်းမာရေးအဖွဲ့ကိုလည်း ဆက်လက်တင်ပြပေးသွားမည်ဟု စောအဘွယ်က ပြောသည်။

“ဒါ့အပြင် ပတ္ထနာရပ်အဖွဲ့က HIV ရောဂါရှာဖွေကာကွယ်ရေးလုပ်ငန်းတွေကို ပထမဦးစားပေးအဖြစ် ဆောင်ရွက်နေသလိုပဲ ကာလသားရောဂါရှာဖွေကာကွယ်ရေးကိုလည်း ဒုတိယဦးစားပေးအဖြစ် ရှာဖွေဆေးစစ်မှုတွေ လုပ်ဆောင်ပေးနေတယ်” ဟု Phamit 2 ပရိုဂရမ်တာဝန်ခံက ပြောသည်။

ကန်ချနပူရီခရိုင်၊ အူပွန်ရပ်ဌာနီခရိုင် (Ubon Ratchantani) နှင့် ကာလာစီခရိုင် (Kalasin) တို့မှ ရွေ့ပြောင်းအလုပ်သမားများကို ဆေးစစ်မှုများပြုလုပ်ခဲ့ရာမှာ ကာလသားရောဂါ (ဆစ်ပလစ်ရောဂါ) ဖြစ်ပွားနေသူပေါင်း (၁၁၀၀၀) ကျော် ရှိနေသည်ဟုလည်း စောအဘွယ်က ပြောသည်။

ပတ္ထနာရပ်သည် နယ်စပ်ဒေသရှိ ရွေ့ပြောင်းအလုပ်သမားများကို HIV/AIDS နှင့် ကာလသားရောဂါ ခံစားနေရသူများကို ကူညီစောင့်ရှောက်ပေးနေသည့်အပြင် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ရိုးရာဓလေ့များကို ကာကွယ်စောင့်ရှောက်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို လုပ်ဆောင်နိုင်ရန်အတွက် Phamit 2 ပရိုဂရမ်နှင့် အခြားသောအစိုးရမဟုတ်သည့်အဖွဲ့ဝင်များနှင့် ပူးပေါင်းလုပ်ဆောင်သော အဖွဲ့ဖြစ်သည်။

0 comments:

Post a Comment